ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အပြာမော်ဒယ်က ထရန့်ကို တရားစွဲ
အပြာမော်ဒယ် သရုပ်ဆောင်တဦးဖြစ်တဲ့ စတောမ်မီ ဒင်နီယယ်ဟာ သမ္မတ ဒေါ်နယ်ထရမ့်ကို တရားစွဲဆိုလိုက်ပါတယ်။
ဒေါ်နယ်ထရန့်နဲ့ ဆက်ဆံရေးရှိခဲ့တယ်ဆိုတဲ့ သူမဟာ ဒေါ်နယ်ထရမ့်နဲ့ သူတို့အတွင်းရေးကိစ္စ ထုတ်မပြောဖို့ သဘောတူစာချုပ်ခဲ့ပြီး အဲဒီစာချုပ်ဟာ တရားမဝင်ဘူးလို့ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့တဲ့အတွက် တရားစွဲဆိုတာလို့ ဒင်နီယယ်ဘက်က ပြောပါတယ်။
အဲဒီသဘောတူညီချက်ဟာ ၂၀၁၆ ခုနစ် ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ရပ်သွားခဲ့ပြီလို့ စတောမ်မီက ပြောပြီး ဒေါ်နယ်ထရမ့်အနေနဲ့ ပါဝင်လက်မှတ်ထိုးထားခဲ့တာ မရှိဘူးလို့လည်း ပြောပါတယ်။
မစ္စတာ ထရမ့်ရဲ့ ရှေ့နေ မိုက်ကယ် ကိုဟန်ဟာ စတောမ်မီကို ဒေါ်လာ ၁ သိန်း ၃ သောင်း လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ပြီးခဲ့တဲ့လက ဝန်ခံထားခဲ့တာပါ။
၂၀၁၁ ခုနစ်တုန်းက Intouch မဂ္ဂဇင်းနဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးမှာ သရုပ်ဆောင်ဖြစ်သူ စတောမ်မီဒင်နီယယ်က သူမနဲ့ ထရမ့်အကြားမှာ လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှု ရှိနေခဲ့ပြီလို့ ပြောကြားခဲ့ဖူးပါတယ်။ အဲဒီအင်တာဗျူးလုပ်ပြီး မကြာခင်မှာပဲ ထရမ့်ရဲ့ ဇနီးဖြစ်သူဟာ သူတို့ရဲ့သားဖြစ်သူ ဗာရွန်ကို မွေးဖွားခဲ့ပါတယ်။
အဲဒီသတင်းဟာ ၂၀၁၆ ခုနစ် ရွေးကောက်ပွဲကာလမှာ မီဒီယာတွေထက်မှာ ပြန်ပါလာခဲ့ပြီး ဝေါစရိဂျာနယ်ရဲ့ သတင်းတပုဒ်မှာဆိုရင် သူမဟာ ကိုယ်ရေးကိုယ်တာဆိုင်ရာ လူသိမခံတဲ့ သဘောတူညီချက်အတွက် ငွေကြေးပေးကမ်းမှုကို ရရှိခဲ့တယ်လို့ ဖော်ပြခဲ့ပြီး အဲဒီပေးချေမှုဟာ သူတို့ရဲ့ ဆက်ဆံရေးအတွက် ကြိုတင်ကာကွယ်မှုဖြစ်ခဲ့ပါတယ်။
မစ္စတာကိုဟန်ကတော့ သမ္မတ အနေနဲ့ အဲဒီ ရုပ်သံစတားနဲ့ ဘယ်လိုချစ်ကြိုးသွယ်မှုမျိုးမှ မရှိခဲ့ဘူးလို့ ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့ပါတယ်။