ဒုံးကျည်တွေကို ပြန်ပစ်ချနိုင်ခဲ့တယ်လို့ ဆီးရီးယား ပြော

ဆီးရီးယားမှာ သံသယဖြစ်ဖွယ် ဓါတုလက်နက်နဲ့ တိုက်ခိုက်ခံရတဲ့ နေရာကို လာမယ့် ဗုဒ္ဓဟူးနေ့မှာ နိုင်ငံတကာ ကျွမ်းကျင်သူတွေ ကို ၀င်ကြည့်ခွင့်ပေးမယ်လို့ ရုရှားက ပြောပါတယ်။

ရုရှားနဲ့ ဆီးရီးယား တို့ဟာ အမှန်ကို ဖုံးကွယ်ဖို့ ကြိုးစားနေပြီး ဆီးရီးယား အစိုးရတပ်တွေ တိုက်ခိုက်တာခံခဲ့ရတဲ့ ဒူမာက တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စုံစမ်းရေးမှူးတွေ အချက်အလက် ရှာမရအောင် ဟန့်တားဖို့ လုပ်နေတယ်လို့ ဗြိတိန်နဲ့ အမေရိကန် တို့က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ဆီးရီးယား အာဏာပိုင်တွေဟာ လုံခြုံရေး အကြောင်းပြပြီး နိုင်ငံတကာ ဓါတုလက်နက် စောင့်ကြည့်ရေး အဖွဲ့ကို ပေးမ၀င်ဘဲ ထားခဲ့တာ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

အဲဒီနေရာက အထောက်အထားတွေကို လှည့်ဖျားဖို့ လုပ်နေတယ်လို့ ဆိုတဲ့ အမေရိကန် ရဲ့ စွပ်စွဲချက်တွေကို ရုရှားက ပယ်ချလိုက်ကာ ဓါတုလက်နက်နဲ့ တိုက်ခိုက်မှု မရှိဘူးလို့ ရုရှားက ပြောပါတယ်။

ဆီးရီးယား နိုင်ငံ ဟုမ်းစ်မြို့ ရှိရာ ပြည်နယ်မှာ ဒုံးကျည်တွေကို လေယာဉ်ပစ် သေနတ်တွေနဲ့ ပစ်ချခဲ့တယ်လို့ အစိုးရ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဟုမ်းစ်မြို့နားက Shayrat လေတပ် အခြေစိုက် စခန်းကို ကျလာတဲ့ ဒုံးကျည်တွေကို သူတို့ရဲ့ လေကြောင်း ကာကွယ်ရေး စနစ်က တုန့်ပြန် တိုက်ခိုက်နိုင်ခဲ့တယ်လို့ အစိုးရ ရုပ်မြင်သံကြား သတင်းမှာ ဖော်ပြထားပါတယ်။

ဒမားစကပ် မြို့နားက Dumair လေတပ်စခန်းကို ပစ်ခတ်တဲ့ ဒုံးကျည်တွေကိုလည်း ပစ်ချနိုင်ခဲ့တယ် ဆိုတဲ့ အတည်ပြုလို့ မရတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒီ ဒုံးကျည်တွေက ဘယ်ကလာတဲ့ ဒုံးကျည်လဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ဖော်ပြမထားဘဲ အမေရိကန် စစ်တပ်ကတော့ အဲဒီ ဒေသ တဝိုက်မှာ သူတို့ရဲ့ စစ်ရေး လုပ်ဆောင်ချက် ဘာမှ မရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် တုန်းကတော့ ဆီးရီးယားရဲ့ တီဖိုး လေတပ်စခန်းကို အစ္စရေးက တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ် ခဲ့ဖူးပေမယ့် အစ္စရေးဖက်က ဘာမှ တုန့်ပြန် ပြောကြားမှု မရှိခဲ့ပါဘူး။

တခါ ဆီးရီးယား သမ္မတ ဘတ်ရှားအယ်အာဆက်ဒ်ကို ချီးမြှင့်ထားတဲ့ Legion d'Honneur ဆုကို ပြန်ရုပ်သိမ်းဖို့ အစီအစဉ်တွေ စတင်လုပ်နေပြီလို့ ပြင်သစ် အစိုးရက ပြောပါတယ်။

၂၀၀၁ ခုနှစ်တုန်းက သမ္မတ ရှက်ခ် ရှီရက်ခ် လက်ထက်မှာ မစ္စတာ အာဆက်ဒ်ကို ဒီဆု ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ အာဆက်ဒ်ဟာ ၂၀၀၁ ခုနှစ်တုန်းက ပြိုင်ဖက်မရှိတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံခဲ့တာ ဖြစ်ပါတယ်။

အခု ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်း လက်ထက်မှာတော့ မစ္စတာ အာဆက်ဒ်ကို သူနိုင်ငံက ပြည်တွင်းစစ် အတွင်းကျူးလွန်ခဲ့တဲ့ ရာဇဝတ်သား လို့သတ်မှတ် ခေါ်ဝေါ်ခဲ့ပါတယ်။

အမေရိကန် စက်ဘီးချန်ပီယံLance Armstrong ၊ ရုပ်ရှင်ထုတ်လုပ်သူ Harvey Weinstein နဲ့ ပြင်သစ်က နာဇီ စည်းရုံးရေးသမား Maurice Papon တို့လည်း ဒီဆုပြန်ရုပ်သိမ်းခံရတဲ့ အထဲ ပါဝင်ပါတယ်။