ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရတ် မိုဆူးလ် ဗလီကြီး ပြန်သိမ်းမိ
အီရတ် နိုင်ငံ မိုဆူးလ် မြို့က ဖျက်ဆီးခံရတဲ့ အယ်လ် နူရီ ဗလီ ကြီးကို အီရတ် အစိုးရတပ်တွေက အိုင်အက်စ်တွေ လက်က ပြန်သိမ်းလိုက်နိုင်ပြီ ဖြစ်ပါတယ်။
ဒီနယ်မြေမှာ ခုချိန်ထိ လက်ဖြောင့် တပ်သားတွေ ရန်နဲ့ မော်တာ ကျည်ဆန်တွေ ကျနေဆဲ ဖြစ်တယ်လို့ ဒီတပ်တွေနဲ့ အတူပါသွားတဲ့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။
ခုလို ပြန်သိမ်းနိုင်တာနဲ့ ပတ်သက်ပြီး ဒါဟာ အိုင်အက်စ်တွေ ကျဆုံးတော့မယ့် အစဖြစ်တယ်လို့ အီရတ် ဝန်ကြီးချုပ် Haider al-Abadi က ဆိုပါတယ်။
စတုရန်းမိုင် ၃ သောင်းကျော်တဲ့ နယ်မြေကို အိုင်အက်စ်တွေ လက်က ပြန်သိမ်းနိုင်ခဲ့ပြီး လူ ၄ သန်းကျော်ကို လွတ်မြောက် စေခဲ့တယ်လို့လည်း အီရတ် အစိုးရ ခေါင်းဆောင်တဲ့ ညွန့်ပေါင်းတပ်တွေရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့လည်း အိုင်အက်စ် စစ်သွေးကြွတွေ လက်ထဲမှာ နောက်ထပ် စတုရန်းမိုင် ၁ သောင်း ၄ ထောင်လက် ကျန်နေပြီး အီရတ်နဲ့ ဆီးရီးယား နိုင်ငံတွေထိ ကျယ်ပြန့်တယ်၊ သူတို့ရနေတဲ့ အခွန်အတုပ်တွေကတော့ လွန်ခဲ့တဲ့ ၂ နှစ်က ၃ လကို ဒေါ်လာ သန်း ၈ဝ ကျော် ရရာက အခု ဒေါ်လာ ၁၆ သန်းလောက်ပဲ ရတော့တယ်လို့ IHS Markit သုတေသန အဖွဲ့က လေ့လာ တွေ့ရှိခဲ့ပါတယ်။
မိုဆူးလ် မြို့ဟောင်းထဲမှာ စစ်သွေးကြွ ရာဂဏန်းလောက်ပဲ ကျန်တော့ပြီး အရပ်သား ၅ သောင်းလောက် ပိတ်မိနေတယ်၊ အစာရေစာလည်း ပြတ်သလောက် ဖြစ်နေပြီး သူတို့အတွက် အသက်အန္တရာယ် ရှိတယ်လို့ ကူညီရေး အဖွဲ့တွေက ထုတ်ပြန်ပါတယ်။
ပြန်သိမ်းရမိတဲ့ နယ်မြေခံ တယောက် ပြောတာက လွတ်မြောက်လာတဲ့ နေရာတွေမှာတောင် အိုင်အက်စ်တွေ ပျောက်မသွားသေးဘဲ ကျန်နေတယ်၊ သူတို့အရေအတွက်က များတယ်၊ ခုထိ လုံခြုံရေးက စိတ်မချရသေးဘူးလို့ နယ်ခံတွေက ဆိုပါတယ်။
အီရတ် အစိုးရတပ်တွေနဲ့ ရဲတွေက နောက်ဆုံးပိတ် တိုက်ပွဲ ဆိုပြီးမြို့ဟောင်းထဲကို မနေ့က စထိုးစစ်ဆင်တာလို့လည်း သိရပါတယ်။
မနေ့က တမနက်လုံး တိုက်ပွဲပြင်းထန်ခဲ့ပြီး အိုင်အက်စ် တွေက အရေးကြီးတဲ့ ခံစစ် စခန်းတွေကို သိမ်းထားဆဲလို့လည်း ဘီဘီစီ သတင်းထောက်တွေက ဆိုပါတယ်။
တပ်ပေါင်းစုတွေရဲ့ တပ်မှူး ဒုဗိုလ်ချုပ်ကြီး Amir Yarallah က သူတို့ ဗလီပျက်ကြီးနဲ့ အနီးတဝိုက်ဒေသတွေကို သိမ်းခဲ့ပြီလို့ ချက်ချင်း ကြေညာခဲ့ပေမယ့် နာရီအကြာကြီးနေမှ ဝင်နိုင်တာလို့လည်း ဆိုပါတယ်။
ဖျက်ဆီးခံရတဲ့ ဗလီမှာ တိမ်းစောင်းနေတဲ့ မျှော်စင်ကြီးနဲ့ တိုင်လုံးတချို့ပဲ ကျန်ရစ်ပါတယ်။ ဒီဗလီကို လွန်ခဲ့တဲ့ ၉ ရက်က အိုင်အက်စ် တွေ ဖျက်ဆီးလို့ မျှော်စင်နဲ့ ခုံးတခုပဲ ကျန်တယ်လို့ အစိုးရဘက်က ထုတ်ပြန်ထားပါတယ်။
အိုင်အက်စ် တွေဘက်က ဒီဗလီကို အမေရိကန် ညွန့်ပေါင်းတပ်တွေ ဗုံးချလို့ ပျက်တာ ဆိုပေမယ့် အင်တာနက်မှာ တွေ့ရတဲ့ ဗီဒီယို အရ အဆောက်အအုံ အထဲက ပေါက်ကွဲတဲ့ ပုံတွေ တွေ့ရတယ်လို့ ဆိုပါတယ်။