ကယ်လီဖိုးနီးယားမှာ အပန်းဖြေဖို့ ဆေးခြောက် တရားဝင် အသုံးပြုခွင့်ရ

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
အမေရိကန်ပြည်ထောင်စုက အကြီးဆုံး ကယ်လီဖိုးနီးယား ပြည်နယ်မှာ အပန်းဖြေဖို့ ဆေးခြောက်ကို တရားဝင် အသုံးပြုဖို့ ခွင့်ပြုလိုက်ပါတယ်။
၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ ကနေ စပြီး အသက် ၂၁ကျော်တဲ့သူတိုင်း ဆေးခြောက် ၂၈ ဂရမ် ပိုင်ဆိုင်ခွင့်ရှိသလို ဆေးခြောက်ပင် ၆ ပင်အထိ နေအိမ်မှာ စိုက်ပျိုးခွင့်ရရှိမှာ ဖြစ်ပါတယ်။
ဆေးခြောက် ဈေးကွက်ဟာ နှစ်အနည်းငယ်အတွင်း ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိလာနိုင် တာကြောင့် စီးပွားရေးသမားတွေက မျက်စိကျနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
ကမ္ဘာ့ဆေးခြောက်ဈေးကွက်ကို လေ့လာဆန်းစစ်နေတဲ့ Arcviewက အလုပ် အမှုဆောင် Troy Daytonက ပထမနဲ့ ဒုတိယနှစ်အတွင်းမှာတော့ ဆေးခြောက် လုပ်ငန်းက အခြေအနေ ကမောက်ကမ ဖြစ်နေမယ်လို့ သုံးသပ်ပါတယ်။ ဆေးခြောက်ဈေးကလည်း မတည်မငြိမ် ဖြစ်နေမယ်လို့ သူက ဆိုပါတယ်။
လော့စ်အိန်ဂျလိစ်နဲ့ ဆန်ဖရန်စစ္စကိုမြို့မှာတော့ အပန်းဖြေဖို့ လက်ရှိချိန်ထိ ဆေးခြောက် ရောင်းတာ ခွင့်မပြုသေးဘူးလို့ ဆိုပါတယ်။
ဒီလိုတရားဝင်ခွင့်ပြုတာကြောင့် လူငယ်တွေ ဆေးခြောက် အသုံးပြုဖို့ မိတ်ဆက်ပေးသလို ဖြစ်နေတယ်လို့ ဆေးခြောက် တရားဝင်အသုံးပြုတာကို ဆန့်ကျင်တဲ့သူတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
ကယ်လီဖိုးနီးယားမှာ နေထိုင်တဲ့သူတွေက ဆေးခြောက်ကို တရားဝင် အသုံးပြုခွင့်ပေးဖို့ လွန်ခဲ့တဲ့ နှစ်ပိုင်းက မဲပေးခဲ့တာဖြစ်ပါတယ်။ ဒီနောက် ဆေးခြောက်ရောင်းချတာကို ထိန်းချုပ်ဖို့ အခွန်နဲ့ ဥပဒေတွေ ရေးဆွဲခဲ့တာပါ။
ဆေးခြောက်ကို အများပြည်သူတွေရှိတဲ့နေရာမှာ အသုံးပြုခွင့် တားမြစ်ထားသလို ကျောင်းနဲ့ ပေ ၁၀၀၀ အကွာမှာသာ ရောင်းချခွင့်ရရှိမှာ ဖြစ်ပါတယ်။
၁၉၉၆ ခုနှစ်တုန်းက ဆေးကုသရာမှာ ဆေးခြောက်ကို တရားဝင် အသုံးပြုခွင့် ရအောင် ကယ်လီဖိုးနီးယား ပြည်နယ်က ခွင့်ပြုခဲ့ပါတယ်။








