ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စီအိုင်အေ ညွှန်မှူး မြောက်ကိုရီးယားသွား
အမေရိကန် စီအိုင်အေ ထောက်လှမ်းရေး အကြီးအကဲ မိုက် ပွန်ပီယို မြောက်ကိုရီးယားနိုင်ငံကို တိတ်တဆိတ်သွားပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တွေ့ခဲ့တယ် ဆိုတာကို သမ္မတ ထရမ့်က အတည်ပြု ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က သူတို့ နှစ်ဦး တွေ့ဆုံမှုဟာ အဆင်ပြေပြီး ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ထောင်နိုင်ခဲ့တယ်လို့ သမ္မတ ထရမ့်က သူ့ရဲ့ တွစ်တာမှာ ဖော်ပြထားပါတယ်။
ဒါဟာ ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်း အဆင့်မြင့် အမေရိကန် အရာရှိ တယောက် မြောက်ကိုရီးယားကို သွားတာ ဖြစ်ပါတယ်။
အခုအခါ သူကိုယ်တိုင်နဲ့ ကင်ဂျုံအွန်းတို့ တွေ့ဆုံဖို့ အသေးစိတ် အချက်အလက်တွေ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။
ခေါင်းဆောင် နှစ်ဦး တွေ့ဆုံမှုဟာ ဇွန်လ အစပိုင်းလောက်မှာ ဖြစ်ဖွယ် ရှိပါတယ်။
ဒါ့အပြင် တရုတ်သမ္မတ ရှီကျင်းပင်ဟာလည်း ကင်ဂျုံအွန်းကို တွေ့ဖို့ ပြုံယမ်းကို သွားမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါပေမယ့် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီးကတော့ ဒီထင်ကြေးပေးပြောဆိုမှုတွေနဲ့ ပတ်သက်လို့ သူဘာသတင်းမှ မရသေးဘူးလို့ ပြောပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း ဘေဂျင်းမြို့ကို သွားအပြီး သီတင်းပတ် အနည်းငယ်အကြာမှာ အခုလို သတင်းတွေ ထွက်ပေါ်လာတာပါ။
မြောက်ကိုရီးယားရဲ့ အိမ်နီးချင်းလည်း ဖြစ် အဓိက မဟာမိတ် နိုင်ငံလည်း ဖြစ်တဲ့ တရုတ်ဟာ မြောက်ကိုရီးယားနဲ့ ဆိုင်တဲ့ သံတမန်ရေး ဖြစ်ထွန်းမှုတွေမှာ ပါဝင်ပတ်သက်ဖို့ စိတ်အားထက်သန်နေပါတယ်။
လာမယ့် သီတင်းပတ်ကျရင် ကင်ဂျုံအွန်းဟာ တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံအကြား ၁ဝ နှစ်ကျော်ကြာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။
နှစ်ဘက်စလုံးက ဒီ ထိပ်သီးတွေ့ဆုံပွဲ တိုက်ရိုက် လွှင့်ဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားနဲ့ အဆင့်မြင့် တွေ့ဆုံညှိနှိုင်းတာတွေ ရှိတယ်လို့လည်း မစ္စတာ ထရမ့်က ဂျပန် ဝန်ကြီးချုပ် အာဘေးနဲ့ ဖလော်ရီဒါမှာ တွေ့နေတုန်း ပြောကြား လိုက်ပါတယ်။
တောင်နဲ့ မြောက် နှစ်ပြည်ထောင်ကြား ငြိမ်းချမ်းရေး စာချုပ် တရားဝင် ချုပ်နိုင်ဖို့လည်း သူက တိုက်တွန်းကြောင်း ထရမ့်က ဆိုပါတယ်။
၁၉၅၃ ကိုရီးယား စစ်ပြီးနောက်ပိုင်း ခုချိန်ထိ တရားဝင် စစ်ပြေငြိမ်းရေး မရသေးတာ ဖြစ်ပါတယ်။
တောင်ကိုရီးယား ဘက်ကလည်း ပဋိပက္ခ တရားဝင် ဖြေရှင်းရေးရဖို့ ကြိုးပမ်းမယ်လို့ အချက်ပြပါတယ်။
မစ္စတာ ပွန်ပီယို မြောက်ကိုရီးယား သွားပြီး ကင်ဂျုံအွန်းနဲ့တွေ့တာကို ဝါရှင်တန် ပို့စ် သတင်းစာက စတင် ဖော်ပြခဲ့ပါတယ်။
သူ့ကို မစ္စတာ ထရမ့်က ရက်စ် တီလာဆန်ရဲ့ နိုင်ငံခြားရေး ဝန်ကြီး နေရာ အစားထိုးဖို့ နာမည် စာရင်းသွင်းပြီးနောက်မှာ ဒီလို မြောက်ကိုရီးယားကို သွားခဲ့တာလို့ ခရီးအကြောင်း သိတဲ့ သတင်းရင်းမြစ် နှစ်ခုက ဝါရှင်တန် ပို့စ်ကို ပြောပါတယ်။