ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကင်ဂျုံနမ်ကို အပြင်းဆုံး ဓာတုလက်နက်နဲ့သတ်
မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အကို မလေးရှား လေဆိပ်မှာ အသတ်ခံရမှုမှာ ကမ္ဘာပေါ်မှာ အပြင်းဆုံး ဓာတုလက်နက် တမျိုးကို သုံးထားတာ တွေ့ရတယ်လို့ မလေးရှားရဲတွေက ပြောပါတယ်။
VX လို့ခေါ်တဲ့ ဒီ ဓာတုဒြပ်ပေါင်းဟာ အာရုံကြော ထိခိုက်စေတဲ့ သတ္တိရှိပြီး သူ့ကို အစုလိုက် သေစေနိုင်တဲ့ လက်နက်အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားပါတယ်။
VX တဂရမ်ရဲ့ တရာပုံ တပုံသုံးရင်တောင် လူတယောက် သေစေနိုင်တယ်လို့ သိရပါတယ်။
လေဆိပ် စီစီတီဗီ မှတ်တမ်းမှာ ဒီတိုက်ခိုက်မှုကြောင့် ကင်ဂျုံနမ် အော့အန်တာ တွေ့ရတယ်လို့ မလေးရှား ရဲက ဆိုပါတယ်။
ကင်ဂျုံနမ်ရဲ့ မျက်လုံးနဲ့ မျက်နှာက စစ်ဆေးတွေ့ရှိချက် အရ ဒီဓာတုဒြပ်ပေါင်း နမူနာကို တွေ့ရှိခဲ့တာလို့ မလေးရှား ရဲချုပ် ခါလစ် အဘူ ဘေကာက ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်က ကင်ဂျုံနမ်နဲ့ တွေ့ခဲ့တဲ့ အမျိုးသမီး တယောက်မှာလည်း အော့အန် ဖျားနာတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ကွာလာလမ်ပူ လေဆိပ်မှာ ဒီလုပ်ကြံမှုကြောင့် ရေဒီယို သတ္တိကြွမှု ရှိမရှိ စစ်ဆေးနေတယ် ၊ ဒီဓာတု အဆိပ် လက်ကျန်တွေ ရှိမရှိကိုလည်း စစ်တယ်လို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။
နောက်ထပ် စစ်ဆေးမှုတွေ လုပ်နေပြီး ဒီ ပိတ်ထားတဲ့ ဓာတု အဆိပ်ကို နိုင်ငံထဲ ဘယ်လိုသယ်လာသလဲ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး စွပ်စွဲခံနေရတဲ့ မြောက်ကိုရီးယား ဟာ ဓာတု လက်နက် ပိတ်ပင်ရေး စာချုပ်ကို လက်မှတ် မထိုးတဲ့ နိုင်ငံ ၆ နိုင်ငံမှာ ပါပါတယ်။
အမေရိကန်နဲ့ ရုရှ နောက် ကမ္ဘာပေါ်မှာ ဓာတု လက်နက် အများဆုံး ပိုင်တဲ့ နိုင်ငံ လို့လည်း မြောက်ကိုရီးယားကို ယူဆ နေကြပါတယ်။
မြောက်ကိုရီးယား အစိုးရ ဆီမှာ အာရုံကြောကို ထိခိုက်စေတဲ့ ဓာတု လက်နက် တန်ချိန် ၂၅ဝဝ ကနေ ၅ဝဝဝ ထိ ရှိနိုင်ကြောင်းလည်း တောင်ကိုရီးယား ကာကွယ်ရေး ဌာနက ခန့်မှန်း ထားပါတယ်။
ဒီထဲမှာ VX ဓာတုဒြပ်ပေါင်း ပါတယ်လို့ ဖော်ပြ ထားပါတယ်။