ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရိုဟင်ဂျာ ရွာတွေ ဖျက်ဆီးခံရဟု HRW ပြော
ဂြိုဟ်တု ကနေ ထပ်မံ တွေ့မြင်ရတဲ့ ပုံရိပ်သစ်တွေ အရ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ရွာတွေမှာ နေအိမ် ၁၂၀၀ ကျော် မီးရှို့ ခံခဲ့ရတာကို တွေ့ရတယ်လို့ HRW လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့လက မောင်တောမြို့နယ် အတွင်း နယ်ခြားစောင့် စခန်းတွေ တိုက်ခိုက်ခံခဲ့ရပြီးနောက် မြန်မာ အစိုးရ တပ်မတော်က နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်မှုတွေ လုပ်ဆောင် ခဲ့ပါတယ်။
မောင်တော ဒေသက မွတ်ဆလင်တွေ ထောင်နဲ့ ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေး ခဲ့ကြရပြီး အရပ်သားတွေ အမြောက်အမြား သေဆုံးခဲ့တယ်လို့ မျက်မြင် သက်သေ တွေက ပြောကြပါတယ်။
မြန်မာ အစိုးရက အဲဒီ ဒေသကို ပြည်ပ သတင်းထောက်တွေ သွားလာခွင့် ပိတ်ပင်ထားတဲ့ အတွက် အဲဒီ စွပ်စွဲပြောဆိုမှုတွေကို အတည်ပြုနိုင်ဖို့က ခက်ခဲနေပါတယ်။