ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒုံးကျည်တွေ ပေးနေတယ်လို့ အီရန် စွပ်စွဲခံရ
အီရန်ဟာ ယီမင် နိုင်ငံက ဟူသီ သူပုန်တွေကို ဒုံးကျည်တွေ ထောက်ပံ့ ပေးနေပြီး၊ အဲဒီ ဒုံးကျည်တွေနဲ့ ဆော်ဒီအရေဗျကို တိုက်ခိုက် ခိုင်းနေတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီဟေလီက စွပ်စွဲ ပြောဆို လိုက်ပါတယ်။
ဒုံးကျည် အစိတ်အပိုင်းကြီး တစ်ခုကိုပါ သတင်းထောက်တွေကို မစ္စဟေလီက ပြသခဲ့ပြီး အီရန်ကို ပြစ်တင် ရှုတ်ချ ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဒုံးကျည်ဟာ ပြီးခဲ့တဲ့လ တုန်းက ဆော်ဒီ မြို့တော် ရီယာ့ဒ်ရဲ့ လေဆိပ်ကို ထိမှန်လု ဖြစ်ခဲ့တဲ့ ဒုံးကျည် ဖြစ်တယ်လို့ ဆိုပါတယ်။
အီရန်ရဲ့ အပြုအမူတွေဟာ ကုလသမဂ္ဂက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ရာ ရောက်ပြီး၊ အရှေ့အလယ်ပိုင်း ပဋိပက္ခကို မီးလောင်ရာ လေပင့် ပြုလုပ် ပေးနေတယ် ဆိုပြီးတော့လည်း မစ္စ ဟေလီက ဆိုပါတယ်။
အီရန်ကတော့ အဲဒီ စွပ်စွဲချက်တွေ အားလုံးကို ငြင်းဆန်ပါတယ်။
ဆော်ဒီအာရေဗျ နိုင်ငံက ယီမင်ထဲ ကျူးလွန် နေတဲ့ စစ်ရာဇဝတ်မှုတွေမှာ အမေရိကန်ကိုယ်တိုင် ကြံရာပါ ဖြစ်နေတဲ့ အတွက် သူတို့ အပြစ်ကို ဖုံးကွယ်နိုင်ဖို့ အခုလို ပြောဆို လာတာ ဖြစ်တယ် လို့လည်း အီရန်က တုံ့ပြန် ပါတယ်။
ယီမင် နိုင်ငံထဲက ဟူသီ သူပုန်တွေကို ဆော်ဒီ ဦးဆောင်တဲ့ တပ်ပေါင်းစု တိုက်ခိုက် နေပါတယ်။