ဝန်ကြီးချုပ်ဟောင်းသက်ဆင်နဲ့ မြန်မာအတိုက်အခံအင်အားစုတွေ‌တွေ့ဆုံမှု ထိုင်းအစိုးရမူဝါဒမဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးပြော

သက်ဆင်နဲ့မြန်မာအတိုက်အခံအင်အားစုတွေ့ဆုံမှုထိုင်းအစိုးရအမြင်သတင်းအပါအဝင် မေလ ၈ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • သက်ဆင် မြန်မာအတိုက်အခံအင်အားစုတွေနဲ့တွေ့ဆုံမှု ထိုင်းအစိုးရနဲ့မသက်ဆိုင်ကြောင်း ငြင်းလာ
  • KIA/PDFက ဝိုင်းမော်နဲ့မိုးမောက်ကိုသိမ်းယူတဲ့ တိုက်ပွဲပြင်းထန်နေ
  • ဟွန်ဆန်ရဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သတ်တဲ့တောင်းဆိုချက်ကို စစ်ခေါင်းဆောင်စဉ်းစားမယ်လို့ပြော
  • လာမယ့်မေလ ၁၆ရက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အစ်ကိုဖြစ်သူရဲ့အမွေဆိုင်အမှု ဆက်ကြားနာဖို့ရှိ
  • အစ္စရေးကိုဗုံးပို့တာရပ်ထားတယ်လို့ အမေရိကန်အကြီးတန်းအရာရှိပြော
  • မွန်၊ကရင်နဲ့ တနင်္သာရီကလူငယ် ၆၀၀ကျော် ဖိအားခံရပြီး စစ်သင်တန်းတက်နေရ
  • နယ်မြေစိုးမိုးမှုအရ အရေးပါတဲ့ ပဲဒက်တပ်စခန်း တော်လှန်ရေးအင်အားစုသိမ်း
  • အပစ်ရပ် ၇ ဖွဲ့ လုပ်ငန်းကော်မတီစုဖွဲ့မှု ပအိုဝ်းအဖွဲ့ (PNLO) မပါနိုင်သေး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မေလ ၈ ရက် ဘီဘီစီမြန်မာပိုင်းနောက်ဆုံးရသတင်းတွေကို တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။

  2. အပစ်ရပ် ၇ ဖွဲ့ လုပ်ငန်းကော်မတီစုဖွဲ့မှု ပအိုဝ်းအဖွဲ့ (PNLO) မပါနိုင်သေး

    ၂၀၂၄ မတ်လ ချင်းမိုင်မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း (၇)ဖွဲ့၏ မျက်နှာစုံညီအစည်းအဝေး (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, 7 EAO Alliance

    ဓာတ်ပုံ ပုံစာ, ၂၀၂၄ မတ်လ ချင်းမိုင်မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၇)ဖွဲ့ရဲ့ မျက်နှာစုံညီအစည်းအဝေး (ပုံဟောင်း)

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၇)ဖွဲ့ရဲ့မဟာမိတ်အဖွဲ့ (7EAO Alliance)ရဲ့ လုပ်ငန်းကော်မတီကို ဖွဲ့စည်းလိုက်ပြီး ဒီထဲမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်အရေးအဖွဲ့ချုပ်(PNLO) ကိုယ်စားလှယ်တော့မပါနိုင်သေးဘူးလို့ အဲဒီကော်မတီပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။

    ဧပြီလ ၇ ရက်နဲ့ ၈ ရက်မှာပြုလုပ်တဲ့ ဦးဆောင်အဖွဲ့အစည်းအဝေးမှာ မဟာမိတ်အဖွဲ့ရဲ့ နိုင်ငံရေးရည်ရွယ်ချက်၊ ရည်မှန်းချက်နဲ့ရှေ့လုပ်ငန်းစဉ်တွေ ဆွေးနွေးခဲ့ပြီး လုပ်ငန်းကော်မတီဖွဲ့စည်းတာကိုလည်းလုပ်နိုင်ခဲ့တာပါ။

    “PNLOက အဖွဲ့ရဲ့အစည်းအဝေးတိုင်းကို တက်ပါတယ်။ အဖွဲ့တွင်း ညှိနှိုင်းစရာတွေ ရှိနေလို့ PNLO ကိုယ်စားလှယ်တွေ မပါနိုင်သေးတာပါ” လို့ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။

    PNLO က လုပ်ငန်းကော်မတီအပြင် ဦးဆောင်အဖွဲ့နဲ့အတွင်းရေးမှူးအဖွဲ့မှာလည်း ပါဝင်ထားခြင်း မရှိသေးတာပါ။

    7 EAO Alliance လုပ်ငန်းကော်မတီ ၆ ခုကို နိုင်ငံရေးဆွေးနွေးမှုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ လုံခြုံရေးကော်မတီ၊ အရပ်သားကာကွယ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုအကူညီပေးရေးကော်မတီ၊ ရန်ပုံငွေကော်မတီနဲ့ အမျိုးသမီးနဲ့လူငယ်ကော်မတီဆိုပြီး ဖွဲ့စည်းလိုက်တာပါ။

    နိုင်ငံရေးဆွေးနွေးမှုကော်မတီနဲ့ ရန်ပုံငွေရှာဖွေရေးကော်မတီကို အတွင်းရေးမှူးအဖွဲ့က တာဝန်ယူထားပြီး ကျန်ကော်မတီ ၄ ခုကို မဟာမိတ်အဖွဲ့ထဲက ကိုယ်စားလှယ်၂၈ ဦးနဲ့ ဖွဲ့ စည်းလိုက်တာပါ။

  3. ထားဝယ်၊ ပဲဒက်စစ်ကောင်စီတပ်စခန်းကို KNLA/PDF သိမ်းပိုက်, စစ်ကောင်စီတပ်ဖွဲ့ဝင်ဆယ်နဲ့ချီဖမ်းဆီးခံရသလို ထွက်ပြေးသွားသူတွေရှိနေ

    ပဲဒက်စခန်းမှာ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားတွေ

    ဓာတ်ပုံ ရင်းမြစ်, Dawei Watch

    ဓာတ်ပုံ ပုံစာ, ပဲဒက်စခန်းမှာ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားတွေ

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ပဲဒက်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA/PDF နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေကဒီကနေ့ မေ ၈ ရက်သိမ်းယူနိုင်ချိန်မှာ စစ်ကောင်စီတပ်သား ၂၀ ခန့် ဖမ်းဆီးရမိတယ်လို့ တနင်္သာရီတိုင်းစစ်ဌာန ပြောရေးဆိုခွင့်ရှိသူကဘီဘီစီကိုပြောပါတယ်။

    ဒီစခန်းဟာ ရန်ကုန်-ကော့သောင်း အမှတ်၈ လမ်းမကြီးရဲ့ ထားဝယ်-မြိတ်လမ်းပိုင်းမှာရှိပြီး နယ်မြေစိုးမိုးမှုအရ အရေးပါတဲ့စခန်းဖြစ်တယ်လို့ သူကပြောပါတယ်။

    “ဒီစခန်းက ခရီးသွားပြည်သူတွေကိုမထင်ရင်မထင်သလို ဂိတ်ကြေးကောက်နေတာ။ အခုသိမ်းပြီးတော့ အခြေအနေကမငြိမ်သေးဘူး။ ထွက်ပြေးနေတဲ့စစ်ကောင်စီတပ်သားတွေကိုလည်း လိုက်ဖမ်းနေတာရှိတယ်။ မနက်ဖြန်တော့အသေးစိတ်ထုတ်ပြန်မှာပါ”လို့ ဘီဘီစီကိုပြောပါတယ်။

    ပဲဒက်တပ်စခန်းကို ဧပြီ ၅ရက်နေ့မှာ KNUနဲ့ပူးပေါင်းတပ်ဖွဲ့တွေစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၄ ရက်မြောက်မှာ သိမ်းနိုင်ခဲ့တာပါ။

    ဒီနှစ်ထဲမှာ တော်လှန်ရေးတပ်တွေကနေ ထားဝယ်ခရိုင်ထဲက တပ်စခန်း ၃ ခုကိုသိမ်းထားနိုင်ပြီး စစ်ကောင်စီတပ်သားတွေဆုတ်ခွာသွားတဲ့ရှေ့တန်းစခန်းတချို့ကိုမတိုက်ဘဲရယူထားနိုင်တာလည်းရှိတယ်လို့ တနင်္သာရီတိုင်းစစ်ဌာနက နေသိရပါတယ်။ စစ်ကောင်စီကတော့ ပဲဒက်စခန်းနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

  4. နိုင်ငံတောင်ပိုင်းဒေသ ၃ခုက လူငယ် ၆၀၀ကျော် ဖိအားခံရပြီးစစ်သင်တန်းတက်နေရတယ်လို့ မွန်လူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်

    သံဖြူဇရပ်မြို့နယ်ထဲက အမှတ် (၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ဝဲကလီမှာ စစ်သင်တန်းတက်နေသူတွေ

    ဓာတ်ပုံ ရင်းမြစ်, HURFOM's field network

    ဓာတ်ပုံ ပုံစာ, သံဖြူဇရပ်မြို့နယ်ထဲက အမှတ် (၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း ဝဲကလီမှာ စစ်သင်တန်းတက်နေသူတွေ

    မွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက လူငယ် ၆၀၀ကျော်ဟာ စိတ်ဆန္ဒမပါဘဲ စစ်ကောင်စီရဲ့စစ်သင်တန်းတက်နေရတယ်လို့ မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်းက စစ်တမ်း‌နဲ့ ထုတ်ပြန်လာပါတယ်။

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က ဝဲကလီအမှတ်(၄)တပ်မတော်တန်းမြင့်စစ်သင်တန်းကျောင်းနဲ့ ပလောက တတက ၁၂ တို့မှာ အပတ်စဉ် ၁ လူစုဆောင်းချိန်မှာ ဖိအား‌ပေးခံရပြီး တက်နေကြရတာလို့ မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်းရဲ့ စီမံကိန်းညွှန် ကြားရေးမှူး နိုင်အဲမွန်ကပြောပါတယ်။

    မွန်၊ ကရင်နဲ့ တနင်္သာရီက မြို့နယ်ပေါင်း ၁၇မြို့နယ်ကို ဦးတည်စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။

    “ဒီအရေအတွက်ထဲက ၉၇ ရာခိုင်နှုန်းလောက်ဟာ ဖိအားပေးခေါ်ဆောင်ခံရသူတွေပါ။ ရပ်/ ကျေးကထည့်လိုက်တဲ့ စာရင်းထဲပါတာ၊ မဲနှိုက်လို့ပေါက်တာနဲ့ မိဘတွေကိုဖိအားပေးပြီးခေါ်တာတွေပေါ့။ မဲနှိုက်လည်း ပေါက်မဲကများတယ်။ ဒါကပထမအသုတ်ပဲ ရှိသေးတယ်။အခုလည်း ဒုတိယအသုတ်အတွက် ထပ်ပြီးစာရင်းကောက်ယူခံ ထားရသူတွေရှိသေးတယ်” လို့ သူကပြောပါတယ်။

    ဒီအချက်အလက်တွေကို လူ့အခွင့်အရေးကွန်ရက်ထဲက ဒေသမှာရှိတဲ့ အချက်အလက်ကောက်ယူသူတွေဆီကနေ စုစည်းရယူထားတာဖြစ်တယ်လို့ စစ်တမ်းကဖော်ပြပါတယ်။

    စာရင်းထဲပါပြီး စစ်မှုမထမ်းလိုတဲ့သူရဲ့မိသားစု ၅ စု ကို ကျပ်သိန်းဆယ်ချီ အတင်းအဓမ္မငွေကြေးတောင်းခံတာရှိတယ်လို့မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်းက ‌ဖော်ပြထားပါတယ်။

    “ ငွေပေးရင် စာရင်းထဲကဖြတ်ပေးမယ်လို့လာညှိတာရှိပါတယ်။ အိမ်ကဒါမျိုးမပေးချင်လို့ ကျွန်တော့်ကို ထိုင်းလွှတ်လိုက်တာ”လို့ စစ်မှုထမ်း ဥပဒေအသက်ဝင်မှုကြောင့် မွန်ပြည်နယ် က‌နေ ထိုင်းကို တိမ်းရှောင်လာတဲ့ လူငယ်တစ်ဦးကပြောပါတယ်။

    ဒီလို နိုင်ငံပြင်ပထွက်တဲ့လူငယ်တွေအပြင် မွန်ပြည်နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကိုဝင်သွား တဲ့လူငယ် ၈၀ ဝန်းကျင်လောက်ရှိတယ်လို့မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်းကနေသိရပါတယ်။

    စစ်ကောင်စီကတော့ စစ်မှုထမ်းစာရင်း‌‌ကောက်ယူမှုတွေအတွက် ရပ်/ကျေး အဆင့်လိုက်တာဝန်ပေးထားသလို စစ်မှုထမ်းအတွက် ငွေကြေးကောက်ခံတယ်ဆိုတာကလည်း အများဆန္ဒနဲ့ ပေးကြတာသာဖြစ်တဲ့သဘော ထုတ်ပြန်ပြောဆိုထားပါတယ်။ ဒါပေမဲ့ အဓမ္မငွေကြေးတောင်းခံမှုတွေသိရှိထားရင်တော့ ဥပဒေနဲ့အညီအရေးယူမယ်လို့ တုံ့ပြန်ထားပါတယ်။

    ဗီဒီယို ပုံစာ, အရန်တပ်ဖွဲ့ဝင်ဥပဒေအရ စစ်မှုထမ်းဆင့်ခေါ်မှုတွေ စတင်
  5. အစ္စရေးကို ဗုံးတွေပို့တာ ရပ်ထားတယ်လို့ အမေရိကန်ပြော

    ရာဖာအရှေ့ပိုင်းကို အစ္စရေးရဲ့ မြေပြင် ထိုးစစ်ဆင်မှု

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, ရာဖာအရှေ့ပိုင်းကို အစ္စရေးရဲ့ မြေပြင် ထိုးစစ်ဆင်မှု

    အစ္စရေးနိုင်ငံကို ဗုံး‌တွေ ပို့ထားတာ ရပ်ထားတယ်လို့ အမေရိကန်အကြီးတန်းအရာရှိတစ်ယောက်က ‌ပြောလာပါတယ်။

    ဂါဇာတောင်ပိုင်းက ရာဖာမြို့ကို အစ္စရေးက မြေပြင်ထိုးစစ်ဆင်မှုကြီး မစတင်ခင်မှာပဲ စိုးရိမ်ချက်တွေကြောင့် ဗုံးတွေပို့တာကို ပြီးခဲ့တဲ့တစ်ပတ်မှာ ဆိုင်းငံ့ခဲ့တာလို့ အဲဒီအမေရိကန်အရာရှိက ပြောတဲ့အကြောင်း ဘီဘီစီရဲ့ အမေရိကန်သတင်းမိတ်ဖက် စီဘီအက်စ် သတင်းဌာနက ပြောပါတယ်။

    ပို့ဖို့ ဆိုင်းငံ့ထားတဲ့ဗုံးတွေဟာ ပေါင် ၁,၈၀၀၊ ပေါင် ၂,၀၀၀ နဲ့ ၁,၇၀၀ ဗုံးတွေ ပါဝင်တယ်ဆိုပြီး အဲဒီအရာရှိက ပြောတယ်လို့ ဆိုပါတယ်။

    ရာဖာမှာရှိတဲ့ အရပ်သားတွေရဲ့လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး အမေရိကန်ဘက်က စိုးရိမ်ချက်ကို အစ္စရေးဘက်က ပြည့်ပြည့်ဝဝ မဖြေရှင်းတာကလည်း အချက်တချက် အနေနဲ့ ပါတယ်လို့ အဲဒီအရာရှိက ပြောပါတယ်။

    ဒီ အပေါ် အစ္စရေးကတော့ မှတ်ချက်တစုံတရာ ပြောမထားသေးပါဘူး။

    ဂါဇာကမ်းမြောင်မှာတော့ အီဂျစ်နိုင်ငံနယ်စပ်နဲ့ထိစပ်နေတဲ့ ရာဖာ နယ်စပ်ဖြတ်ကျော်နေရာကို အစ္စရေးတပ်ဖွဲ့တွေက တင့်ကားတွေအထောက်အကူနဲ့ ထိန်းချုပ်လိုက်ပြီး နာရီပိုင်းအကြာမှာပဲ အစ္စရေးက ညလုံးပေါက်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ထားပါတယ်။

    ရာဖာနယ်စပ် အရေးပါမှုကိုလည်း ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  6. စစ်မှုထမ်း ဥပဒေနဲ့ စစ်သင်တန်း အမှတ် ၂ ဖွင့်ဖို့ ပြင်ဆင်နေ

    စစ်ကောင်စီအသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အပတ်စဉ် ၂ စစ်သင်တန်းတွေကို မကြာခင်မှာ စတင်ဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီရဲ့ စစ်မှုထမ်း ဗဟို ဆင့်ခေါ်ရေး အဖွဲ့ က ပြောဆိုပါတယ်။ အပတ်စဉ် ၂ စစ်သင်တန်းတွေကို ဘယ်အချိန်မှာ ဖွင့်ဖို့ ပြင်ဆင်နေပါသလဲ။ ဒီအကြောင်း ကိုမောင်က ပြောပြထားတာကို ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

    ဗီဒီယို ပုံစာ, စစ်မှုထမ်း ဥပဒေနဲ့ စစ်သင်တန်း အမှတ် ၂ ဖွင့်ဖို့ ပြင်ဆင်နေ
  7. ထိုင်းမှာ ရိုက်နှက်စွန့်ပစ်ခံရတဲ့မြန်မာ MOU လုပ်သား

    ရိုက်နှက်ခံရတဲ့အမျိုးသား

    ဓာတ်ပုံ ရင်းမြစ်, ပေးပို့

    ဓာတ်ပုံ ပုံစာ, ရိုက်နှက်ခံရတဲ့အမျိုးသား

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ၊ နကော့ပထုမ်မြို့က ဝက်သတ်ရုံမှာ အလုပ်လုပ်တဲ့ မြန်မာ MOU အမျိုးသားအလုပ်သမားတစ်ဦးကို အလုပ်ရုံပိုင်ရှင်နဲ့ ညီအကိုဖြစ်သူတွေက ထိုးနှက်ပြီး စွန့်ပစ်မှု ဖြစ်ပွားခဲ့ပါတယ်။

    ဒီဖြစ်ရပ်ကြောင့် အဲဒီအမျိုးသားဟာ ဆေးရုံတက် ဆေးကုသမှုခံယူနေရသလို ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ ထိုင်းအလုပ်ရှင် အမျိုးသားလည်း အမှုဖွင့် ဝရမ်းထုတ်ခံထားရပါတယ်။

    အဲဒီအလုပ်ရုံမှာအလုပ်လုပ်နေတဲ့ နောက်ထပ် MOU လုပ်သား ၃၀ ကျော်ကိုတော့ မြန်မာအလုပ်သမား သံအရာရှိရုံးနဲ့ မြန်မာအလုပ်သမားအရေးကူညီပေးနေသူတွေက စောင့်ရှောက်ထားပါတယ်။

    တဖက်မှာလည်း ရိုက်နှက်ခံရတဲ့အမျိုးသားဖြစ်ရပ်ဟာ သက်ဆိုင်ရာအလုပ်သမားဝန်ကြီးဌာနအသိအမှတ်ပြုမှုနဲ့ တရားဝင် အလုပ်လုပ်ကိုင်တဲ့ မြန်မာ MOU လုပ်သားတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရမှုကို မီးမောင်းထိုးပြနေပါတယ်။

    ထိုင်းရောက် MOU လုပ်သားတွေ ဘာတွေကြုံတွေ့နေရလဲ။ အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  8. ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူရဲ့ ခြံနံပါတ် ၅၄ အမွေဆိုင်အမှု တရားရုံးကြားနာမှုဆက်ရှိမယ်

    ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ် က အမွေဆိုင်အိမ်ခြံနံပါတ် ၅၄

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ် က အမွေဆိုင်အိမ်ခြံနံပါတ် ၅၄

    လေလံဆွဲသူမရှိဖြစ်ခဲ့တဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူဦးအောင်ဆန်းဦးတို့ရဲ့ ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ် က အမွေဆိုင်အိမ်ခြံနံပါတ် ၅၄ အမှုအတွက် လာမယ့် မေလ ၁၆ ရက်မှာ တရားရုံးကြားနာမှုရှိနေတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေသိရပါတယ်။

    ဒီကြားနာမှုဟာ လေလံပွဲပြီးတဲ့နောက် တတိယအကြိမ်ဖြစ်ပြီး တရားနိုင်ဦးအောင်ဆန်းဦးဘက်ကနေ တရားရုံးကိုတင်ပြမှုလျှောက်ထားမှာဖြစ်တယ်လို့ တရားရေးအသိုင်းအဝိုင်းကြားပြောဆိုမှုတွေအရသိရပါတယ်။

    ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်က လေလံပစ်ချိန်မှာ လေလံဆွဲသူမရှိဖြစ်ခဲ့တဲ့ နောက် မတ်လ ၂၁ ရက်မှာ တရားရုံးကို လေလံပစ်တဲ့အခြေအနေနဲ့ ပတ်သက်ပြီး အစီရင်ခံစာတင်ပြထားတာဖြစ်ပါတယ်။

    လာမယ့် မေ ၁၆ ရက် ရုံးချိန်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူတို့ရဲ့ အမွေဆိုင်အိမ် ခြံနံပါတ် ၅၄ အမှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆုံးဖြတ်ထားတဲ့ ရပိုင်ခွင့်အတိုင်းအကောင်အထည်ဖော်နိုင်ဖို့ တင်ပြလျှောက်ထားဖို့ရှိတယ်လို့လည်း ဦးအောင်ဆန်းဦးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းဘက်ကနေသိရပါတယ်။

    ငွေကျပ် ၃၁၅ ဘီလျံ (ဗဟိုဘဏ် ဒေါ်လာလဲနှုန်း သတ်မှတ်ချက်အရ အမေရိကန်ဒေါ် သန်း ၁၅၀ နီးပါး)တန်ပြီး နှစ်ဧကနီးပါးကျယ်တဲ့ အဲဒီ ခြံကိုဝယ်ဖို့ မြန်မာနိုင်ငံမှာ ငွေကြေးတတ်နိုင်သူတွေရှိပေမယ့် နိုင်ငံရေးနဲ့ သမိုင်းကြောင်း ဆက်နွှယ်မှုတွေကြောင့် ဒီအိမ်နဲ့ခြံကို ဝယ်သူမရှိနိုင်ဘူးလို့ စီးပွားရေးနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက အစောပိုင်းကတည်းက သုံးသပ်ပြောဆိုထားကြတာဖြစ်ပါတယ်။

    ဥပဒေအရဆိုရင် လေလံတင်တဲ့နေ့မှာ လေလံဆွဲမယ့်သူမရှိခဲ့ရင်တော့ နောက်ပိုင်းမှာ လေလံကြမ်းခင်းစျေးကို ပြင်ဆင်တာမျိုးလုပ်နိုင်ပြီး သတ်မှတ်တဲ့ ကြမ်းခင်းစျေးနဲ့ လေလံဆွဲမယ့်သူမရှိတာ၊ ‌လေလံမအောင်တာဆိုရင် နောက်တစ်လမှာ ကြမ်းခင်းစျေးကို ပြင်ဆင်ဖို့ နှစ်ဖက်ရှေ့နေတွေက ပြန်လည်လျှောက်ထားရမှာဖြစ်ပြီး အဲဒီစျေးနှုန်းနဲ့ ကြမ်းခင်းစျေး ပြင်ဆင်သတ်မှတ်တဲ့အမိန့်ကို တရားသူကြီးက ဆုံးဖြတ်ပေးရမှာဖြစ်ပါတယ်။

    ဒါပေမဲ့ လက်ရှိအချိန်အထိကတော့ မေလ ၁၆ ရက် ရုံးချိန်းမှာ ဘယ်လိုတင်ပြချက်တွေရှိလာမလဲဆိုတာကတော့ တိတိကျကျသိရတာမရှိသေးပါဘူး။

    ဗီဒီယို ပုံစာ, ခြံအမှတ် ၅၄ လေလံတင် ရောင်းချမှု မအောင်မြင်
  9. ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ပေးဖို့ ဟွန်ဆန်ရဲ့တောင်းဆိုချက် မြန်မာစစ်ခေါင်းဆောင်စဥ်းစားမယ်လို့ဆို

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ၂၀၁၉ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံကို သုံးရက်ကြာအလည်အပတ်ခရီးသွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖနွမ်းပင်မြို့က ငြိမ်းချမ်းရေးနန်တော်မှာ ဂုဏ်ပြုတပ်ဖွဲ့ရဲ့ အလေးပြုမှု မခံယူခင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့အတူ မြင်တွေ့ရတာဖြစ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ၂၀၁၉ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံကို သုံးရက်ကြာအလည်အပတ်ခရီးသွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖနွမ်းပင်မြို့က ငြိမ်းချမ်းရေးနန်းတော်မှာ ဂုဏ်ပြုတပ်ဖွဲ့ရဲ့ အလေးပြုမှု မခံယူခင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့အတူ မြင်တွေ့ရတာဖြစ်ပါတယ်

    ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ စကားပြောခွင့်ပေးဖို့အပါအဝင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ရဲ့ တောင်းဆိုချက်တွေကိုမြန်မာစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းစဥ်းစားမယ်လို့‌ တုံ့ပြန်ခဲ့တဲ့အကြောင်း ကမ္ဘောဒီးယားနိုင်ငံပိုင် သတင်းထုတ်ပြန်ရေး ဝက်ဘ်ဆိုက်ကဖော်ပြပါတယ်။

    မစ္စတာဟွန်ဆန်ဟာ လက်ရှိ ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အွန်လိုင်းကနေ တွေ့ဆုံချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း အွန်လိုင်းကနေ တွေ့ဆုံခွင့်ပေးရေး တောင်းဆိုလိုက်တာဖြစ်ပါတယ်။

    မစ္စတာ ဟွန်ဆန်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့သူဟာ အာဆီယံရေးရာတွေမှာ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးတဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်ခဲ့ဖူးတာကြောင့် တွေ့ခွင့်ရရေး မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံချိန် တောင်းဆိုခဲ့တာလို့ ကမ္ဘောဒီးယားနိုင်ငံပိုင် သတင်းတွေက ဖော်ပြပါတယ်။

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အာဆီယံထိပ်သီးဆွေးနွေးပွဲတွေကို နိုင်ငံရေးကိုယ်စားမပြုသူတွေကို ဆက်ပြီးစေလွှတ်သွားဖို့၊ သူ့ကို ကိုယ်စားပြုမယ့်သံတမန်တစ်ဦးကို ကမ္ဘောဒီးယားနိုင်ငံကို မကြာခင်စေလွှတ်ပေးဖို့ သဘောတူခဲ့သလို မစ္စတာ ဟွန်ဆန်တောင်းဆိုထားတဲ့အခြားအချက်တွေကိုလည်း စဥ်းစားမယ်လို့ပြောဆိုခဲ့တာဖြစ်ပါတယ်။

    ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ပေးရေး မစ္စတာဟွန်ဆန်တောင်းဆိုချက်ကိုလည်း ဗိုလ်ချုပ်မှူးကြီးဘက်ကစဥ်းစားမယ်ဆိုပြီး တုံ့ပြန်ခဲ့တာလို့ နားလည်ရပါတယ်။

    ဒါပေမဲ့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ဆွေးနွေးချက်တွေကိုထည့်သွင်းထုတ်ပြန်ထားတာမတွေ့ရပါဘူး။

    စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးဆွေးနွေးပွဲတွေကို တက်ရောက်ခွင့် ပိတ်ပင်ထားပြီး နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုပဲ တက်ရောက်ခွင့် ပေးဖို့ အာဆီယံဘက်က ဆုံးဖြတ်ထားတာ ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းကတည်းကဖြစ်ပါတယ်။

    အဲဒီကတည်းက အာဆီယံထိပ်သီးဆွေးနွေးပွဲတွေကို စစ်ကောင်စီက ကိုယ်စားလှယ်စေလွှတ်တာမျိုး မရှိခဲ့ပဲ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ကို ပထမဆုံးစေလွှတ်ခဲ့ပါတယ်။

    ဗီဒီယို ပုံစာ, ကမ္ဘောဒီးယား ဝန်ကြီးချုပ် မြန်မာပြည်ရောက်ရှိ
  10. ကချင်၊ ဝိုင်းမော်နဲ့ မိုးမောက်မှာ KIA/PDF နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဆက်ပြင်းထန်နေ

    KIA အမျိုးသမီးတပ်ဖွဲ့ဝင်တွေ

    ဓာတ်ပုံ ရင်းမြစ်, KNG

    ဓာတ်ပုံ ပုံစာ, KIA အမျိုးသမီးတပ်ဖွဲ့ဝင်တွေ

    ကချင်ပြည်နယ်၊ ဝိုင်းမော်နဲ့ မိုးမောက်မြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ တပ်စခန်းကြီး၊ စခန်းသေးတွေ‌ရှိနေသေးတာ‌ကြောင့် ‌ကချင်လွတ်လပ်ရေးတပ်‌ KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တွေက အဲဒီနေရာတွေကိုဆက်ပြီးထိုးစစ်ဆင်တိုက်နေပြီး ဒီနေ့ ဧပြီ ၈ရက်မနက်ပိုင်းအထိ တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ ကေအိုင်အေပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကိုပြောပါတယ်။

    “ ဝိုင်းမော်မှာ တပ်စခန်းတော်တော်များများသိမ်းနိုင်ပြီဆိုပေမယ့် တောင်ပေါ်တကြောကစခန်းတွေကျန်ပါသေးတယ်။ ဒါကိုဆက်သိမ်းနေတဲ့သဘောပါ။”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

    KIA/PDF ပူးပေါင်းတပ်တွေဟာ ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာထဲက စစ်ကောင်စီတပ်ရဲ့ စင်းခင်းရဲစခန်း၊ တံတားနဲ့ ကာကင်းစခန်းတွေကို မေ ၇ ရက် မနေ့က ထိန်းချုပ်ပြီးနောက် ဝိုင်းမော်၊ မိုးမောက်နဲ့ မံစီမြို့တို့ကို အလုံးစုံထိန်းချုပ်နိုင်ရေးဆက်ပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကို ပြောထားပါတယ်။

    လက်ရှိမှာ မိုးမောက်မြို့ပတ်ပတ်လည်ကို KIA/PDF က ထိန်းချုပ်ပိတ်ဆို့ထားနိုင်ပေမယ့် မိုးမောက်မြို့ပေါ်ရပ်ကွက် ၄ ခုမှာ ၂ ခု ကို KIAက နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပြီး နောက်ရပ်ကွက်၂ ခုက စစ်ကောင်စီတပ်သားတွေကစာသင်ကျောင်း လူနေအိမ်နဲ့ဘာသာရေးအဆောက်အုံတွေမှာ ပုန်းခိုနေရာယူ ထားတဲ့ အခြေအနေဖြစ်လို့ တစ်မြို့လုံးကို မထိန်းချုပ်နိုင်သေးဘူးလို့ နယ်မြေသတင်းတွေအရသိရပါတယ်။

    ဝိုင်းမော်နဲ့ မိုးမောက် အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီကတော့ လက်ရှိအချိန်အထိ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

    ဗီဒီယို ပုံစာ, after 2 months of 0307 operation
  11. ဝန်ကြီးချုပ်ဟောင်းသက်ဆင်နဲ့ မြန်မာအတိုက်အခံအင်အားစုတွေ‌တွေ့ဆုံမှု ထိုင်းအစိုးရမူဝါဒမဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးပြော

    ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာလစ်ဆန်ညမ်ဖုမ်

    ဓာတ်ပုံ ရင်းမြစ်, Ministry of Foreign Affairs of the Kingdom of Thailand

    ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာလစ်ဆန်ညမ်ဖုမ်

    ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်နဲ့ မြန်မာအတိုက်အခံအင်အားစုတိုင်းရင်းသားလက်နက်ကိုင် ကချင်၊ ကရင်၊ ကရင်နီအဖွဲ့တွေအပြင် NUG အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်တွေနဲ့တွေ့ဆုံခဲ့တာဟာ ထိုင်းအစိုးရအဖွဲ့နဲ့ သက်ဆိုင်မှုမရှိဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာလစ်ဆန်ညမ်ဖုမ် ကပြောကြားလိုက်ပါတယ်။

    ဆယ်စုနှစ်နဲ့ချီ ပြည်ပထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံထဲပြန်ရောက်လာတဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ ပြီးခဲ့တဲ့ မတ်လနဲ့ အခုလပိုင်းအတွင်း RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရဲ့ ခေါင်းဆောင် နဲ့ တွေ့ဆုံခဲ့သလို၊ KNO (ကချင်)၊ KNU(ကရင်)၊ KNPP (ကရင်နီ)၊ NUG ကိုယ်စားလှယ်တွေနဲ့ပါတွေ့ဆုံခဲ့တယ်လို့ သက်ဆိုင်ရာအဖွဲ့တချို့နဲ့ NUG ဘက်ကနေ သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ သက်ဆင်ဟာ မြန်မာအတိုက်အခံအဖွဲ့အစည်းတွေနဲ့ ချင်းမိုင်နဲ့ဘန်ကောက်တို့မှာလက်ခံတွေ့ဆုံခဲ့တာပါ။

    ဒီသတင်းတွေထွက်လာတဲ့နောက်မှာ အဲဒီတွေ့ဆုံမှုတွေဟာ ထိုင်းအစိုးရမူဝါဒအရမဟုတ်ဘဲ သက်ဆင်ရဲ့ ပုဂ္ဂိုလ် ရေးအရတွေ့ဆုံမှုသာဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ်မာလစ်က မနေ့က ထိုင်းမီဒီယာတွေနဲ့တွေ့ဆုံချိန်မှာပြောခဲ့တာပါ။

    “သက်ဆင်ရဲ့တွေ့ဆုံမှုဟာထိုင်းအစိုးရနဲ့သက်ဆိုင်ခြင်းမရှိပါဘူး။ဒီကိစ္စကိုလည်းမီဒီယာတွေကနေပဲသိခဲ့ရတာမို့ အသေးစိတ်တော့မသိပါဘူး”လို့ နိုင်ငံခြားရေးဝန်ကြီးက ထိုင်းမီဒီယာတွေကိုပြောခဲ့ပါတယ်။

    ထိုင်းအစိုးရရဲ့မြန်မာနိုင်ငံအရေးအပေါ် မူဝါဒနဲ့ပတ်သတ်ပြီးတော့ ဝန်ကြီးမာလစ်က နယ်စပ်ချင်းထိစပ်နေထိုင်ကြတာဖြစ်လို့ မြန်မာဘက်ခြမ်းမှာတိုက်ပွဲရှည်ကြာရင်ထိုင်းနိုင်ငံအပေါ်သက်ရောက်နိုင်တယ်ဆိုတာနဲ့ မြန်မာကို လူသားချင်းစာနာ ထောက်ထားမှု အကူညီတွေ အာဆီယံမူဘောင်နဲ့အညီပေးသွားမယ်လို့လည်း သူကထပ်ပြောခဲ့ပါတယ်။

    ဗီဒီယို ပုံစာ, စစ်တပ်ထဲမဝင်ချင်တဲ့ ထောင်နဲ့ချီတဲ့လူငယ်တွေ ထိုင်းကို တိမ်းရှောင်