ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
Air Force One လေယာဉ်သစ် နှစ်စင်း မဆောက်သင့်လို့ ထရမ့်ပြော
အမေရိကန် သမ္မတ စီးနင်းတဲ့ Air Force One အထူး လေယာဉ်ပျံ တွေ အသစ် နှစ်စင်း တည်ဆောက် ပြုလုပ်မယ့် အစီအစဉ် ဖျက်သိမ်း သင့်တယ်ဆိုပြီး ရွေးကောက်ပွဲ နိုင်ထားတဲ့ ဒေါ်နယ်ထရမ့်က ပြောလာပါတယ်။
Air Force One လေယာဉ်သစ် နှစ်စင်း အတွက် ကုန်ကျမယ့် ငွေဟာ မကြားဝံ့နာသာ စျေးကြီး လွန်းလှတယ်လို့ ထရမ့်က ဆိုပါတယ်။
သမ္မတ လေယာဉ်သစ် တွေ အတွက် ဒေါ်လာ သန်း လေးထောင် သုံးမယ် ဆိုတာ မတန်တဆပဲလို့ ထရမ့်က ပြောပြီး လေယာဉ်တွေကို တာဝန်ယူ ဆောက်မယ့် ဘိုးရင်း ကုမ္ပဏီဟာ အတော် အမြတ်စားတာပဲ ဆိုပြီးတော့လည်း ဝေဖန်ပါတယ်။
လက်ရှိ အိုဘားမား အစိုးရ ကတော့ ထရမ့်ရဲ့ ပြောဆိုမှုတွေဟာ အချက်အလက် တိကျမှု မရှိဘူးလို့ တုံ့ပြန် ပါတယ်။
အိမ်ဖြူတော်ရဲ့ အဆိုအရ Air Force One လေယာဉ်သစ် နှစ်စင်း အတွက် ကုန်ကျစားရိတ် ဒေါ်လာ သန်း သုံးထောင် ရည်မှန်း ထားပြီး၊ ဒီလို တည်ဆောက် ဖို့ကိုလည်း ဘိုးရင်း ကုမ္ပဏီနဲ့ စာချုပ် မချုပ် ရသေးဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် ဘိုးရင်း ဟာ သူတို့ ဘက်က တင်ပြမယ့် Air Force One လေယာဉ် သစ် ဒီဇိုင်း ဆွဲ နေပါတယ်။
အခုလို ထရမ့်ရဲ့ ဝေဖန် မှု ထွက်လာ အပြီး ဘိုးရင်း ကုမ္ပဏီရဲ့ ရှယ်ယာစျေး ၁% နီးပါး ကျဆင်း သွားပါတယ်။