မြောက် နဲ့ ဆွေးနွေးဖို့ တောင်ကိုရီးယား အဆိုပြု

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း က ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ အတွက် တောင်ကိုရီးယားနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ ပြောခဲ့အပြီး တရက်အကြာမှာပဲ မြောက်ကိုရီးယားနဲ့ ထိပ်တန်း အဆင့် ဆွေးနွေးဖို့ တောင်ကိုရီးယားက အဆိုပြုလိုက်ပါတယ်။
လာမယ့် ဖေဖော်ဝါရီလ၊ တောင်ကိုရီးယားမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲကို မြောက်ကိုရီးယား အားကစား အဖွဲ့ စေလွှတ် ကောင်း စေလွှတ်နိုင်တယ်လို့ ကင်ဂျုံအွန်း က ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ် ကူး မိန့်ခွန်း မှာ ထည့်သွင်း ပြောကြား ခဲ့ပါတယ်။
တောင်မြောက် ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဆိုင်ရာ တောင်ကိုရီးယားဝန်ကြီး ချို မြောင် ဂီယွန်က အခုသီတင်းတပတ်အတွင်း နယ်စပ်မှာ တွေ့ဆုံ ဆွေးနွေးပွဲတခု လုပ်ဖို့ သတင်းစာ ရှင်းလင်းပွဲမှာ အဆိုပြုခဲ့ပါတယ်။
တောင်ကိုရီးယားမှာ လာမယ့်လ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲမှာ မြောက်ကိုရီးယား ကိုယ်စားလှယ်တဦး လာရောက်ရေးကို အဓိကထား ဆွေးနွေးဖို့ ရှိတယ်လို့ သူက ပြောပါတယ်။
၂၀၁၅ခုနှစ်တုန်းက တောင်နဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်တွေ နောက်ဆုံး တွေ့ဆုံခဲ့ကြတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲ အတွက် မြောက်ကိုရီးယား က စကိတ်စီး အားကစား သမား ၂ ဉီး ယှဉ်ပြိုင်ခွင့် ရရှိထားတာ ပါ။ ဒါပေမယ့် ပြိုင်ပွဲ ဝင်ပြိုင်မလား ဆိုတဲ့ ကျင်းပရေး ကော်မတီ ကို အကြောင်းကြားရမယ့် ရက်ကလည်း ကျော်လွန် သွားခဲ့ပြီ ဖြစ်ပါတယ်။
အိုလံပစ် ကော်မတီရဲ့ အထူး ဖိတ်ကြားချက်နဲ့ အဲဒီ မြောက်ကိုရီးယား စကိတ်စီး အားကစားသမားတွေ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရှိတယ်လို့ အားကစား ကော်မတီဝင်တွေက ပြောဆိုနေပါတယ်။
ဒီရက်ပိုင်းအတွင်းမှာ တောင်ကိုရီးယား ငွေကြေး ဝမ်ဟာ အမေရိကန် ဒေါ်လာနဲ့ ယှဉ်ရင် ၃နှစ်တာ ကာလအတွင်း အမြင့်ဆုံး ထိုးတက် သွားခဲ့သလို စတော့ ရှယ်ယာ စျေးကွက်မှာလည်း ရှယ်ယာစျေးတွေ ထိုးတက်သွားခဲ့ပါတယ်။








