ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှားက အမေရိကန်ရွေးကောက်ပွဲကို ဝင်နှောက်ခဲ့တယ်လို့ FBIနဲ့ CIAတို့က စွပ်စွဲ
ပြီးခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ဘက်က မဲပိုရအောင် ရုရှားက ကြိုးပမ်းတဲ့အနေနဲ့ ဒီမိုကရက်တစ်ပါတီရဲ့ အီမေးတွေကို အင်တာနက်က ဖောက်ထွင်းခိုးယူပြီး ဝီကီလိခ်ကို ပေးခဲ့တယ်လို့ FBIနဲ့ CIAတို့က ကောက်ချက်ချလိုက်တယ်ဆိုတဲ့ သတင်းတွေကို အမေရိကန် သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။
ရီပတ်ပဘီကန် မဲဆွယ်စည်းရုံးရေး အဖွဲ့လည်း အင်တာနက်ကတဆင့် ဖောက်ထွင်းခံခဲ့ရပေမယ့် ဘာစာရွက်စာတမ်းမှ ထွက်မလာခဲ့ဘူးလို့ ဒီသတင်းတွေမှာ ဖော်ပြထားပါတယ်။
အမေရိကန် အစိုးရနေရာ လွှဲယူမယ့် မစ္စတာ ထရမ့်နဲ့ အဖွဲ့ကတော့ ဒီသတင်းကို အခြေအမြစ်မရှိဘူးလို့ မှတ်ချင်ပေးလိုက်ပြီး အီရတ်စစ်ပွဲမတိုင်ခင် ဆက်ဒမ်ဟူစိန်မှာ လူအစုလိုက် အပြုံလိုက်သေနိုင်တဲ့ လက်နက်တွေရှိတယ်ဆိုတဲ့ သတင်းမှားကိုလည်း ဒီအဖွဲ့တွေကပဲ ပြောခဲ့တယ်လို့ တုန့်ပြန်လိုက်ပါတယ်။
ရုရှားကတော့ ဒီလိုအင်တာနက် ဖောက်ထွင်းမှုတွေ မလုပ်ခဲ့ဘူးလို့ အစောပိုင်းကတည်းက ငြင်းဆိုထားပြီး ဝီကီလိခ်ဘက်ကလည်း ဒါကို ငြင်းဆိုထားခဲ့ဖူးပါတယ်။
FBIနဲ့ CIAတို့ရဲ့ တွေ့ရှိချက်တွေကို အများပြည်သူသိအောင် ထုတ်ပြန်မှု လုပ်မလုပ်ဆိုတာကတော့ အိမ်ဖြူတော်ဘက်က မရှင်းလင်းသေးပါဘူး။