မြောက်ကိုရီးယား ဒုံးကျည်တွေ ထပ်လွှတ်ဖို့ရှိ

ဆိုးလ်မြို့တော်ရဲ့ အနောက်မြောက်ဘက် မိုင် ၄၀ အကွာရှိ ဖူချန်မှာ ပြုလုပ်တဲ့ လက်နက် အစစ်တွေနဲ့ သရုပ်ပြ စစ်ရေးလေ့ကျင့်မှုကို တောင်ကိုရီးယားနဲ့ အမေရိကန် တပ်သားတွေ ကြည့်ရှုနေတဲ့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဆိုးလ်မြို့တော်ရဲ့ အနောက်မြောက်ဘက် မိုင် ၄၀ အကွာရှိ ဖူချန်မှာ ပြုလုပ်တဲ့ လက်နက် အစစ်တွေနဲ့ သရုပ်ပြ စစ်ရေးလေ့ကျင့်မှုကို တောင်ကိုရီးယားနဲ့ အမေရိကန် တပ်သားတွေ ကြည့်ရှုနေတဲ့ မြင်ကွင်း

မြောက်ကိုရီးယားဘက်က နောက်ထပ် ဒုံးကျည်တွေပစ်လွှတ်ဖို့ ပြင်ဆင်နေတာတွေကို တွေ့ရှိရတယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရ ချန်ကျောင်းဆူးက တောင်ကိုရီးယား လွှတ်တော်ကို တင်ပြချက်မှာ မြောက်ကိုရီးယားဘက်က ပဲ့ထိန်းဒုံးကျည်စမ်းသပ်တာတွေ နောက်ထပ် ပြုလုပ်လာနိုင်ဖွယ်ရှိပြီး အဲဒီမှာ ကမ္ဘာ့ တိုက်ကြီးတွေကို ကျော်ဖြတ်နိုင်စွမ်းတဲ့ တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးကျည် တစင်းလည်း ပါဝင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားဒုံးတွေ ရောက်ရှိနိုင်တဲ့ အကွာအဝေး ခန့်မှန်းချက်
ဓာတ်ပုံ ပုံစာ, မြောက်ကိုရီးယားဒုံးတွေ ရောက်ရှိနိုင်တဲ့ အကွာအဝေး ခန့်မှန်းချက်

အမေရိကန်ဘက်ကလည်း နျူကလီးယားလက်နက်တပ်ဆင်ထားတဲ့ လေယာဉ်တင် သင်္ဘော တစင်းကို ကိုရီးယားကျွန်းဆွယ် ပင်လယ်ပြင်ဆီ စေလွှတ်ဖို့ ရှိတယ်လို့လည်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပါလီမန်ကို ပြောပါတယ်။

ဒါ့အပြင် ရက်သီတင်းပတ်အကုန်က ပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ဟိုက်ဒရိုဂျင်ဗုံးစမ်းသပ်မှု အပြီးမှာ တောင်ကိုရီးယားက သူတို့ရဲ့ အမေရိကန် လုပ် Terminal High Altitude Area Defence System (Thaad) ဒုံးခွင်းဒုံး ကာကွယ်ရေး စနစ် အခြေစိုက် စခန်းတွေကို တိုးချဲ့ဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဆိုးလ်မြို့တော် တောက်ဘက် ဆွန်းဂျူမြို့မှာ လက်ရှိ တပ်ဆင်ထားပြီး Thaad ဒုံးကျည်ကာကွယ်ရေး ပစ်လွှတ်စင် ၂ ခု အပြင် နောက်ထပ် ၄ ခု ကို ယာယီ တပ်ဆင်ဖို့ရှိတယ်လို့ ပြောပါတယ်။

ဒီ စနစ်က မြောက်ကိုရီးယား ဒုံးကျည်တွေကို လေထဲမှာပဲ တန်ပြန် ဖောက်ခွဲ ဖျက်ဆီး ပစ်နိုင်တဲ့ အစွမ်းရှိပါတယ်။

အမေရိကန်ပိုင် ဟာဝိုင်ယီနဲ့ ဂူအမ်ကျွန်းတွေမှာလည်း တပ်ဆင်ထားတဲ့ အဲဒီ Thaad ဒုံးကျည်ကာကွယ် ရေးစနစ်ကို ဒီနှစ် အစောပိုင်းကတည်းက တောင်ကိုရီးယား မြေမှာ စတင် တပ်ဆင် ထားရှိပြီး ဒါကို ဒေသခံ တောင်ကိုရီးယားတချို့က ဆန့်ကျင်ခဲ့ကြသလို တရုတ်နဲ့ ရုရှ ကလည်း ကန့်ကွက်ခဲ့ကြပါတယ်။

ပစ္စဖိတ်သမုဒ္ဒရာက အမေရိကန်ဒုံးခွင်းဒုံး စနစ် စမ်းသပ်မှု အောင်မြင်လို့ ဇူလိုင်တုန်းက ဆိုထား

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, ပစ္စဖိတ်သမုဒ္ဒရာက အမေရိကန်ဒုံးခွင်းဒုံး စနစ် စမ်းသပ်မှု အောင်မြင်လို့ ဇူလိုင်တုန်းက ဆိုထား

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဒီလထဲ လက်နက်အစစ်တွေသုံးတဲ့ စစ်ရေးပြင်ဆင်လေ့ကျင့်တာတွေ ထပ်လုပ်ဖို့ရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီမှာ အက်ဖ်-၁၅ လေယာဉ်တွေမှာ တပ်ဆင်ထားတဲ့ ဝေဟင်ကနေ မြေပြင်ပစ် ထောရက်စ် အမည်ရှိ ဒုံးကျည်တွေ ပစ်လွှတ်မယ့် အစီအစဉ်လည်း ပါဝင်တယ် ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားစခန်း တခုကို ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့ လက်နက်အစစ်တွေ အသုံးပြုတဲ့ စစ်ရေးလေ့ကျင့်မှု တခုကို တောင်ကိုရီးယားက တနင်္လာနေ့မှာ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှု မှတ်တမ်း
ဓာတ်ပုံ ပုံစာ, မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှု မှတ်တမ်း