
သီဟာနု ရုပ်ကလာပ် ဖနွမ်းပင် လေဆိပ်ကို အရောက်
တရုတ်နိုင်ငံမှာ အောက်တိုဘာလ ၁၅ ရက်နေ့က ကွယ်လွန်သွားတဲ့ ကမ္ဘောဒီးယား ဘုရင်ဟောင်း နိုရိုဒွန်သီဟာနုရဲ့ ရုပ်အလောင်းကို ကမ္ဘောဒီးယားနိုင်ငံကို အောက်တိုဘာလ ၁၇ ရက်နေ့က ပြန်သယ်လာခဲ့ပါတယ်။
ရွှေရောင် ဝေါယာဉ်ပေါ်မှာ တင်လာတဲ့ ရုပ်အလောင်းကို သူ့ရဲ့ ကျန်ရစ်သူ ဇနီး ဘုရင်မ မိုနစ်၊ သားဖြစ်သူ လက်ရှိ ဘုရင် သီဟာမုနိနဲ့ ဝန်ကြီးချုပ် ဟွန်ဆန်တို့ လိုက်ပါပြီး မြို့တော် ဖနွမ်းပင်ရဲ့ လမ်းတွေတလျှောက် သယ်လာခဲ့ရာမှာ လမ်းဘေးဝဲယာက လူ သိန်းချီပြီး စောင့်ကြို ဂါရဝပြုခဲ့ပါတယ်။
လူတွေဟာ ဝမ်းနည်းတဲ့ အထိမ်းအမှတ် အဖြူရောင် ဝတ်စုံတွေမှာ အနက်ရောင် ဖဲပြားတွေကို တပ်ဆင်ထားပြီး လမ်းတွေပေါ် ထွက်လာခဲ့ကြပါတယ်။
သူ့ရုပ်ကလာပ်ကို နိုင်ငံတော် အခမ်းအနားနဲ့ နန်းတော်မှာ သုံးလကြာ ထားရှိပြီးမှ စျာပနအခမ်းအနားကို ကြီးကြီးကျယ်ကျယ် ကျင်းပမှာ ဖြစ်ပါတယ်။ ဒီ ဝမ်းနည်းခြင်း အထိမ်းအမှတ်ကာလ အတွင်းမှာ နိုင်ငံအတွင်းက ရေဒီယိုတွေနဲ့ ရုပ်မြင်သံကြားတွေမှာ မသင့်တော်တဲ့ အစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်တာတွေ မလုပ်ဖို့လည်း အစိုးရက ညွှန်ကြားထားပါတယ်။
ဘုရင်သီဟာနုဟာ ကွယ်လွန်ချိန်မှာ အသက် ၈၃ နှစ်ရှိပြီ ဖြစ်ပြီး သူ့ရဲ့ နောက်ဆုံးနှစ်တွေမှာ တရုတ်နိုင်ငံမှာ နေထိုင်သွားခဲ့တာ ဖြစ်ပါတယ်။
ဘုရင် သီဟာနုဟာ ၁၉၅၃ ခုနှစ်မှာ ပြင်သစ်ဆီက ကမ္ဘောဒီးယား လွတ်လပ်ရေး အရယူပေးခဲ့ပြီး နောက်ပိုင်း နိုင်ငံ စစ်ပွဲတွေ ကြုံခဲ့၊ ခမာနီတွေက လူသန်းချီ သတ်ခဲ့တဲ့ နှစ်ပိုင်းတွေမှာလည်း အဓိက နိုင်ငံရေး ခေါင်းဆောင် တယောက် ဖြစ်ခဲ့ပါတယ်။
သူဟာ ၂၀၀၄ ခုနှစ်မှာ နန်းစွန့်ခဲ့ပြီး သားတော်ကို ဘုရင်အရိုက်အရာကို လွှဲပေးခဲ့တာ ဖြစ်ပါတယ်။












