ချင်းပြည်နယ် မြေပြိုဆည်ကျိုးကျမယ့် အန္တရယ်

ဓာတ်ပုံ ရင်းမြစ်, AFP
ချင်းပြည်နယ် တွန်းဇံမြို့မှာ သဘာဝအလျောက်ဖြစ်ပေါ်လာတဲ့ အဲဒီဒေသအခေါ် မြေပြိုဆည်ကြီးကို လာမယ့် မိုးရာသီမရောက်မီ အချိန်မှီပြုပြင်ဖို့လိုတယ်လို့ အဲဒီကို သွားရောက်ကွင်းဆင်းလေ့လာတဲ့ အဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က အဲဒီဒေသမှာ မိုးကြီးရေလျှံရာကနေ တောင်ကျချောင်းရေ ပိတ်ဆို့ပြီး တောင်ကုန်းနေရာတွေမှာ သဘာဝအလျောက် မြေပြိုဆည်လို့ ခေါ်တဲ့ ဆည်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
ဒါ့ကြောင့် မြေပြိုဆည်တွေကနေ ဖြစ်ပေါ်လာမယ့် ဘေးအန္တရယ်တွေ ကြိုတင်ကာကွယ်နိုင်ဖို့ ဆည်မြောင်း၊ ကယ်ဆယ်ရေး၊ သစ်တော၊ ဘူမိ၊ သတ္တုတွင်း စတဲ့ ဌာနဆိုင်ရာ (၁၀)ခု နဲ့ ဒေသဆိုင်ရာ လူမှုအဖွဲ့အစည်းတွေ ကနေ ကွင်းဆင်းလေ့လာမှုတွေကို ပြီးခဲ့တဲ့လကုန်ပိုင်းမှာ လုပ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီထဲက အကြီးဆုံး ဧက (၁၀၀) ကျော်ကျယ်ဝန်းတဲ့ မြေပြိုဆယ်ကြီးဟာ မိုးတွင်းကာလမှာ ရေလျှံပြီး ရုတ်တရက် ကျိုးပေါက်နိုင်မှာဖြစ်တဲ့အတွက် ဆည်မြောင်း ဌာနအပါအဝင် သက်ဆိုင်ရာဌာနတွေက အချိန်မီပြင်ဖို့လိုတယ်လို့ဆိုပါတယ်။
အဲဒီမြေပြိုဆည်အောက်ခြေမှာရှိတဲ့ ကျောက်သားတွေဟာ ဆည်ဆောက်လို့မရနိုင်တဲ့ အနေအထားမှာရှိလို့ အဲဒီတိုင်းထားလို့ လုံးဝမဖြစ်ဘူးလို့ အဲဒီကို သွားရောက်လေ့လာတဲ့ အဖွဲ့မှာ ပြင်ပ ပညာရှင်အဖြစ် ပါဝင်တဲ့ သစ်တောဦးစီးဌာနက အငြိမ်းစားညွှန်ကြားရေးမှူး ဦးမောင်မောင်သန်း က ပြောပါတယ်။
အဲဒီအနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေမှာ နေထိုင်သူတွေကြားမှာလည်း ဆည်ကျိုးကျခဲ့ရင် စိုက်ခင်းတွေနဲ့ ရွာတွေ ရေဘေးအန္တရယ်နဲ့ ရင်ဆိုင်ရမှာကို စိုးရိမ်တဲ့အကြောင်း တွန်းဇံမြို့ခံ ဦးဂျီအက်စ်မန်းက ပြောပါတယ်။
ချင်းပြည်နယ်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်နဲ့ ဩဂုတ်လ မိုးကြီး ရေကြီးမှု တွေ ဆိုးဆိုးရွာရွား ဖြစ်ပေါ်ခဲ့ပြီး ဟားခါး၊ တီးတိန်၊ တွန်းဇံ၊ ပလက်၀ စတဲ့ မြို့တွေမှာ အိမ်ခြေ ထောင်နဲ့ ချီပြီး ပျက်စီးခဲ့ပါတယ်။ တွန်းဇံမြို့မှာ ရှိတဲ့ ဟားခါးလေး ကျေးရွာအပါအဝင် ရွာတွေကိုလည်း ပြောင်းရွှေ့ခဲ့ရတာမျိုးတွေ ရှိခဲ့ပါတယ်။




