ဝိုင်းစတင်းကို အော်စကာပေးတဲ့အဖွဲ့က ထုတ်

ဟောလီးဝုဒ် ရုပ်ရှင် ထုတ်လုပ်သူ ဟာဗီ ဝိုင်းစတင်း ကို လိင်ပိုင်း ဆိုင်ရာ နှောင့်ယှက်မှု၊ မုဒိမ်းမှု စွပ်စွဲချက် တွေနဲ့ အော်စကာ ဆုပေးပွဲ အဖွဲ့ကနေ မဲခွဲ ထုတ်ပယ် လိုက်ပါတယ်။

ဒီလို ဂုဏ်ကြီးလှတဲ့အဖွဲ့ ထဲက အဖွဲ့ဝင် တယောက်ယောက်ကို ထုတ်မယ် ဆိုရင် ဘုတ်အဖွဲ့ဝင် ၃ ပုံ ၂ ပုံ ရမှ ထုတ်လို့ရတာပါ။ အခုတော့အဲဒီ လိုတဲ့မဲ အရေအတွက် ထက်အများကြီးကျော် တယ်လို့ သိရပါတယ်။

ရုပ်ရှင် လောကမှာ ကာမ ဓားပြ တိုက်တဲ့ အကျင့်တွေ ခေတ်ကုန်ပြီ လို့လည်း အော်စကာ ဆုပေးတဲ့ အဖွဲ့က ပြောဆိုပါတယ်။

ဝိုင်းစတင်းက ဟောလီးဝုဒ်မှာ အလွန်နာမည်ကြီးတဲ့သူတွေထဲက တယောက်ပါ။

သူ့ ရဲ့ ကုမ္ပဏီ က ထုတ်လုပ်တဲ့ ရုပ်ရှင် တွေ ထဲက အော်စကာ ရဖို့ အဆိုပြုခံရတာ အကြိမ် ၃ဝဝ ကျော် ရှိခဲ့ပြီး အော်စကာ ၈၁ ဆု ရဖူးပါတယ်။ Pulp Fiction, English Patient , Shakespere in Love စတဲ့ ကမ္ဘာကျော် ရုပ်ရှင် ပေါင်းများစွာ လည်း ထုတ်လုပ် ခဲ့တဲ့သူပါ။

သူ့ရဲ့စော်ကားမှုဒဏ်ကို ခံစားခဲ့ရကြသူတွေ လို့ အမျိုးသမီးပေါင်း နှစ်ဒါဇင်ကျော် က စွပ်စွဲမှုတွေ ထွက်ပေါ်လာပြီးတဲ့ နောက်မှာပင် ဟောလီးဝုဒ် မှာ သူ့ အကြောင်း ပေါ်ပေါ်ထင်ထင် မှတ်ချက်ပေးဖို့ ငြင်းတဲ့ မင်းသမီး မင်းသားတွေ အများကြီးပါ။

ဘီဘီစီ သတင်းထောက် တယောက် က သူ့အကြောင်းမေးရင် ရှောင်ခဲ့ကြပါတယ်။

အခုတော့ သူ အရှက်တကွဲ နဲ့ အော်စကာရွေးတဲ့ ဘုတ်အဖွဲ့ ထဲက အထုတ်ခံ လိုက်ရတာပါ။

အဲဒီ ရုပ်ရှင်အနုပညာ အကယ်ဒမီ အဖွဲ့ ကထုတ်တဲ့ ထုတ်ပြန်ချက်ထဲမှာ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဘက် တွေကို လေးစားမှု မရှိတာကြောင့် ဆိုတာ အပြင် ရုပ်ရှင် လုပ်ငန်းအတွင်းမှာ ဒီလို လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန် သူတွေ အတွက် နေရာမရှိဘူး ဆိုတဲ့ သတင်းစကား ကိုပါ ပါးလိုက်တာ လို့ ဖော်ပြထားပါတယ်။

ဝိုင်းစတင်း က လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ် လို့ စွပ်စွဲ တဲ့ သူတွေထဲမှာ မင်းသမီး အင်ဂျလီနာ ဂျိုလီ၊ ဂွင်းနက် ပယ်လ် ထရို တို့ပါပါတယ်။

ရိုစ့်မက်ဂိုဝင်ဆိုရင် ဟိုတယ်ခန်းတခုထဲမှာ အဓမ္မ ပြုကျင့်တာ တောင်ခံခဲ့ရတာ လို့ စွပ်စွဲထားတာပါ။

ကာယကံရှင် ရုပ်ရှင်ထုတ်လုပ်သူ ဝိုင်းစတင်း ကတော့ သူနဲ့ လိင်ကိစ္စ ဖြစ်ခဲ့ကြသူတွေ ဟာ နှစ်ဦးနှစ်ဖက် သဘောတူ ဖြစ်ခဲ့ကြတာလို့ ဆိုပြီး စွပ်စွဲမှုတွေ ကို ငြင်းထားပါတယ်။

အခု သူ့ရဲ့ ကျော်မကောင်း ကြားမကောင်း သတင်းတွေ ထွက်လာခဲ့ပြီးတဲ့ နောက်ပိုင်း ဘက်ဖတာ လို့ခေါ်တဲ့ ဗြိတိသျှ ရုပ်ရှင်နဲ့ တီဗီ အကယ်ဒမီ အဖွဲ့ ကလည်း သူ့ ကို အဖွဲ့ဝင်အဖြစ် က ထုတ်ထားလိုက်ပါတယ်။

အမေရိကန်နဲ့ ဗြိတိန် ရဲတပ်ဖွဲ့တို့ကလည်း အမျိုးသမီးတွေ ရဲ့ စွပ်စွဲမှု တွေကို အခြေခံပြီး စုံစမ်း စစ်ဆေးတာတွေ စလုပ်နေပြီလို့လည်း သိရပါတယ်။