ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆိုက်ဘာ တိုက်ခိုက်မှုကို သတိပေးချက်အဖြစ် မှတ်ယူဖို့ Microsoft ကုမ္ပဏီကြီးကပြော
သောကြာနေ့က စတင်ခဲ့တဲ့ ကမ္ဘာတဝှမ်း ဆိုက်ဘာ တိုက်ခိုက်မှုကို သတိပေးချက်တရပ်အဖြစ် မှတ်ယူကြဖို့ နိုင်ငံ့အစိုးရ ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေကို Microsoft ကုမ္ပဏီကြီးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
Windows ကွန်ပျူတာ စနစ် အဟောင်းတွေကို ပစ်မှတ်ထားပြီး ထွင်းဖောက် တိုက်ခိုက်ခဲ့ရာမှာ ကမ္ဘာတဝှမ်း ကွန်ပျူတာ ၂သိန်းကျော်လောက် ထိခိုက်ခဲ့ပါတယ်။
ခေတ်နဲ့ အမီ မလိုက်ပဲ ကွန်ပျူတာစနစ် အဟောင်းတွေ ဆက်သုံးနေကြသူတွေကြောင့် အဖျက် ဗိုင်းရပ်စ်တွေ ပျံ့နှံ့အောင် လုပ်ခွင့်ရခဲ့တာ ဆိုပြီး Microsoft ကုမ္ပဏီရဲ့ ဥပဒေကြောင်းဆိုင်ရာ အကြီးအကဲ Brad Smith က ဝေဖန် ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် လူထုကြားထဲ ဆိုင်ဘာလက်နက်တွေ ပေါက်ကြားမှု ဟန့်တားရာမှာ သုံးတဲ့ နည်းလမ်းတွေကို နိုင်ငံအစိုးရတွေအနေနဲ့ ပြောင်းလဲပစ်ဖို့ လိုနေပြီလို့လည်း သူက ပြောပါတယ်။
Europol ခေါ် ဥရောပ သမဂ္ဂ စည်းမျဉ်းဥပဒေ ထိန်းသိမ်းရေး အေဂျင်စီ အကြီးအကဲ Rob Wainwright ကလည်း ဒီတိုက်ခိုက်မှုမျိုးကို အရင်က တခါက မကြုံခဲ့ဖူးကြောင်းနဲ့ တောင်းတဲ့ ငွေပေးမှ ကွန်ပျူတာထဲ ဝင်ခွင့်ပြုတဲ့ software နဲ့ အဖျက် ဗိုင်းရပ်စ် တမျိုးကို ပေါင်းပြီး တိုက်ခိုက်ခဲ့တဲ့အတွက် ကွန်ပျူတာ ကွန်ရက်တွေကို အရင်ကထက် ပိုမြန်မြန် ထိခိုက်စေခဲ့တာ ဖြစ်ကြောင်း ပြောပါတယ်။
အခုဒီကနေ့ တနင်္လာနေ့မှာ လူတွေ အလုပ်ပြန်ဝင်တဲ့အခါ ကွန်ပျူတာ ထွင်းဖောက် တိုက်ခိုက်ခံခဲ့ရသူ ပိုများတာကို တွေ့ရဘွယ် ရှိတယ်လို့လည်း သတိပေးထားပါတယ်။
ကုမ္ပဏီ အဖွဲ့အစည်းကြီး အတော်များများကတော့ ဗိုင်းရပ်စ်ထိခံထားရတဲ့ ကွန်ပျူတာတွေကို သီတင်းပတ်ကုန်ရက်ပိုင်းအတွင်း နည်းပညာပိုင်းဆိုင်ရာ ဝန်ထမ်းတွေနဲ့ ပြန်ပြင်ခဲ့ကြပါတယ်။