ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မင်းသမီးကို မဖွယ်မရာ လုပ်လို့ဖမ်း
အိန္ဒိယ နိုင်ငံ ဒေလီကနေ မွမ်ဘိုင်ကို ပျံတဲ့ လေယာဉ် တစင်းပေါ်မှာ ၁၇ နှစ် အရွယ် ရုပ်ရှင် မင်းသမီးတယောက်ကို မဖွယ်မရာ လုပ်ခဲ့တယ်လို့ ယူဆရတဲ့ အမျိုးသား တယောက်ကို ရဲက ဖမ်းဆီးခဲ့ပါတယ်။
မင်းသမီး Zaira Wasim ရဲ့ နောက်ဘက်က ထိုင်တဲ့ လူလတ်ပိုင်း အမျိုးသား တယောက်ကနေ သူ့နောက်ကျောနဲ့ ပုခုံး၊ လည်ပင်းကို ခြေထောက်နဲ့ ပွတ်တာ ခဏခဏ လုပ်ခဲ့ကြောင်း Instagram ဝက်ဆိုက်မှာ မင်းသမီးက ရေးသား ခဲ့ပါတယ်။
အဲဒီလူရဲ့ အပြုအမူကို ဗီဒီယို ရိုက်ထားဖို့ ကြိုးစားပေမယ့် မှောင်လွန်းလို့ မရခဲ့ဘူးလို့ သူက ဆိုပါတယ်။
ပထမတော့ ဘာဖြစ်မှန်း မသိဘူး၊ နောက်မှ ဒီလူ့ခြေထောက်က သူ့လည်ပင်း လာထိတာ သိတယ်လို့ မင်းသမီးက ပြောပါတယ်။
လေယာဉ်ပေါ်က ဆင်းလာပြီးနောက် မင်းသမီး က သူ့ကိုယ်သူ ဗီဒီယို ရိုက်ပြီး စိတ်ပျက်ကြောင်း အင်တာနက်မှာ လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။
ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် မကာကွယ်ရင် ဘယ်သူမှ လာကာကွယ်မှာ ကူမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
Vistara အိန္ဒိယ ပြည်တွင်း လေကြောင်း ကလည်း ဒီလို အပြုအမူအတွက် လုံးဝ သည်းမခံကြောင်း ၊ ဒီအတွက် စုံစမ်း စစ်ဆေးမယ်လို့ ဆိုပါတယ်။
Zaira Wasim ဟာ အစဉ်အလာတွေကို ချိုးဖောက်တဲ့ ဆယ်ကျော်သက် မိန်းကလေးအသွင် သရုပ်ဆောင်တဲ့ Dangal နဲ့ Secret Superstar ကားတွေမှာ လူသိများလာတာ ဖြစ်ပါတယ်။
ဒီနှစ်အတွက် ကလေး ထူးချွန်ဆုကို အိန္ဒိယ သမ္မတက သူ့ကို ပေးခဲ့ပါတယ် ။
ပြီးခဲ့တဲ့ လတွေအတွင်း စော်ကားမှုကို ငုံ့မခံကြဖို့ အမျိုးသမီးတွေကို တိုက်တွန်းတဲ့ လှုပ်ရှားမှု ပေါ်လာပြီး အများအပြား ပူးပေါင်း လာခဲ့ကြပါတယ်။