ဆီးရီးယား အစ္စရေးအပြန်အလှန် ပစ်ခတ်

ဆီးရီးယားနိုင်ငံကနေ အစ္စရေး အခြေစိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ကို ဗုဒ္ဓဟူးနေ့ညက ဒုံးကျည် အစင်း ၂ဝ လောက် ပစ်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

တချို့ ဒုံးကျည်တွေကို ကြားဖြတ် ဖျက်ချနိုင်ခဲ့ပြီး အသေအပျောက်မရှိဘူးလို့လည်း ဆိုပါတယ်။

ဒီပစ်ခတ်မှုအပေါ် ဆီးရီးယားမှာ ရှိနေတဲ့ အီရန် တော်လှန်ရေး တပ်ဖွဲ့ကို အစ္စရေးက ပြစ်တင် လိုက်ပါတယ်။

ပြီးခဲ့တဲ့ လတွေက ဆီးရီးယားမှာရှိတဲ့ အီရန် စစ်တပ်တွေအခြေစိုက်ရာနေရာတချို့ကို အစ္စရေးက ဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အစ္စရေးဘက်ကလည်း ဆီးရီးယားထဲက အီရန် အခြေခံ အဆောက်အအုံ အားလုံးနီးပါးကို ညတွင်းချင်း လက်တုံ့ပြန် တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး ကာကွယ်ရေး ၀န်ကြီး လီဘာမန်းက ဆိုပါတယ်။

ဒီထဲမှာ လက်နက်တိုက်တွေ၊ မစ်ဆိုင်း ဒုံးပစ်စင်တွေနဲ့ ထောက်လှမ်းရေး အဆောက်အအုံတွေ ပါပါတယ်။

ဒီတိုက်ခိုက်မှုတွေ အတွင်း အနည်းဆုံး ၂၃ ယောက် သေဆုံးတယ်လို့ ဆီးရီးယား အတိုက်အခံတွေဘက်က ဆိုပါတယ်။

ကျုပ်တို့ဘက်မှာ မိုးရွာရင် ခင်ဗျားတို့ဆီမှာ ရေကြီးမယ်လို့ အစ္စရေး ကာကွယ်ရေး ၀န်ကြီး လီဘာမန်းက အီရန် ခေါင်းဆောင်တွေကို ပြောကြားပါတယ်။

အစ္စရေးက အနည်းဆုံး လေယာဉ် ၂၈ စင်းနဲ့ တိုက်ခိုက်ခဲ့ပြီး ဒုံးကျည် အစင်း ၇ဝ လောက် ပစ်ခတ်ခဲ့တယ်လို့ ရုရှားက ကြေညာပါတယ်။

ဗြိတိန်၊ ရုရှား၊ ဂျာမနီနဲ့ ပြင်သစ်တို့က ဆီးရီးယားနဲ့ အစ္စရေး နှစ်ဘက် စစ်ရှိန် လျှော့ကြဖို့ တောင်းဆိုထားပါတယ်။