ကမ္ဘောဒီးယားမှာ ဘုရင်ကို စော်ကားရင် ထောင်ချမယ်

cambodia

ဓာတ်ပုံ ရင်းမြစ်, TANG CHHIN SOTHY

ဓာတ်ပုံ ပုံစာ, ဖနောင်းပင် မြို့က နန်းတော်

ကမ္ဘောဒီးယားနိုင်ငံမှာ ဘုရင်ကို နာမည်ဖျက်တာ၊ စော်ကား ပြောဆိုတာလုပ်ရင် ရာဇဝတ်မှု မြောက်နိုင်မယ့် အခြေခံ ဥပဒေ ပြင်ဆင်မှုကို အစိုးရအဖွဲ့က အတည်ပြု ပြဋ္ဌာန်းလိုက်ပါတယ်။

ဒီဥပဒေ ချိုးဖောက်သူတွေ အနေနဲ့ ထောင်ဒဏ် အနည်းဆုံး တနှစ်ကနေ ငါးနှစ်အတွင်း ကျခံရနိုင်ပြီး ဒေါ်လာ ၂၅ဝဝ နဲ့ညီတဲ့ ဒဏ်ငွေလည်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ဒီဥပဒေကို အစိုးရ ဆန့်ကျင်သူတွေကို ဖိနှိပ်ရာမှာ အသုံးချနိုင်ကြောင်း လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ထားပါတယ်။

cambodia

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင်

ကမ္ဘောဒီးယား ဘုရင် သီဟမုနိ ဟာ လူအများ လေးစားခံရပေမယ့် ဝန်ကြီးချုပ် ဟွန်ဆင်ရဲ့ လွှမ်းမိုးမှုတွေကြောင့် အာဏာ သိသိသာသာ ကျဆင်းနေတာလည်း ဖြစ်ပါတယ်။

သူ့ကို နိုင်ငံသားတွေကြားမှာ လေးစားမှု ရှိနေပြီး နိုင်ငံရေးမှာ ဝင်မစွက်သူလို့ မြင်ကြပါတယ်။

၂ဝဝ၄ ခုနှစ်ကတည်းက နန်းတက်လာပြီး သူ့ဖခင် ဘုရင် သီဟာနုကတော့ ဝန်ကြီးချုပ်နဲ့ မကြာခဏ စကားများလေ့ ရှိခဲ့ပါတယ်။

ထိုင်းမှာ ဘုရင်ကို အသရေဖျက်မှုနဲ့ နှစ်ရှည် ထောင်ချတာတွေ ရှိပေမယ့် ကမ္ဘောဒီးယားမှာတော့ ဘုရင်ကို ဝေဖန်တာတွေ ရှိခဲ့ပါတယ်။

cambodia

ဓာတ်ပုံ ရင်းမြစ်, MAK REMISSA

ဓာတ်ပုံ ပုံစာ, မဲဆွယ်နေတဲ့ ဝန်ကြီးချုပ်

ဝန်ကြီးချုပ် ဟွန်ဆင် နိုင်ငံကို အုပ်ချုပ်လာတာ ကတော့ အနှစ် ၃ဝ ကျော်နေပါပြီ။

ဇူလိုင်လမှာ လုပ်မယ့် ရွေးကောက်ပွဲ မတိုင်ခင် အတိုက်အခံတွေကို ဖိနှိပ်ပြီး အာဏာဆက်ယူဖို့ သူပြင်နေတယ်လို့ ယူဆ နေကြပါတယ်။

ပြည်ပကနေ စွက်ဖက်မှုတွေကို ပိတ်ပင်ဖို့ အတွက် အခြေခံ ဥပဒေ ပုဒ်မတချို့ကို ပြုပြင်ခဲ့တယ်လို့လည်း ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန်ပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း အာဏာသိမ်း စစ်အစိုးရက ဘုရင်ကို စော်ကားသူတွေကို ပြစ်ဒဏ်ခတ်တဲ့ ဥပဒေကို တင်းတင်းကျပ်ကျပ် အသုံးပြုနေပါတယ်။