အိန္ဒိယမှာ ရထားမှောက်လို့ တရာကျော်သေ

ဓာတ်ပုံ ရင်းမြစ်, AP
အိန္ဒိယ နိုင်ငံ မြောက်ပိုင်း မှာ အဝေးပြေး ရထား တစင်း လမ်းချော်တိမ်းမှောက်တဲ့ အတွက် အနည်းဆုံး လူ ၁ဝဝ လောက် သေဆုံးပြီး ၂၀ဝ ကျော် ဒဏ်ရာရသွားခဲ့ပါတယ်။
အိန္ဒိယ အလယ်ပိုင်း အင်ဒိုးမြို့ကနေ အရှေ့ပိုင်းက ပတ္တနာ မြို့ကို သွားတဲ့ ရထား ဟာ ဥတ္တရပရာဒေ့ရှ် ပြည်နယ် ကန်ပူမြို့နားမှာ လမ်းချော်ခဲ့တာ ဖြစ်ပါတယ်။
ရထားတိမ်းမှောက်ချိန်ဟာ မနက်လင်းအားကြီးအချိန်ဖြစ်တာမို့ ခရီးသွားအများစု က အိပ်မောကျနေခဲ့ကြပါတယ်။
အခုတော့ ကယ်ဆယ်ရေးတွေက အသက်ရှင်ကျန်ရစ်သူတွေကို အပျက်အစီးတွေကြားက ကြိုးစားပြီး ကယ်ထုတ်နေကြပါတယ်။
မဒရာ ပရာဒက်ရှ် ပြည်နယ် ဝန်ကြီးချုပ် ရှီရက်ဗ် ဆင်း ချိုဟန်ကလည်း အခုလို ပြောကြားခဲ့ပါတယ်။
'ကျနော်တို့ အဓိက စိတ်ပူရမှာက ဒဏ်ရာရတဲ့သူတွေကို ဆေးကုပေးဖို့ပါ။
ဒဏ်ရာရတဲ့သူတွေကို အခမဲ့ ဆေးကုပေးပြီး၊ ကွယ်လွန်သွားတဲ့သူတွေအတွက် စာနာစရိတ် ရူပီး ၂သိန်းစီ၊ ဒဏ်ရာရတဲ့သူတွေအတွက် ရူပီးငါးသောင်းစီ ပြည်နယ်အစိုးရက ပေးဖို့ စီစဉ်ထားပါတယ်'။
တွဲတွေကြားမှာ ခရီးသည်တွေ ပိတ်မိနေတယ်လို့ ယူဆကြတဲ့အတွက် နောက်ထပ်အသေအပျောက် စာရင်းတွေ တိုးလာနိုင်ပါတယ်။
အိန္ဒိယ မီးရထားဝန်ကြီးကလည်း ရထားမှောက်မှုကို စုံစမ်းစစ်ဆေးဖို့ ညွှန်ထားကြားပါတယ်။










