ဂျီ ၂၀ ထိပ်သီးညီလာခံ ဆိုတာ ဘာလဲ၊ ဘာတွေ ဆွေးနွေးကြသလဲ

ဂျီ ၂၀ နိုင်ငံတွေက ခေါင်းဆောင်တွေရဲ့ နှစ်ပတ်လည် ထိပ်သီးညီလာခံကို အင်ဒိုနီးရှားနိုင်ငံက ဘာလီကျွန်းမှာ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် ကျဆင်းခဲ့ရတဲ့ ကမ္ဘာ့စီးပွားရေးတွေ ပြန်လည် နာလန်ထူရေးမှာ ကူညီနိုင်ရေးအတွက် နည်းလမ်းတွေ ရှာဖို့ ရည်ရွယ် ကျင်းပကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူကရိန်းစစ်ပွဲတွေနဲ့ ပတ်သက်ပြီး ဖြစ်လာတဲ့ တင်းမာမှုတွေကလည်း ညီလာခံအတွင်း ဆွေးနွေးမှုတွေအပေါ် သက်ရောက်မှုတွေ ရှိလာစေနိုင်ပါတယ်။

ဂျီ ၂၀ ဆိုတာ ဘာလဲ၊ ဘာကြောင့် ဖွဲ့စည်းခဲ့တာလဲ

ဂျီ ၂၀ ဆိုတာက ကမ္ဘာ့နိုင်ငံတွေထဲက စက်မှုအင်အားကြီးနဲ့ ဖွံ့ဖြိုးမှု အားအကောင်းဆုံး နိုင်ငံပေါင်း ၂၀ ပါဝင်တဲ့ အဖွဲ့ ဖြစ်ပါတယ်။

၁၉၉၉ ခုနှစ်မှာ ကြုံခဲ့ရတဲ့ အာရှ ဘဏ္ဍာရေး အကြပ်အတည်းကာလ အလွန်မှာ နိုင်ငံတကာ စီးပွားရေးနဲ့ ဘဏ္ဍာရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲတွေ လုပ်ဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တာပါ။ အဖွဲ့မှာ နိုင်ငံပေါင်း ၁၉ နိုင်ငံနဲ့ ဥရောပသမဂ္ဂတို့ ပါဝင်ပြီး စပိန်ကိုတော့ ဧည့်နိုင်ငံအဖြစ် အမြဲ ဖိတ်ကြားလေ့ ရှိပါတယ်။

ဂျီ ၇ လို့ခေါ်တဲ့ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံ ၇ နိုင်ငံအဖွဲ့ကြီးရဲ့ တိုးချဲ့ အဖွဲ့အစည်းလို့လည်း ဆိုနိုင်ပြီး စီးပွားရေး ဖွံ့ဖြိုးမှုအားကောင်းတဲ့ တရုတ်၊ ဘရာဇီး နဲ့ အိန္ဒိယ တို့လည်း ပါဝင်ပါတယ်။

အဲဒီ အဖွဲ့ဝင်နိုင်ငံတွေဟာ စီးပွားရေးက ကမ္ဘာ့ ကုန်သွယ်ရေးရဲ့ ၈၅ ရာခိုင်နှုန်း ရှိသလို ကမ္ဘာ့လူဦးရေရဲ့ ၃ ပုံ ၂ ပုံဟာလည်း အဲဒီ နိုင်ငံတွေ အတွင်းမှာ နေထိုင်ကြတာ ဖြစ်ပါတယ်။

ကနဦးက ဂျီ ၂၀ ဆွေးနွေးပွဲတွေဟာ အများအားဖြင့်အဖွဲ့ဝင် နိုင်ငံတွေက ဘဏ္ဍာရေး ဝန်ကြီးတွေနဲ့ ဗဟိုဘဏ်တွေအကြား ဆွေနွေးကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်မှာ ဂျီ ၂၀ နိုင်ငံတွေက ခေါင်းဆောင်တွေပါ ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ကာ ထိပ်သီးအစည်းအဝေး ဖြစ်လာခဲ့ပြီး အဲဒီနောက်မှာ နှစ်စဉ် ကျင်းပခဲ့ကြပါတယ်။

ဒီအဖွဲ့မှာ ဘာအကြောင်းအရာတွေကို ဆွေးနွေးကြသလဲ

ဂျီ ၂၀ ခေါင်းဆောင်တွေရဲ့ ထိပ်သီး ဆွေးနွေးပွဲတွေမှာ စီးပွားရေး ကိစ္စတွေအပြင် ရာသီဥတုပြောင်းလဲမှု၊ ပြည့်ဖြိုးမြဲ စွမ်းအင်၊ နိုင်ငံတကာ ကြွေးမြီ ကိစ္စနဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေကို ဘယ်လို အခွန်ထမ်းစေမလဲ ဆိုတာက အစ ဆွေးနွေးကြပါတယ်။

နှစ်စဉ် ဂျီ ၂၀ အဖွဲ့ဝင် နိုင်ငံတွေထဲက ဥက္ကဋ္ဌနေရာကို အလှည့်ကျ တာဝန်ယူကြပြီး ညီလာခံတွေမှာ ဘာတွေကို အဓိကထား ဆွေးနွေးသွားမလဲ ဆိုတာကို စီစဉ် တင်သွင်းကြပါတယ်။

၂၀၂၂ ရဲ့ ဥက္ကဋ္ဌက အင်ဒိုနီးရှား ဖြစ်ပြီး ဘာလီမှာ ကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲတွေ အတွင်းမှာ ကမ္ဘာ့ကျန်းမာရေး အစီအမံတွေနဲ့ ကပ်ရောဂါ ကာလလွန် စီးပွားရေး နာလန်ထူရေး တွေကို ဆွေးနွေးကြဖို့ ရည်မှန်းထားပါတယ်။

နောက်ပြီး ပြည့်ဖြိုးမြဲ စွမ်းအင် ပြောင်းလဲ သုံးစွဲရေးတွေ ပိုမို တွန်းအားပေးဖို့လည်း အင်ဒိုနီးရှားက ဒီညီလာခံအတွင်း ဆွေးနွေးစေချင်ပါတယ်။

တဖက်မှာ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေက ဒီညီလာခံကို အရိပ်မည်းကြီး ထိုးနေပါတယ်။

ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ အတွက် ရုရှားကို ဂျီ ၂၀ ကနေ ထုတ်ပစ်ဖို့ တောင်းဆိုထားသလို သမ္မတ ဗလာဒီမီယာ ပူတင်ကိုလည်း ဆွေးနွေးပွဲ အတွက် ဖိတ်ကြားချက်တွေကို ပြန်လည် ရုပ်သိမ်းစေချင်ပါတယ်။

သမ္မတ ပူတင်ကလည်း ဒီဆွေးနွေးပွဲကို သူကိုယ်တိုင် မတက်တော့ဖို့ ဖြစ်လာပါတယ်။

နောက်ပြီး အမေရိကန် သမ္မတ ဂျိုးဘိုင်ဒဲန်ကလည်း ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆာလ်မန်နဲ့ တွေ့ရင် ပဋိသဏ္ဍာရ စကားတွေ ပြောကြားဖို့ ငြင်းဆိုလိမ့်မယ်လို့ ဆိုကြပါတယ်။

သမ္မတ ဘိုင်ဒဲန်က ဆော်ဒီအာရေဗျဟာ ရုရှားကို ယူကရိန်းမှာ စစ်တိုက်ဖို့ ဘဏ္ဍာရေး အကူအညီတွေ ပေးနေတယ်။ ကမ္ဘာ့ ရေနံစိမ်း ဈေးတွေ မြင့်နေအောင် အဲဒီ နှစ်နိုင်ငံ ပေါင်းပြီး ကြံနေကြတယ်လို့ စွပ်စွဲ ထားပါတယ်။

မိသားစု ဓာတ်ပုံ

ကမ္ဘာ့ အစိုးရတွေက ခေါင်းဆောင်တွေဟာ ဒီလို ညီလာခံတွေ ကျင်းပတဲ့ အခါ တစုတဝေးတည်း စုပေါင်းဓာတ်ပုံတွေ ရိုက်ကြလေ့ ရှိပါတယ်။ ဒါကို မိသားစု ဓာတ်ပုံလို့ တင်စားကြတာပါ။ ညီလာခံအတွင်း သူတို့ ဆွေးနွေး သဘောတူခဲ့ကြတဲ့ အချက်တွေကို ကမ္ဘာကြီးကို ချပြဖို့ အခွင့်အလမ်းတခု အဖြစ်သုံးကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို ဓာတ်ပုံမျိုးတွေကပဲ နိုင်ငံတွေအကြားက သံတမန်ရေး အကျိတ်အခဲ တွေကို ဖော်ပြနေတတ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ က အစ္စတန်ဘူလ် မြို့မှာ ရှိတဲ့ ဆော်ဒီ ကောင်စစ်ဝန်ရုံးမှာ သတင်းစာဆရာ ဂျမားလ် ခါရှော့ဂျီ အသတ်ခံခဲ့ရပြီးနောက် ညီလာခံ တက်ရောက်လာတဲ့ ခေါင်းဆောင်တွေ တော်တော်များများက ဆော်ဒီ မင်းသား မိုဟာမက် ဘင် ဆာလ်မန်ကို မသိကျိုးကျွံလုပ်ပြီး အားလုံးစုပြီး ဓာတ်ပုံရိုက်ကြတဲ့ အခါမှာလည်း အစွန်ဆုံးမှာပဲ သွားရပ်စေခဲ့ကြပါတယ်။

ဂျီ ၂၀ အောင်မြင်သလား

ကမ္ဘာတဝန်း ဘဏ္ဍာရေး အကျပ်အတည်းတွေ ကြုံနေရတဲ့ ပြီးခဲ့တဲ့ ၂၀၀၈ နဲ့ ၂၀၀၉ အတွင်း ကျင်းပခဲ့ကြတဲ့ ထိပ်သီးညီလာခံမှာ ကမ္ဘာ့ ခေါင်းဆောင်တွေက ကမ္ဘာ့ ဘဏ္ဍာရေး လည်ပတ်မှု စနစ်တွေကို ကယ်တင်ဖို့ ချမှတ်သွားမယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်လို့ သဘောတူခဲ့ကြပါတယ်။

ဒါပေမယ့် အဲဒီ နောက်ပိုင်း ကျင်းပတဲ့ ထိပ်သီးညီလာခံတွေမှာတော့ အရင်အကြိမ်တွေကလို ဖြစ်မလာတော့ပါဘူး။ ဒါဟာ ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေအကြား တင်းမာမှုတွေကြောင့် ဖြစ်ရတာလို့ ဆင်ခြေပေးကြပါတယ်။

ဒီနှစ်ကျင်းပခဲ့တဲ့ ဂျီ ၂၀ က ဘဏ္ဍာရေး ဝန်ကြီးတွေနဲ့ ဗဟိုဘဏ်တွေအကြား ဆွေးနွေးပွဲတွေမှာလည်း ယူကရိန်း ကျူးကျော်စစ်နဲ့ ပတ်သက်လို့ အနောက်အုပ်စု အင်အားကြီး နိုင်ငံတွေနဲ့ ရုရှားအကြား အငြင်းပွားမှုတွေ ရှိနေခဲ့တဲ့ အတွက် သဘောတူညီချက်တွေ သိပ်ရရှိခဲ့ပါဘူး။

ဒါပေမယ့် ဒီလို ထိပ်သီး ညီလာခံတွေနဲ့ တွဲပြီး ကျင်းပတတ်ကြတဲ့ ဘေးထွက်ဆွေးနွေးပွဲမျိုးတွေမှာတော့ နိုင်ငံတွေအကြား သဘောတူညီချက်တွေ ရတတ်ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ က အိုဆာကာမြို့မှာ ကျင်းပခဲ့တဲ့ ညီလာခံမှာဆို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့အကြား ကုန်သွယ်ရေး အငြင်းပွားမှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲတွေ ပြန်စကြဖို့ သဘောတူခဲ့ကြပါတယ်။

ဒီလို ကမ္ဘာ့ခေါင်းဆောင်တချို့ တက်ရောက်ကြတဲ့ ညီလာခံကြီးတွေနဲ့ အတူ တွဲပြီး မြင်ရတတ်တာကတော့ ဆန္ဒပြပွဲကြီးတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ က ဗျူနိုအေးရီးစ် မြို့မှာ ဂျီ ၂၀ ရဲ့ စီးပွားရေး မူဝါဒတွေကို မကျေနပ်ကြလို့ လူ ထောင်ပေါင်းများစွာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဟမ်းဘတ်ခ်မြို့မှာ ၂၀၁၇ ညီလာခံ ကျင်းပတုန်းကလည်း အရင်းရှင် ဆန့်ကျင်ရေး သမားတွေက ဆန္ဒပြခဲ့ကြပါတယ်။ ၂၀၁၈ ရီယို ဒီ ဂျနီရိုး မြို့နဲ့ ၂၀၁၀ က တိုရွန်တို မြို့မှာ ကျင်းပခဲ့တဲ့ ဂျီ ၂၀ ထိပ်သီးညီလာခံတွေမှာလည်း လူ ထောင်ပေါင်းများစွာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ၂၀၀၉ ခုနှစ်က လန်ဒန်မြို့မှာ ကျင်းပခဲ့တဲ့ ဂျီ ၂၀ ထိပ်သီးညီလာခံမှာလည်း သတင်းစာ အရောင်းသမား အီယံ တွမ်မလင်ဆင်ဟာ အလုပ်ပြီးလို့ အိမ်အပြန်လမ်းမှာ ဆန္ဒပြပွဲတွေကြား ညပ်သွားပြီး အသက်ဆုံးရှုံးရတဲ့ အထိ ဖြစ်သွားခဲ့ပါတယ်။

ဂျီ ၂၀ အမြဲတမ်းအဖွဲ့ဝင်များကတော့ အာဂျင်တီးနား၊ သြစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ မက္ကဆီကို၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တောင်အာဖရိက၊ တောင်ကိုရီးယား၊ တူရကီ၊ ယူကေ၊ အမေရိကန် ပြည်ထောင်စု နဲ့ ဥရောပသမဂ္ဂတို့ ဖြစ်ကြပါတယ်။