ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲ မဲပေး
အမေရိကန် သမ္မတ ရွေးကောက်ပွဲကို ဒီနေ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ နိုင်ငံလုံးကျွတ် ကျင်းပပြုလုပ်နေပါတယ်။
အရင်ရွေးကောက်ပွဲတွေထက် မဲပေးသူပိုများတယ်လို့ အမေရိကန်ရောက် မြန်မာလူမျိုး မဲဆန္ဒရှင်တွေက ပြောကြပါတယ်။
မဲပေးသူပိုများတာဟာ သမ္မတလောင်း ဒေါ်နယ်ထရမ့်နဲ့ ဟီလာရီကလင်တန်တို့ရဲ့ အပြိုင် အဆိုင် အငြင်းအခုန်ပွဲတွေ ပြင်းထန်ကြတဲ့ အတွက် လူစိတ်ဝင်စားမှု ပိုမို များပြားတာ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။
သူတို့နှစ်ယောက်ဟာ မူဝါဒပိုင်းဆိုင်ရာ ပြောဆိုချပြတာထက် တယောက်နဲ့ တယောက် တိုက်ခိုက်တာက ပိုများပြီး နှစ်ဘက် စလုံး သိက္ခာကျ နာမည်ပျက်ကြတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အပြိုင် အဆိုင် ပိုကြီးပြီး မဲပေးကြသူတွေ ပိုများတယ်လို့ ဆိုပါတယ်။
လူကြီးပိုင်း ပုဂ္ဂိုလ်တွေက ဒေါ်နယ်ထရမ့်ကို ပိုအားပေးကြတယ်လို့ ဖလော်ရီဒါက မြန်မာအမျိုးသမီးတယောက်က ဘီဘီစီကို ပြောပါတယ်။
လူနည်းစု လူမျိုးတွေဖြစ်ကြတဲ့ မြန်မာအပါအဝင် အာရှတိုက်သားတွေ ၊ အာဖရိက လူမည်းတွေ၊ မက္ကဆီကန်တွေကတော့ ဟီလာရီကလင်တန်ကို မဲပေးကြသူပိုများတယ်လို့ သိရပါတယ်။