ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မိုဆူးလ်က ရှေးဟောင်းဗလီ ဖျက်ဆီးခံရ
IS အစ္စလာမ္မစ် နိုင်ငံ တပ်သားတွေက အီရတ် နိုင်ငံ မိုဆူးလ် မြို့က ရှေးဟောင်း ဗလီကြီး တခုကို ဖောက်ခွဲပစ်လိုက်ပြီလို့ အီရတ် အစိုးရတပ်တွေ ဘက်က ဆိုပါတယ်။
al-Nuri ဗလီကြီးဟာ မိုဆူးလ်မှာ အထင်ရှားဆုံး ဆွန်နီ ဗလီကြီး ဖြစ်ပြီးတော့ ခရစ်ယာန် စစ်သည်တွေကို ခရူးဆိတ် စစ်ပွဲတွေမှာ အောင်နိုင်လိုက်တဲ့ မွတ်ဆလင် ခေါင်းဆောင် တယောက် အမည်ကို အစွဲပြု မှည့်ခေါ် ထားတာ ဖြစ်ပါတယ်။
ဒီနေရာမှာပဲ IS တွေရဲ့ ခေါင်းဆောင် Abu Bakr al-Baghdadi ကို အီရတ်နဲ့ ဆီးရီးယား နိုင်ငံတွေကို ပိုင်စိုးတဲ့ ခါလီဖိတ် မင်းကြီး အဖြစ် IS အုပ်စုက တင်မြှောက်ခဲ့ပါတယ်။
ဒါပေမဲ့လည်း IS တွေဟာ အီရတ်မြောက်ပိုင်း ကို တိုက်ခိုက်လာတဲ့ ၃ နှစ် အတွင်း ရှေးဟောင်း သမိုင်းဝင် အမွေအနှစ်တွေကို ဂရုစိုက်ရမှန်း သိတဲ့ အရိပ်အယောင် မပြခဲ့ပါဘူး။
အီရတ် အစိုးရတပ်တွေက မိုဆူးလ်ကို သိမ်းဖို့ စတိုက်လာတဲ့ ၉ လ အတွင်း ဒီဗလီကြီးကို IS တွေက ဖောက်ခွဲပစ်လိုက်ပြီ ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။
ဒီလို ဗလီကို IS ဘက်က ဖောက်ခွဲပစ်တာ မှန်ရင်တော့ သူတို့ မိုဆူးလ်ကို လက်မလွှတ်ရခင် နောက်ဆုံး တချက် အစွမ်းပြတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
IS ဘက်ကတော့ ဒါ အမေရိကန်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် လို့ပဲ ဆိုပါတယ်။ မိုဆူးလ်ကို အနိုင်သိမ်းဖို့ အသေအကြေ တိုက်ခိုက်နေချိန်မှာတော့ ဘယ်ဘက်က လုပ်တယ် ဆိုတာ ခန့်မှန်းရခက်ပါတယ်လို့ ဘီဘီစီ ကမ္ဘာ့ရေးရာ သတင်းထောက် ပေါလ် အဒမ်စ်က သုံးသပ်ပါတယ်။
အီရတ်တပ်တွေ ဗလီနား မရောက်ခင် ပေ ၁၅ဝ လောက် အကွာမှာပဲ IS တွေက ဖောက်ခွဲပစ်တာလို့လည်း မိုဆူးလ်ကို သိမ်းဖို့ပြင်နေတဲ့ အီရတ် တပ်မှူးက ဆိုပါတယ်။
ကောင်းကင် ဓာတ်ပုံတွေအရတော့ ဗလီ ဝင်းကြီးတခုလုံး စိစိညက်ညက်ကို ကြေနေပါပြီ။
IS တွေက မိုဆူးလ်မြို့ထဲမှာ လူသားဒိုင်းသဖွယ် သုံးဖို့ လူ တသိန်းကျော်လောက် ဖမ်းထားနိုင်တယ်လို့လည်း ကုလသမဂ္ဂက ဆိုပါတယ်။
အမေရိကန် အကူအညီနဲ့ ထောင်နဲ့ချီတဲ့ အီရတ်နဲ့ ကာ့ဒ် တပ်တွေ၊ ဆွန်နီနဲ့ ရှီအာနွယ်ဝင် လူမျိုးစု လက်နက်ကိုင်တွေက IS ကိုတိုက်နေကြတာ ဖြစ်ပါတယ်။
မိုဆူးလ် အရှေ့ပိုင်းကို ပြန်သိမ်းနိုင်ပြီလို့ ဇန်နဝါရီ လက အီရတ် အစိုးရ ဘက်က ကြေညာခဲ့ပေမယ့် အနောက်ပိုင်းက လမ်းကျဉ်းလမ်းကောက်တွေ များလို့ ခုထိ မသိမ်းနိုင်သေးပါဘူး။
မိုဆူးလ် မြို့ဟောင်းဟာ ဒီမြို့မှာ IS လက်ထဲ နောက်ဆုံးကျန်နေတဲ့ နေရာဖြစ်ပြီး နောက်ဆုံးထိုးစစ်ကို စနေပြီလို့ ဒီတနင်္ဂနွေနေ့ကပဲ အီရတ်တပ်မှူးတွေက ကြေညာခဲ့ကြပါတယ်။
မြို့ထဲမှာ IS ဘက်က လူ ၃ဝဝ လောက် ကျန်နိုင်သေးပြီး အောက်တိုဘာတုန်းက ရှိခဲ့တဲ့ လူ ၆ဝဝဝ နဲ့စာရင် တော်တော်လူလျော့နေပြီလို့ အီရတ် စစ်တပ်က ဆိုပါတယ်။