ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထောင်နံရံတွေကြားက ဦးမညွတ်သူများ
မြန်မာဝတ်စုံကို ကျကျနနဝတ်ပြီး ဦးခေါင်းထက်မှာ ပန်းတွေ နှစ်နှစ်ခြိုက်ခြိုက် အမြဲပန်ဆင်လေ့ရှိသူ ကမ္ဘာကျော်ခေါင်းဆောင်တဦးကို မြန်မာစစ်အာဏာပိုင်တွေကတော့ ထောင်ဝတ်စုံကို ဝတ်ဆင်ခိုင်းပြီး တရားခွင်ကို လာရောက်စေပါတယ်။
စစ်အာဏာသိမ်းတဲ့နေ့ကစလို့ ဖမ်းဆီးခံရပြီးနောက် အမှုပေါင်းများစွာ ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဆုံး ပြစ်ဒဏ်ချခံရပြီးနောက်မှာတော့ အကျဉ်းသူတွေ ဝတ်သလိုမျိုး ဖျင်ကြမ်းအင်္ကျီအဖြူ လက်စက၊ ယောဂီရောင် ထဘီကို ဝတ်ဆင်ပြီး နောက်အမှုတွေအတွက် တရားရုံးကို လာရောက်နေရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ချခံထားရပေမယ့် သူ့ကို နေပြည်တော်က နေအိမ်တအိမ်မှာ ထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။
သူ့ကို အမှု ၅ မှုနဲ့ထောင်ဒဏ် ၄ နှစ်ချပြီးနောက် နောက်ထပ် တဒါဇင်လောက်ရှိတဲ့၊ အပြစ်ရှိတယ်လို့ဆုံးဖြတ်ရင် နှစ်ပေါင်း ရာဂဏန်းထိ ထောင်ချနိုင်တဲ့အမှုတွေနဲ့ ဆက်လက်ရင်ဆိုင်နေရပါတယ်။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လောလောဆယ် ကမ္ဘာ့အထင်ရှားဆုံး နိုင်ငံရေးအကျဉ်းသားတဦးလို့ ဆိုနိုင်ပေမယ့် မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံရသူ အရေအတွက်က တစ်သောင်းကျော်ရှိတယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့တွေက ပြောပါတယ်။
အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်အပြင် NLD အစိုးရထဲက တခြားခေါင်းဆောင်တွေ၊ နောက်ပြီး နိုင်ငံရေးနဲ့ လူမှုရေးနယ်ပယ်က အထင်ကရပုဂ္ဂိုလ်တွေ ဖမ်းဆီးခံရပါတယ်။
တစ်နှစ်အတွင်း လွှတ်တော်ကိုယ်စားလှယ် ၁၀၇ ဦးလည်း ဖမ်းဆီးခံရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။
နိုင်ငံရေး ပြစ်မှု
အာဏာသိမ်းပြီးနောက် အဖမ်းခံရသူ အများအပြားကတော့ မမှန်သတင်းဖြန့်မှု၊ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ နဲ့ တရားစွဲခံရပြီး NLD ခေါင်းဆောင်တွေကတော့ ပြစ်ဒဏ်ကြီးလေးတဲ့ အဂတိလိုက်စားမှုလို အမှုမျိုးတွေနဲ့ပါ တရားစွဲခံရပါတယ်။
NLD ရဲ့ ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်လည်း ၅၀၅ (ခ) အမှုအပြင် ကိုဗစ်စည်းမျဉ်းဖောက်ဖျက်မှု ပုဒ်မ ၂ ခုတို့အတွက် ဒီဇင်ဘာလ ၈ ရက်နေ့မှာ ထောင်ဒဏ် ၄ နှစ် ပြစ်ဒဏ်ချမှတ်ခံရပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားဝန်ကြီးချုပ်တွေလိုပဲ နောက်ထပ်လည်း အမှုတွေ ဆက်လက် ရင်ဆိုင်နေရပါတယ်။
ဒါက နိုင်ငံရေးရည်ရွယ်ချက်နဲ့ ထောင်ချတာသာ ဖြစ်တယ်၊ ပြစ်မှု ကျူးလွန်တာ မဟုတ်ဘူး။ သမိုင်းဆိုတာ အမြဲ စောင့်ကြည့်နေတယ်လို့ ဒေါက်တာ ဇော်မြင့်မောင်က တုံ့ပြန်ပြောဆိုကြောင်း သူနဲ့နီးစပ်တဲ့ ရှေ့နေအသိုင်းအဝိုင်းထံက သိရပါတယ်။
တီဘီနဲ့ ဆီးချိုအပြင် သွေးကင်ဆာဝေဒနာ အပြင်းအထန် ခံစားနေရတဲ့ ဒေါက်တာဇော်မြင့်မောင်ကို အာဏာပိုင်တွေဘက်က မိသားစုဝင်တွေနဲ့ ပေးတွေ့တာ မရှိသလို ကျန်းမာရေးဆိုင်ရာ အာမခံလျှောက်ထားမှုကိုလည်း ပယ်ချထားပါတယ်။
အနီးကပ် ဆေးကုသမှု အမြဲလိုအပ်နေပေမယ့် အမှုရုံးချိန်းတွေအတွက် အိုးဘို အကျဉ်းထောင်ထဲကနေ တရားခွင်ကို အပတ်စဉ် လာရောက်နေရပါတယ်။
ထောင်တွင်း လူ့အခွင့်အရေးအခြေအနေ ဆိုးရွား
ထောင်တွင်းမှာ ကျန်းမာရေးအခြေအနေ ဆိုးရွားလာပြီး သေဆုံးသူတွေလည်း ရှိပါတယ်။
ညှင်းပမ်းနှိပ်စက်မှုတွေနဲ့ အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက် တာတွေကြောင့် လွှတ်တော်ကိုယ်စားလှယ်(၁)ဦး အပါအဝင် လူစုစုပေါင်း (၁၄)ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မကြာခင်က ထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က တာဝန်ရှိသူတစ်ဦးကလည်း "ထောင်တွေထဲမှာ လူတွေ အရမ်းကြပ်ပြီး ကျန်းမာရေး စောင့်ရှောက်ရေး၊ စာရေးသောက်ရေးနဲ့ အိပ်ဖို့နေရာကအစ လုံလောက်မှု မရှိဘူး။ အကျဥ်းသား အချုပ်သားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေး မရသလို နိုင်ငံရေး အကျဥ်းသားတွေကို တမင်ရည်ရွယ်ချက်ရှိရှိ နှိပ်စက်ညှဥ်းပန်းမှုတွေ ရှိတယ်။ ရာဇဝတ်သားတွေနဲ့ အတူထားပြီး အလုပ်ကြမ်းတွေ စေခိုင်းတာတွေ ရှိသလို ငွေတောင်းခံတာ၊ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မျိုးစုံနဲ့ ရင်ဆိုင်နေရတယ်" လို့ ဘီဘီစီကို ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးကလည်း သူရင်ဆိုင်နေရတဲ့ အင်းစိန်ထောင်တွင်းက အခြေအနေက အတော်လေး ဆိုးရွားတယ်လို့ ဘီဘီစီကို သတင်းစကားပါးပါတယ်။
"၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်း သူထောင်ကျတုန်းကထက် အခု တကြိမ် ထောင်ကျတာ ပိုဆိုးတယ်။ နိုင်ငံရေး အကျဥ်းသားတွေအပေါ် လေးစားသမှုမရှိဘူး။ သတင်းအဆက်အသွယ် ဖြတ်တောက်ခံထားရတယ်။ စစ်တပ်ပိုင် သတင်းစာတောင် ပေးမဖတ်တော့ဘူး" လို့ ကိုမြအေးက ပြောဆိုကြောင်း ရှေ့နေတွေကတစ်ဆင့် သိရပါတယ်။
အထူးသဖြင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ ခေါ် ကိုကျော်မင်းယု အဖမ်းဆီးခံရပြီးနောက်ပိုင်း သတင်းအချက်အလက် ရယူပိုင်ခွင့် လုံးဝ ပိတ်ပင်ခံထားရတယ်လို့လည်း ပြောပါတယ်။
စစ်အာဏာသိမ်းမှုကို ပုံစံမျိုးစုံနဲ့ တွန်းလှန်နေကြတဲ့ ပြည်သူတွေကိုလည်း ရေရှည်သွားရမယ့် ခရီးဖြစ်လို့ ယုံကြည်ချက်ကို သေချာ ဆုပ်ကိုင်ထားကြဖို့ ဝါရင့် နိုင်ငံရေးသမား ကိုမြအေးက တိုက်တွန်းပါတယ်။
အကျဉ်းသား ၈၀၀၀ ကျော်
အာဏာသိမ်းပြီးနောက် တစ်နှစ်ပြည့်တဲ့အချိန်မှာ ဖမ်းဆီးခံထားရသူ အကျဉ်းသား ၈ ထောင်ကျော် ရှိနေသေးတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ သုတေသန ကိန်းဂဏန်းတွေအရ သိရပါတယ်။
အလွှာပေါင်းစုံ၊ နယ်ပယ်စုံက လူတွေ ဖမ်းဆီးခံရသလို ဖမ်းဆီးထိန်းသိမ်းခံရသူ အများစုက လူငယ်တွေ ဖြစ်ကြတယ်လို့ AAPP က ပြောပါတယ်။
ဒေါက်တာဇော်မြင့်မောင်ကလည်း "ပညာတတ် လူငယ်လူရွယ် အများကြီးကို ရုံးထုတ်တာ မြင်ရတော့ စိတ်မကောင်းဘူး။ အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး ပြည်သူအားလုံးအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေက အမြင့်ဆုံး ရောက်နေတာ တွေ့ရတယ်။ ရင်နာစရာ အပြုအမူတွေကို မျက်ဝါးထင်ထင် တွေ့နေရတာကို စိတ်အတော် မကောင်းဖြစ်မိတယ်" လို့ ပြောဆိုကြောင်း ရှေ့နေတွေကတစ်ဆင့် သိရပါတယ်။
မုံရွာက သပိတ်ခေါင်းဆောင်
ပန်ဒါလေးလို့ ပြည်သူတွေက ချစ်စနိုးခေါ်လေ့ရှိတဲ့ မုံရွာဆန္ဒပြခေါင်းဆောင် ကိုဝေမိုးနိုင်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ဧပြီလ ၁၅ ရက်နေ့မှာ ကားနဲ့တိုက် ဖမ်းဆီးပြီး မုံရွာအကျဥ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။
သူ့ကို လူသတ်မှုအပါအဝင် အမှုပေါင်း ၈ မှုနဲ့ တရားစွဲဆိုထားပေမယ့် ကိုဝေမိုးနိုင်ကတော့ သူအပြစ်လုပ်မထားတဲ့အကြောင်း အခိုင်အမာ ပြောဆိုထားပါတယ်။
အမေတခု သားတခု ဖြစ်လို့ အကျဥ်းထောင်ထဲကနေ မိခင်ကြီးရဲ့ အခြေအနေကို စိတ်ပူရင်း သူ့ကို မျှော်နေရှာတဲ့ မိခင်ကိုလည်း နှစ်သိမ့်လေ့ရှိတယ်လို့ ကိုဝေမိုးနိုင်ရဲ့ မိခင်က ပြောပါတယ်။
"တော်လှန်ရေးအောင်မှသာ သူလွတ်မြောက်နိုင်တော့မယ်။ သူ့ကို ကြိုက်သလောက် အမိန့်ချပါစေ သူ မကျူးလွန်တဲ့အမှုတွေအတွက် ပြန်ပြီး ခုခံချေပမယ်" လို့ မှာလေ့ရှိတဲ့အကြောင်း မိခင်ဖြစ်သူက ပြန်ပြောပြပါတယ်။
လူငယ်တွေရဲ့ ခိုင်မာတဲ့ ယုံကြည်ချက်
အာဏာသိမ်းမှုကို ပုံစံမျိုးစုံနဲ့ ဆန့်ကျင် ဆန္ဒပြကြရင်း ဖမ်းဆီးခံလိုက်ရပေမယ့် မတရားမှုကို အဆုံးထိတိုက်ပွဲသွားမယ်လို့ ဖမ်းဆီးခံထားရတဲ့၊ ထောင်ချခံထားရတဲ့ လူငယ်တချို့က ပြောပါတယ်။
ဘီဘီစီက ဆက်သွယ်ခွင့်ရခဲ့တဲ့ ဖမ်းဆီးခံထားရသူ လူငယ်တဦးက - သူ့အနေနဲ့ အဓမ္မတရားကို မျက်ကွယ်မပြုဘဲ တိုက်ပွဲဝင်ခဲ့တဲ့အတွက် ကျေနပ်တယ်၊ အာဏာရှင်တွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကိုပဲ ဖမ်းဆီးချုပ်နှောင်လို့ရမယ်။ သူတို့သွေးထဲမှာ စီးဆင်းနေတဲ့ တော်လှန်ရေးစိတ်ဓာတ်ကိုတော့ တားဆီးလို့မရဘူး။ အာဏာသိမ်းမှုကို ပုံစံမျိုးစုံနဲ့ ဆန့်ကျင်သွားဖို့ သန္နိဋ္ဌာန်ချထားတယ်လို့လည်း ဆိုပါတယ်။
မကြာခင်လပိုင်းမှာ အသက် ၇၇ နှစ် ပြည့်တော့မယ့် ဒေါ်အောင်ဆန်းစုကြည်ကလည်း
"ပြည်သူတွေ အပြန်အလှန် စောင့်ရှောက်ကူညီကြဖို့၊ ညီညီညွတ်ညွတ် ရှိကြပြီး စိတ်ဓာတ်ခိုင်ခိုင်မာမာ ထားကြဖို့" ရှေ့နေတွေကတစ်ဆင့် အမှာစကား ပါးထားပါတယ်။