ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နယ်သာလန်အစိုးရလုပ်ပုံ နာဇီဆန်တယ်လို့ တူရကီသမ္မတပြော
အဝေးရောက် တူရကီနိုင်ငံသားတွေကို မဲဆွယ်စည်းရုံးဖို့ နယ်သာလန်ကိုလာတဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီးကို နယ်သာလန်အစိုးရက ပိတ်ပင်တာဟာ နာဇီနဲ့ ဖက်ဆစ်တွေလို ပြုမူတာပဲလို့ တူရကီ သမ္မတ အာဒိုဝန်က ဝေဖန်လိုက်ပါတယ်။
အခုလို နယ်သာလန်နိုင်ငံ ရော့တာဒမ်မြို့ကို လာတဲ့ တူရကီ နိုင်ငံခြားရေး ဝန်ကြီးရဲ့ ခရီးစဉ်ကို ပိတ်ပင်တဲ့အတွက် နယ်သာလန်ရဲ့ တူရကီ သံတမန်ရေးရာ ခရီးစဉ်တွေကိုလည်း ပြန်လည် ကန့်သတ်မယ်ဆိုတဲ့ သဘောမျိုးလည်း မစ္စတာ အာဒိုဝန်က ပြောဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး နယ်သာလန် သံတမန်ကိုလည်း တူရကီ အစိုးရက ဆင့်ခေါ်ခဲ့တယ်လို့ သိရပါတယ်။
နယ်သာလန်ဘက်က စည်းရုံးရေးခရီးစဉ် တားမြစ်လို့ တူရကီဘက်က စီပွားရေး ပိတ်ဆို့မယ်လို့ ပြောလိုက်တာက လက်ခံနိုင်မယ့် အဖြေရှာဖို့ ခဲယဉ်းသွားစေတယ်လို့ နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားပြီး နာဇီနဲ့ နှိုင်းတာကတော့ လွန်သွားပြီလို့ နယ်သာလန် ဝန်ကြီးချုပ်က မှတ်ချက် ပေးခဲ့ပါတယ်။
တူရကီ သမ္မတဟာ ဂျာမနီကိုလည်း အလားတူ အခြေအနေမျိုးမှာ နာဇီဆန်တယ်လို့ ဝေဖန်ခဲ့ဖူးပါတယ်။
တူရကီမှာ သမ္မတ အာဏာတိုးချဲ့ဖို့အတွက် နောက်တလမှာ ဆန္ဒခံယူပွဲလုပ်မှာ ဖြစ်သလို နယ်သာလန်မှာလည်း လာမယ့်အပတ်မှာ ပါလီမန် ရွေးကောက်ပွဲတွေ လုပ်မှာ ဖြစ်တဲ့အတွက် အခြေအနေတွေ ပိုပြီး တင်းမာ နေပါတယ်။
နောက်ဆုံးအခြေအနေအရ နယ်သာလန်နဲ့ ဂျာမနီသာမက ဆွစ်ဇလန်နိုင်ငံက မြို့တွေမှာလည်း တူရကီဝန်ကြီးတွေရဲ့ မဲဆွယ်ခရီးစဉ်တွေကို ပိတ်ပင်ထားပါတယ်။