မန်ယူ နည်းပြသစ် ဘယ်သူ ဖြစ်နိုင်မလဲ

ဓာတ်ပုံ ရင်းမြစ်, AFP
ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာယူနိုက်တက်အတွက်တော့ အမြဲတမ်း နည်းပြ ရှာပုံတော် ဖွင့်နေဆဲ ဖြစ်ပါတယ်။
ကစားသမားဟောင်း ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ် ဒီနှစ် ရာသီကုန်အထိ တာဝန်ယူခိုင်း ထားပေမယ့် ထိပ်တန်းနည်းပြတစ်ဦးကို အမြဲတမ်း နည်းပြအဖြစ် ခန့်အပ်နိုင်ဖို့ မန်ယူ အသင်း တာဝန်ရှိသူတွေက ကြိုးပမ်း နေတာပါ။
မော်ရင်ညိုကို ထုတ်ပယ်ပြီးနောက် ယူနိုက်တက်အသင်းဟာ နည်းပြသစ် ခန့်အပ်ဖို့ ဇီဒန်း၊ ပိုချက်တီနိုတို့အပြင် လက်ရှိ အင်္ဂလန် လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ကိုပါ စိတ်၀င်စားလာတာ ဖြစ်ပါတယ်။
ဆောက်ဂိတ်ဟာ အင်္ဂလန် လက်ရွေးစင်အသင်းကို ကမ္ဘာ့ ဖလားနဲ့ UEFA National League ပြိုင်ပွဲတွေမှာ ဆီမီးဖိုင်နယ်တွေ ရောက်အောင် စွမ်းဆောင်ပေးထားပါတယ်။
သူဟာ အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပွဲအပြီးအထိ စာချုပ်သစ် ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။
ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတဲ့ ဆိုးလ်ရှားဟာ ယူနိုက်တက် အသင်းကို ပြိုင်ပွဲအရပ်ရပ် ၆ပွဲဆက်တိုက် အနိုင်ရအောင် စွမ်းဆောင်ပေးထားသလို မန်ယူ ကစားသမားတွေကိုယ်တိုင်က သူ့ကို အမြဲတမ်းနည်းပြအဖြစ် ဆက်လက် မြင်တွေ့လိုနေသူ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ယူနိုက်တက်အသင်း တာဝန်ရှိသူတွေကတော့ လူငယ် ကစားသမားတွေနဲ့ အောင်မြင်မှု ရအောင် စွမ်းဆောင်ပေးထားတဲ့ ဆောက်ဂိတ်ရဲ့ စွမ်းရည်တွေ အပေါ် သဘောကျနေပြီး သူ့ကို ဆက်သွယ်မှု လုပ်ဖွယ်ရှိတယ်လို့ ဗြိတိန်မီဒီယာတွေက ဆိုပါတယ်။
မန်ချက်စတာယူနိုက်တက် ဘက်ကတော့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကို စိတ်ဝင်စား နေတယ် ဆိုတဲ့ သတင်းတွေကို ပြန်လည် တုံ့ပြန်ခြင်းမရှိပေမယ့် သူ့တို့ရဲ့ အမြဲတမ်းနည်းပြ ရှာပုံတော် စာရင်းထဲမှာတော့ ဇီဒန်း၊ ပိုချက် တီနို တို့နဲ့အတူ ပါဝင် လာတာတော့ သေချာပါတယ်။
ဗြိတိန်ရဲ့ နာမည်ကျော် ရုပ်သံ Sky Sports ကတော့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဖြစ် ပရိသတ်တွေကို မဲပေး ရွေးချယ်မှု ပြုလုပ်ခဲ့ရာ ပရိသတ် အများစုက ဆိုးလ်ရှားကို ရွေးချယ်ခဲ့ကြပါတယ်။
ယာယီနည်းပြ ဆိုးလ်ရှားဟာ မဲပေးသူ အားလုံးရဲ့ ၄၁ရာခိုင်းနှုန်းအထိ ရခဲ့ပြီး ထိပ်ဆုံးမှာ ရှိခဲ့ပါတယ်။ ပိုချက်တီနိုက ဒုတိယနဲ့ ဇီဒန်းက တတိယနေရာမှာ ရှိပြီး မန်ယူနဲ့ နောက်ဆုံး သတင်းထွက်လာသူ ဆောက်ဂိတ်က ၉ ရာခိုင်နှုန်းနဲ့ နောက်ဆုံးမှာ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဆောက်ဂိတ်ရဲ့ အောင်မြင်မှု ( နိုင်ပွဲရာခိုင်နှုန်း)
မစ်ဒယ်ဘရော့ - ၁၅၁ပွဲ၊ ၄၅ပွဲနိုင်၊ ၄၃သရေ၊ ၆၃ပွဲရှုံး၊ ၂၉.၈ ရာခိုင်နှုန်း
အင်္ဂလန် ယူ-၂၁ - ၃၃ပွဲ၊ ၂၇ပွဲနိုင်၊ ၃ပွဲသရေ၊ ၃ရှုံး၊ ၈၁.၈ ရာခိုင်နှုန်း
အင်္ဂလန် (လက်ရှိ) - ၃၁ပွဲ၊ ၁၇ပွဲနိုင်၊ ၈ပွဲသရေ၊ ၆ပွဲရှုံး၊ ၅၄.၈ ရာခိုင်နှုန်း
မန်ယူနည်းပြ အဖြစ် ရေပန်းစားနေသူများ
၁) ပိုချက်တီနို ( စပါး ) - ၇/၄
၂) ဆိုးလ်ရှား ( ယာယီနည်းပြ) - ၄/၁
၃) ဇီဒန်း ( အသင်းလက်မဲ့ ) - ၅/၁
၄) အလီဂရီနီ ( ဂျူဗင်တပ်စ်) - ၆/၁
၅) ဘရန့် ( အသင်းလက်မဲ့ ) - ၁၀/၁
၆) ကွန်တေ ( အသင်းလက်မဲ့) - ၁၄/၁
၇) အက်ဒီဟောင်း ( ဘွန်းမောက်) - ၁၆/၁
၈) ဆီမီယွန်နီ ( အက်သလက်တီကို) - ၂၅/၁








