ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တောင်ကိုရီးယားသမ္မတဟောင်း ခြစားမှုနဲ့ ထောင်၂၄ နှစ်ကျ
တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွန်ဟေးကို အာဏာအလွဲသုံးတာ ထင်ရှားတဲ့အတွက် ထောင်ဒဏ် ၂၄ နှစ် ပြစ်ဒဏ်ကျခံဖို့ အမိန့်ချလိုက်ပါတယ်။
တိုင်းပြည်ကို လှုပ်ခတ်သွားအောင် လုပ်ခဲ့တဲ့ အကျိုး ရလဒ်ကို မြင်သာစေဖို့အတွက် အမိန့်ချတာကို ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ရေပေါ်ဆီ နိုင်ငံရေးသမားနဲ့ စီးပွားရေးသမားတွေကိုလည်း လူထုက မုန်းတီး ဒေါသထွက်ခဲ့ရပါတယ်။
မစ္စပတ် ရဲ့ အကျင့်ပျက်ခြစားမှုတွေ အားလုံးအတွက် ဒဏ်ကြေးငွေအနေနဲ့ ဝမ် ၁၈ ဘီလီယံ (ယူရို ၁၂သန်း) ကို ပေးဆောင်ဖို့လည်း ဒဏ်တပ်ခံခဲ့ရပါတယ်။
သမ္မတဟောင်းဟာ တရားရုံးဆုံးဖြတ်ချက်ကို လာရောက်ကြားနာခဲ့ခြင်း မရှိပါဘူး။
ပြီးခဲ့တဲ့ရုံးချိန်းကသူ့အပေါ် စွပ်စွဲချက်တွေကို တရားရုံးမှာ လာရောက်ရင်ဆိုင်စဉ် ဆန့်ကျင်သူတွေ လာရောက်ခဲ့တဲ့အတွက် သူက တရားရုံးကြားနာမှုကို သပိတ်မှောက်ခဲ့တာ ဖြစ်ပါတယ်။
မစ္စပတ်က သူ့အပေါ် စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားပါတယ်။
အာဏာပိုင်တွေဟာ အရင်က မလုပ်ခဲ့ဖူးပေမယ့် ထူးခြားဖြစ်စဉ်အနေနဲ့ အများပြည်သူ စိတ်ဝင်စားနေတဲ့ အမှုတခုဖြစ်တာ ကြောင့် ဒီသောကြာနေ့ စီရင်ချက်ကို ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်ဖို့ အတွက် ဆုံးဖြတ်ခဲ့ တာဖြစ်ပါတယ်။
ပတ်ဂွန်ဟေးဟာ လာဘ်ပေး လာဘ်ယူမှု၊ အာဏာအလွဲသုံးစားလုပ်ပြီး နိုင်ထက် စီးနင်းလုပ်ဆောင်မှုတွေ အပါအဝင် စွဲချက် ၁၈ ခု ရင်ဆိုင်ခဲ့ရပါတယ်။
တောင်ကိုရီးယားက နိုင်ငံရေး ခေါင်းဆောင်တွေ၊ နဲ့ စီးပွားရေး လုပ်ငန်း ကုမ္ပဏီကြီး တချို့တို့ရဲ့ အကျင့်ပျက် ခြစားမှုတွေမှာ ပါဝင်ပတ်သက်မှုနဲ့ ပတ်ဂွန်ဟေး အဖမ်း ခံခဲ့ရပါတယ်။
တရားလို ရှေ့နေတွေဘက်ကတော့ ထောင်ဒဏ် နှစ် ၃၀ အထိ ချမှတ်စေလိုကြပါတယ်။
သမ္မတဟောင်း ပတ်ဂွန်ဟေး ဟာ တောင်ကိုရီးယားက စစ်ခေါင်းဆောင်ဟောင်းရဲ့ သမီးဖြစ်ပါတယ်။ သူဟာ ၂၀၁၂ ခုနှစ်က သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသူ ဖြစ်ပြီး တောင်ကိုရီးယားရဲ့ ပထမဆုံး အမျိုးသမီး သမ္မတဖြစ် သလို နိုင်ငံအကြီးအကဲ အဖြစ်က ဖယ်ရှား ခံခဲ့ရတဲ့ ပထမဆုံးသူ လည်း ဖြစ်ပါတယ်။
အဂတိလိုက်စားမှု အရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး ပတ်ဂွန်ဟေး ရာထူးက ဆင်းပေးဖို့ လနဲ့ချီကြာတဲ့ တောင်းဆို ဆန္ဒပြမှုတွေ၊ ကြားနာမှုတွေ အပြီး ၂၀၁၇ ခုနှစ် မတ်လက သူ့ကို ရာထူးက ဖယ်ရှားခဲ့ပါတယ်။
အဲဒီနောက် မကြာခင်မှာ ဖမ်းဆီးခံခဲ့ရပြီး အခုချိန်အထိ ဆက်လက် ထိန်းသိမ်းခံထားရပါတယ်။
ဇာတ်သိမ်းမလှဖြစ်ခဲ့ကြ
အာဏာအလွဲသုံးမှုတွေ အဂတိ လိုက်စားမှု စွဲချက်တွေနဲ့ ဇာတ်သိမ်းမလှဖြစ်ခဲ့ကြတဲ့ တောင်ကိုရီးယား သမ္မတက ပတ်ဂွန်ဟေး တယောက်တည်း မဟုတ်ပါဘူး။
သူ့ မတိုင်ခင် သမ္မတဖြစ်ခဲ့သူ လီမြောင်ဘက် ကတော့ သမ္မတ ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးမှုတွေမှာ ပုံမှန် မဟုတ်တဲ့ ဆောင်ရွက်မှုတွေ ရှိခဲ့တယ်ဆိုပြီး စွပ်စွဲ ခံခဲ့ရပါတယ်။
အဲဒီအချိန်က ကုမ္ပဏီတွေ အတော်များများ ပါဝင်ပတ်သက်နေတဲ့ စတော့ရှယ်ယာစျေးကွက် စျေးကစားမှု နောက်ကွယ်မှာ လီမြောင်ဘက် ပါဝင် ပတ်သက်တယ်လို့ စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။ အဲဒီ ကိစ္စ အထူး စုံစမ်းရေး အဖွဲ့က စစ်ဆေးခဲ့ပြီး စွဲချက်တွေကနေ ကင်းလွတ်ခဲ့ပေမယ့် အခု လက်ရှိ သမ္မတ မွန်းဂျေအင်း လက်ထက်မှာ အဲဒီ ကိစ္စ ပြန်ပေါ်လာပြီး စုံစမ်း စစ်ဆေး နေပါတယ်။
သူ့အရင် တောင်ကိုရီးယားရဲ့ ၁၆ ယောက်မြောက် သမ္မတ ဖြစ်တဲ့ နိုမူဟွန်း ရဲ့ ကြမ္မာဆိုးကတော့ သူ့မိသားစုတွေ မိတ်ဆွေတွေကိုပါ ဂယက်ရိုက်ခဲ့ရုံမက တောင်ကိုရီးယား နိုင်ငံရေး အခင်းအကျင်းကိုပါ ပြောင်းလဲ သွားစေခဲ့ပါတယ်။
သူအနားယူပြီး တနှစ်အကြာမှာ ပြည်တွင်း ကုမ္ပဏီကနေ လာဘ်ယူခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ဆင့်ခေါ် ခံခဲ့ရပါတယ်။ နောက်ပိုင်း အစိုးရ ရှေ့နေတွေက သူ့ကို ဖမ်းဆီးဖို့ ကြိုးစားတာတွေ၊ မီဒီယာက စိတ်ဝင်စားတာတွေ များလာ ပြီးနောက် စိတ်ဖိစီးမှု တွေကြောင့် ၂၀၀၉ ခုနှစ်က နိုမူဟွန်း ဟာ သူ့နေအိမ်မှာပဲ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့ပါတယ်။
နိုမူဟွန်း ရဲ့ ဝမ်းနည်းဖွယ်ရာ ဘဝ နိဂုံး ချုပ်သွားခဲ့မှုကြောင့် သူသမ္မတ လက်ထက် သမ္မတရုံး အတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ မွန်းဂျေအင်း က နိုင်ငံရေး လောကထဲ ပြန်ဝင်လာခဲ့တာ ဖြစ်ပါတယ်။
သူ့အရင် သမ္မတတွေဖြစ်ကြတဲ့ ကင်ဒေးဂျုံ နဲ့ ကင်ယောင်ဆမ်း တို့ဟာလည်း အာဏာအလွဲသုံးမှုတွေ၊ အဂတိ လိုက်စားမှုတွေမှာ ပါဝင် ပတ်သက်ခဲ့ကြတယ်လို့ စွပ်စွဲခံကြရသူတွေ ဖြစ်ပါတယ်။
စစ်သား တဖြစ်လဲ နိုင်ငံရေးသမားတွေ ဖြစ်လာတဲ့ နိုတေဝူး နဲ့ ချန်ဒူး၀မ် တို့ကတော့ တောင်ကိုရီးယားမှာ ဖမ်းဆီးခံခဲ့ရတဲ့ ပထမဆုံး သမ္မတ နှစ်ယောက် ဖြစ်ပါတယ်။