စိတ်ကြွဆေး ၂၇သန်း အမှု တရားခံတွေ လွတ်နေဆဲ

ရန်ကုန်၊ မင်္ဂလာဒုံ ဇေကမ္ဘာ စက်မှုဇုံဝင်း က ကုန်တင်ကား ပေါ်က စိတ်ကြွဆေးပြား ၂၇သန်းနီးပါး နဲ့ မြောက်ဒဂုံနဲ့ သာကေတမှာ ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြား ၂သန်းတို့နဲ့ပတ်သက်ပြီး ၄ဦးကို ဖမ်းဆီးမိခဲ့ပါတယ်။
အဲဒီအမှုမှာ ပါဝင်တဲ့ ၁၆ဦးထဲက ကျန်တဲ့ ၁၂ဦးကတော့ အခုထိ လွတ်နေဆဲပဲလို့ မြန်မာနိုင်ငံမူးယစ်ဗဟိုက တားဆီးနှိမ်နှင်းရေးဌာနက ဘီဘီစီကို ပြောပါတယ်။
ဖမ်းဆီးမိခဲ့သူတွေထဲမှာ မန်နေးဂျင်း ဒါရိုက်တာ အဆင့်ကနေ ကားမောင်းသမား အထိ ပါဝင်တယ်လို့ မူးယစ်ဗဟိုက ရဲမှူးကြီး မြင့်သိန်းက ပြောပါတယ်။ သူတို့ထဲက တချို့ဟာ ကုလားတန်မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ နဲ့ Arakan Bay ကုမ္ပဏီမှာ ဒါရိုက်တာ တွေဖြစ်ကြတယ်လို့ ရဲမှူးကြီး မြင့်သိန်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ကုန်ပိုင်းက မူးယစ်ဆေးတွေကို ဖမ်းဆီးရမိခဲ့တဲ့အချိန်မှာ ပစ္စည်းနဲ့ ကားပဲမိပြီး လူကို မမိခဲ့တဲ့အတွက် အချိန်ကြာခဲ့တာဖြစ်တယ်လို့ လည်းပြောပါတယ်။
ဒီအမှုမှာ အာဏာပိုင်ထဲက ထိပ်တန်းခေါင်းဆောင်တွေ ပါတယ်ဆိုပြီး သတင်းထွက်ပေါ်မှုတွေရှိနေပေမယ့် လောလောဆယ် စုံစမ်းစစ်ဆေးမှုတွေ အရတော့ အဲဒီလိုမျိုး ပါဝင်မှုမျိုး မရှိဘူးလို့ ပြောပါတယ်။
အခုဖမ်းဆီးသိမ်းဆည်းထားတဲ့ မူးယစ်ဆေးတွေဟာ ရှမ်းပြည်နယ် နယ်စပ်ဘက်က ထုတ်လုပ်တာ ဖြစ်နိုင်တယ်လို့ ရဲမှူးကြီး မြင့်သိန်းက ပြောပါတယ်။
အခုဖမ်းဝရမ်းထုတ်ထားတဲ့ ၁၂ ဦး ဟာ ပြည်ပကို ထွက်ခွာသွားတဲ့ အထောက်အထားတော့ မတွေ့ရတဲ့အတွက် ပြည်တွင်းမှာပဲ ရှိနေနိုင်တယ်လို့ ရဲမှူးကြီးမြင့်သိန်းက ပြောပါတယ်။




