ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တော်လှန်ရေးထဲက မင်းသားနီ၊ ထောင်နန်းစံတဲ့ ရဲဘော်သန့်စင်
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
တော်ဘုရားကလေးခေါ် ဦးအောင်ဇေကို နောက်ဆုံးမြန်မာဘုရင်သီပေါမင်းရဲ့မြေး စာရေးဆရာ နိုင်ငံရေးသမားအဖြစ် လူသိများပါတယ်။ ပါတော်မူချိန်မှာ သီပေါမင်းလက်က ပျောက်ဆုံးသွားတယ်ဆိုတဲ့ ပတ္တမြားငမောက် ပြန်ရရေးအတွက် ဗြိတိသျှဘုရင်မ ဒုတိယအယ်လီဇဘက်ကို တောင်းဆိုခဲ့ရုံမက မြန်မာစာနယ်ဇင်းတွေမှာ အစဉ်တစိုက် ရေးသားလာခဲ့သူအဖြစ်လည်း သူ့ကို သိကြပါတယ်။ ဒါပေမဲ့ သူ့ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ခန့် အိမ်ရှေ့စံအဖြစ် ဆောင်ရွက်ခဲ့တာတွေကိုတော့ လူသိနည်းပါတယ်။
ကလေးသူပုန်ဘဝ
စတုတ္ထသမီးတော်၏ အရေးတော်ပုံစာတမ်း ထုတ်ပြီး နန်းစဉ်ရတနာတွေ ပြန်ပေးဖို့ တောင်းဆိုမှုကြောင့် မယ်တော် အရှင်ထိပ်စုမြတ်ဘုရားကလေးနဲ့ အတူ မော်လမြိုင်ကို နယ်နှင်ခံခဲ့ရတဲ့အခါ တော်ဘုရားကလေးဟာ မော်လမြိုင် စိန်ပက်ထရစ်နဲ့ ရန်ကုန် စိန့်ပေါကျောင်းတွေမှာ ပညာသင်ခဲ့ရပါတယ်။ ငယ်စဉ်ကတည်းက အင်္ဂလိပ်လို ရည်လည်အောင် သင်ကြားခံခဲ့ရတဲ့ တော်ဘုရား ကလေးဟာ မယ်တော်ရဲ့ သူပုန်စိတ်ကို ခြေရာနင်းခဲ့သူ ဖြစ်လို့ ကျောင်းတက်စကတည်းက အစွမ်းပြခဲ့ပါတယ်။ ခရစ်ယာန်သာသနာပြုကျောင်း ထုံးစံ အနောက်တိုင်းနာမည်ပေးဖို့ ရှိပေမယ့် တော်ဘုရားကလေးက မပေးလိုဘူးလို့ ငြင်းပါတယ်။ သူ့နာမည်ရင်း တော်ဘုရားကလေး နဲ့ပဲ တက်မယ်ဆိုတာကို ကျောင်းက လက်မခံတဲ့အတွက် အင်္ဂလိပ်နာမည်မဟုတ်တဲ့ ဂျာမန်နာမည်ကို ယူပါတယ်။ ကွဲပြားနေတဲ့ ဂျာမန်နယ်တွေကို စုစည်းပြီး ဂျာမနီနိုင်ငံကြီးအဖြစ် ထူထောင်ခဲ့တဲ့ ပရပ်ရှားဘုရင်ဖရက်ဒရစ် နာမည်ကို ယူပြီး ဖရက်ဒရစ်ပရင့်စ် ဖြစ်လာခဲ့ပါတယ်။ မျိုးရိုးနာမည်ပေးဖို့ရာမှာ သူ့ခမည်းတော် ကိုကိုနိုင်ရဲ့ နာမည်ကိုလည်း ခွင့်မပြု၊ မင်းဆက်အမည်ဖြစ်တဲ့ ကုန်းဘောင် ကိုလည်း ခွင့်မပေးတဲ့အတွက် မင်းသားဆိုတာ မျိုးရိုးနာမည်မလိုဘူးဆိုပြီး ထည့်မပေးဘဲ ထားခဲ့တာလို့ သိရပါတယ်။ အလားတူ သူ့နှမထွေး ထိပ်စု ဘုရားထွေးကိုလည်း ဗြိတိန်က ဘုရင့်မြေးတော် မာဂရက်မင်းသမီးနဲ့ နာမည်တူမှာ စိုးလို့ ပရင့်ဆက် မာဂရက်လို့ ခေါ်ခွင့် မပေးဘဲ မာဂရက်ပရင့်ဆက်လို့ပဲ ခေါ်ခွင့်ပြုခဲ့တာပါ။
တော်ဘုရားကလေးအတွက် ကျောင်းသားဘဝမှာကတည်းက တိုက်ပွဲတွေ များခဲ့ပါတယ်။ ခရစ်ယာန်ကျောင်းမှာ မြန်မာဘာသာနဲ့ နံရံကပ်စာစောင် ထုတ်တာကအစ သီပေါမင်းမြေးတော်တွေကို ပါးရိုက်ဆုံးမခွင့်မရှိကြောင်း စည်းကမ်းထုတ်ထားရက်သားနဲ့ ရိုက်တဲ့ အနောက်တိုင်းသူ ခရစ်ယာန်သီလရှင်ကို ပြန်တောင်းပန်ခိုင်းတာမျိုး ဖြစ်ခဲ့တဲ့အပြင် ရန်ကုန် စိန့်ပေါကျောင်းမှာ တက်စဉ်ကလည်း ကျောင်းကို လုံချည်ဝတ်သွားခွင့်ရဖို့ တောင်းဆိုတဲ့အတွက် အထူးခြွင်းချက်အဖြစ် ခွင့်ပေးခဲ့ရပါတယ်။
သူတို့မိသားစုကို တိုက်အိမ်ကောင်းကောင်းမှာ လိုလေသေးမရှိအောင်ထားပြီး ကားနဲ့ခရီးသွားရင်လည်း လုံခြုံရေး အစောင့်အရှောက်နဲ့၊ ရထားနဲ့ သွားရင်လည်း သီးသန့်တွဲကို ရှေ့နောက်က အစောင့်တွဲနှစ်တွဲ ညှပ်ပြီး သွားရတဲ့အထိ ဗြိတိသျှအစိုးရက ထိန်းချုပ်ထားခဲ့ကြောင်း တော်ဘုရားကလေး (အောင်ဇေ) က မင်းသားကနုနု တိုက်ပွဲက ကြမ်းကြမ်း စာအုပ်မှာ ရေးပါတယ်။ နောက်ပြီး ခရစ်ယာန်သင်ခန်းစာနဲ့ ပတ်သက်ပြီး ဆရာ ရေးခိုင်းတာ မရေးလို့ ကျောင်းအုပ်ရုံးခန်းထိ ရောက်ခဲ့ပါတယ်။ မယ်တော်နတ်ရွာစံပြီးနောက် သူတို့မောင်နှမကို ကျိုက္ခမီအရေးပိုင်က အုပ်ထိန်းသူတာဝန်ယူခဲ့လို့ ရှင်ပြုနားသကို သူက ကြီးမှူးကျင်းပဖို့ ကြံတဲ့အထိ ဖြစ်ခဲ့ ပါတယ်။ ဒါကို ခမည်းတော်က တရားစွဲမယ်ဆိုပြီး မြန်မာစာနယ်ဇင်းတွေမှာ သတိပေးရေးသားခဲ့လို့ မကျင်းပခဲ့ဘူးလို့ ဆိုပါတယ်။ ခမည်းတော်နဲ့ တွေ့ဖို့ အရေးပိုင်ဆီက ခွင့်ပြုချက်ယူရတဲ့အထိ သူတို့ကို ချုပ်ချယ်ခဲ့တယ်လို့ တော်ဘုရားကလေးက ရေးခဲ့ပါတယ်။
မျိုးချစ်သူပုန်ဘဝ
မော်လမြိုင်မှာ သစ်ပင်တက်ရင်း ခြေကျိုးလို့ ရန်ကုန်ဆေးရုံကြီးမှာ လာကုရင်း ဆေးရုံက လူနာတွေရဲ့ဘဝကို သိလာသလို မြန်မာလူထုရဲ့ သူ့အပေါ်မှာ ထားတဲ့ လေးစားချစ်ခင်မှုကိုလည်း သူမြတ်နိုးလာပါတယ်။ တခါ ဆေးရုံနားက သရက်တောကျောင်းတိုက်က ဆရာတော်တွေကလည်း သူ့ကို စောင့်ရှောက်ကြပါတယ်။ တဘက်မှာ တော်ဘုရားကလေးကို နှုတ်ဆက်ကန်တော့ချင်လို့ စောင့်နေတဲ့ လူအုပ်ရှိသလို ဆေးရုံလူနာ လာစောင့် ပေးတဲ့ မြို့မသီးနဲ့ ခင်မင်မှုကလည်း သူ့ရဲ့ အမျိုးသားရေးအမြင်တွေကို ရင့်သန်စေပါတယ်။ နောက် ဗိုလ်အောင်ကျော် သပိတ်မှာ ဖြိုခွဲခံရတဲ့ လူနာတွေ ဆေးရုံ ရောက်လာတာကိုလည်း သူမြင်ခဲ့ရပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း အသက်မပြည့်သေးတဲ့ ကျိုင်းတုံစော်ဘွားငယ်နဲ့ မယ်တော်ကို ဗြိတိသျှတွေ ကယ်ထုတ်သွားနိုင်ပေမယ့် သီပေါမင်း မိသားစုကို အိန္ဒိယခေါ်သွားဖို့ အိုင်စီအက် ဦးတင်ထွဋ်ရဲ့ အကြံအစည် ပျက်ခဲ့ ပါတယ်။ စစ်အတွင်းမှာ ဗြိတိသျှရဲ့ စောင့်ကြည့်မှုက လွတ်လပ်သွားတဲ့ သီပေါမိသားစု တွေဟာ ကျိုက္ကဆံနားက မြန်မာမိသားစုတွေနဲ့ ပိုရင်းနှီးလာပါတယ်။ ယုဝသိပ္ပံဆိုပြီး လူငယ်တွေကို စာသင်ပေး၊ အားကစား လေ့ကျင့် ပေးတဲ့ နေရာလေး တခု သူတို့ ညီအစ်ကိုတွေ ဖွင့်ခဲ့တာပါ။ အဲဒီက တဆင့် နိုင်ငံရေးသမားတွေနဲ့ အဆက်အသွယ်ရပြီး နောင်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင် တယောက် ဖြစ်လာမယ့် သခင်ချစ်ရဲ့ မြေအောက် နိုင်ငံရေးသင်တန်းကို သူတက်ကာ မြစ်ဝကျွန်းပေါ်ဘက်မှာ ကွန်မြူနစ်တွေနဲ့ တော်လှန်ဖို့ လှုပ်ရှားခဲ့ ပါတယ်။
ဟရီသြဆားမားဘဝ
ဒီလိုလှုပ်ရှားနေတာကို ဂျပန်က သိလို့ ဖမ်းဖို့ ကြိုးစားချိန်မှာ နောင်တော်အကြီးဆုံး တော်ဘုရားကြီးက တာဝန်ယူ ခေါ်ထားလိုက်ပါတယ်။ နောင်တော်က သူ့ကို ဂျပန်နဲ့ ပေါင်းလို့ လုပ်ကြံချင်ရင် လုပ်ကြံဖို့ သေနတ်ပေးထားပေမယ့် မလုပ်ကြံဖြစ်ဘဲ ညီနောင်နှစ်ပါး နားလည်မှု ပြန်ရသွားခဲ့သလို တော်ဘုရားကလေးရဲ့ ကွန်မြူနစ် အယူသီးမှုကို ကျွတ်အောင်လည်း တော်ဘုရားကြီးက ချွတ်ပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီအချိန်က ဂျပန်ရုပ်သေး ဒေါက်တာဘမော်အစိုးရကို ထင်တိုင်း ထိန်းချုပ်လို့ မရလို့ မနှစ်ခြိုက်တဲ့ ဂျပန်စစ်တပ်ဟာ ဒေါက်တာဘမော်ကို လုပ်ကြံ၊ တော်ဘုရားကြီးကို ဘုရင်တင်ပြီး တရုတ် အရှေ့မြောက်ပိုင်းက မန်ချူးကိုးခေါ် မန်ချူးရီးယားမှာ တရုတ်ဘုရင်ဟောင်း ပုယီကို နန်းတင်ကြိုးကိုင်သလို လုပ်ဖို့ ကြံစည်ခဲ့ပါတယ်။ ဒီ ဘုရင်ဂိုဏ်း လှုပ်ရှားမှုမှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ထိန်ဝင်းနဲ့တကွ ဆရာတော် ဦးဥတ္တမနှမ ဂျပန်ပြန် ဒေါ်အိမ်စိုးတို့ အုပ်စုပါပြီး သခင် ကိုယ်တော်မှိုင်း၊ ဟင်္သာတဦးမြ စတဲ့ လူကြီးပိုင်းက ထောက်ခံတယ်လို့လည်း မောင်သန်းဆွေ (ထားဝယ်)ရဲ့ ရတနာဂီရိနိဂုံး၏ နောက်ဆက်တွဲ စာမျက်နှာများ မှာ ပါပါတယ်။
ဂျပန် ထိန်းချုပ်မှုက လွန်ဆန်လို့ မရတဲ့ တော်ဘုရားကြီးဟာ ဒီနိုင်ငံရေးထောင်ချောက်မှာ သက်ဆင်းနေရပေမယ့် ဂျပန်သြဇာကို မနာခံကြောင်း နည်းမျိုးစုံနဲ့ ပြပါတယ်။ စစ်ရုံး သူ့ရုံးခန်းထဲက စားပွဲအံဆွဲမှာ ကျည်ဆန် အပြည့်နဲ့ သေနတ်တွေ အသင့်ထားသလို အာဏာသိမ်းအပြီးမှာ ဖမ်းရမယ့် စာရင်းမှာ မြန်မာ အမျိုးသားတပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ပါနေတာကို မကြိုက်တဲ့အတွက် လာပြတဲ့ စာရင်းစာရွက်ကို ဆုတ်ဖြဲ ပစ်ခဲ့တယ်လို့ တော်ဘုရားကလေးက ဆိုပါတယ်။ နောက်ပြီး တော်ဘုရားကြီးနဲ့ လက်ထပ်ထားတဲ့ မြောက်သားတော် ဒေါ်ခင်ကြည် ကိုယ်တိုင် ဒေါက်တာ ဘမော်ရဲ့ တူမလည်း တော်စပ်ပါတယ်။
ကံကောင်းထောက်မစွာနဲ့ ဒေါက်တာဘမော်ကို လုပ်ကြံဖို့ ကြံစည်တာ မအောင်မြင်ဘဲ တော်ဘုရားကြီးကို မင်းပြိုင် သဘော ဆက်ထားပါတယ်။ မြန်မာအစိုးရ ဆုံးဖြတ်ချက်တွေကို တော်ဘုရားကြီး သိနေသလို သူ့ဆီကို ဂျပန် စစ်ဗိုလ်ချုပ်တွေ လာတွေ့နေတာ ဖြစ်ပါတယ်။ လက်နက်ငယ်သုံးနည်း၊ ဂျပန်သိုင်းသင်တန်းနဲ့ ထောက်လှမ်းရေးပညာတွေကို မင်းသားညီနောင် သင်ခဲ့ရသလို သူတို့ကို ဂျပန်ပြည် ခေါ်သွားပြီး ဘုရင်က ဘွဲ့ထူးဂုဏ်ထူးတွေ အပ်နှင်းတာမျိုး လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် စစ်ရှုံးခါနီးနေပြီမို့ သွားဖို့အကြံ ပျက်ခဲ့ပါတယ်။ ညီနောင်လေးပါး ရှိတဲ့အနက် တော်ဘုရားက စစ်ကိုင်းမှာ အိမ်ထောင်ကျနေပြီး တော်ဘုရားငယ်က စစ်ထဲဝင်နေတဲ့အတွက် သူတို့ ညီနောင်နှစ်ယောက် ဂျပန်ဓားစာခံတွေလို ဖြစ်နေခဲ့တာပါ။ တော်ဘုရားကြီးကို ဘုရင်အဖြစ် သတ်မှတ်ထားတဲ့ ဂျပန်တွေက သြဆားမားလို့ ခေါ်ပြီး တော်ဘုရားကလေးကိုတော့ ဟရီသြဆားမားလို့ ခေါ်ဆိုကြပါတယ်။
ဂျပန်စစ်ပြေးခါနီးမှာတော့ ညီနောင်နှစ်ပါးကို တကွဲစီ ရန်ကုန်က ခေါ်ထုတ်သွားပါတယ်။ မသွားခင်မှာ တော်ဘုရားကြီးက သူမရှိခဲ့သော် နန်းဆက်ခံဖို့ ဆိုပြီး ညီငယ်ကို အိမ်ရှေ့နှင်းခဲ့ပါတယ်။ စုဘုရားလတ်ရဲ့ ၁၉၁၉ က ချုပ်တဲ့ ထီးမွေနန်းမွေလွှဲစာချုပ် အရ သူတို့မယ်တော်ကို ကုန်းဘောင်ထီးနန်းလွှဲခဲ့ပြီး ဖြစ်တဲ့အတွက် မယ်တော်ရဲ့ အရိုက်အရာခံသူ တော်ဘုရားကြီးက ညီတော်အငယ်ဆုံးကို အိမ်ရှေ့ပြန်နှင်းတာ ဖြစ်ပါတယ်။ လူသိ ရှင်ကြား အာဏာရ ဘုရင် အနေနဲ့ လွှဲတာ မဟုတ်ပေမယ့် မြန်မာသမိုင်းမှာတော့ နောက်ဆုံးခန့်တဲ့ အိမ်ရှေ့စံဘဝကို တော်ဘုရားကလေး လပိုင်း ရရှိခဲ့ပါတယ်။
၁၉၄၅ မှာ ရန်ကုန်ကနေ မော်လမြိုင်ကို အမြန်စီး မော်တော်ဘုတ်တွေနဲ့ ဂျပန်က ခေါ်သွားပါတယ်။ မော်လမြိုင်ရောက်တော့လည်း လုံခြုံရေးအပြည့်နဲ့ သူတို့ကို ထားပါတယ်။ ဒီကြားထဲက ဖက်ဆစ်တော်လှန်ရေးသမား တွေနဲ့ လျှို့ဝှက်ဆက်သွယ်တာတွေ တော်ဘုရားလေး လုပ်ခဲ့သလို တော်လှန်ရေးသမားတွေအတွက် လက်နက်တွေ ခိုးပေးပါတယ်။ နောက် မုဒုံမှာ ရောက်နေတဲ့ ဒေါက်တာဘမော်ရဲ့ စစ်ပြေးအစိုးရနဲ့ ဘုရင်ဂိုဏ်းကြား နားလည်မှု ယူဖို့ အစည်းအဝေးကိုလည်း နောင်တော်ကိုယ်စား တော်ဘုရားကလေး တက်ခဲ့ပါတယ်။ ဗိုလ်ဖိုးကွန်းနဲ့ တော်ဘုရားကလေးကြား ဆွေးနွေးပြီး ဘယ်သူနိုင်နိုင် စစ်တရားခံမဖြစ်စေရေးနဲ့ ဘုရင့်နိုင်ငံ ထူထောင် မလား သမ္မတနိုင်ငံလုပ်မလား ဆန္ဒခံဖို့၊ အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေးကို အဓိကထားပြီး လွတ်လပ်ရေးယူ ဖို့ သဘောတူခဲ့ကြပါတယ်။ အစည်းအဝေးအပြီး သခင်မြ၊ သခင်နု၊ ဦးကျော်ငြိမ်း စတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ တဘက်ခန်းက ထွက်လာပြီး တော်ဘုရားကလေးနဲ့ လက်ဖက်ရည် အတူသောက်ကြတယ်လို့လည်း သိရပါတယ်။
ဒီလိုနဲ့ ဂျပန်စစ်မဆုတ်ခင်မှာ မော်လမြိုင်ထောင်ထဲက အကျဉ်းသားတွေကို လွှတ်ပေးဖို့ ဗိုလ်ထိန်ဝင်းက တိုက်တွန်းတဲ့ အတွက် ကုန်းဘောင်မင်းဆက် ၁၂ ဆက်မြောက်ဘုရင် နန်းတက်တဲ့အထိမ်းအမှတ်အဖြစ် ကြေညာပြီး တော်ဘုရားကြီး လွှတ်ပေးခဲ့ပါတယ်။ နောက်ဆုံး မော်လမြိုင်မှာ ဂျပန်လက်က လွတ်အောင် ညအချိန်မှာ နံရံကျော်ပြီး ထွက်ပြေးခဲ့ရပါတယ်။ တော်ဘုရားကြီးကတော့ ဂျပန်နဲ့အတူ ဘန်ကောက်ကို ပါသွားပြီး စစ်ပြီးမှ ထိုင်းအစိုးရနဲ့ ဗြိတိသျှ ညှိနှိုင်းပြီး မြန်မာပြည် ပြန်ခေါ် ခဲ့ပါတယ်။
အမျိုးသားဓနရှင်ဘဝ
စစ်ပြီးခေတ်မှာ ဆွေတော်မျိုးတော်တွေကို ကရုဏာကြေး ပေးတဲ့ ပင်စင်ကို ဖဆပလအစိုးရက ရပ်လိုက်တဲ့အတွက် သီပေါရောင်းဝယ်ရေးဆင်ဒီကိတ်ဖွဲ့ပြီး ကိုယ်ထူကိုယ်ထ စီးပွားရေးစဖို့ တော်ဘုရားလေးတို့ ပြင်ခဲ့ကြပါတယ်။ နောင်တော် တော်ဘုရားကြီး သူပုန်သတ်လို့ ကံကုန်ပြီးနောက် မိသားစုထဲမှာ နိုင်ငံရေးဘက် အသန်ဆုံးက တော်ဘုရားကလေး ဖြစ်လာပါတယ်။ ကျောင်းနေဘက် သူငယ်ချင်း နန်စီလှိုင်ဖူးခေါ် ဒေါ်နုနုဆွေနဲ့ ပတ်သက်ပြီး ဖဆပလခေါင်းဆောင်တွေထဲက ဦးဗဆွေနဲ့ သူရင်းနှီးခဲ့ပါတယ်။ ဒါကြောင့် အိန္ဒိယကို မြန်မာငွေ သိန်းသုံးရာဖိုး စံချိန်တင်တဲ့ ဆန်တင်ဒါကို သီပေါဆင်ဒီကိတ်က ရခဲ့သလို ဟောင်ကောင်၊ အိုဆာကာ၊ တိုကျို မြို့တွေမှာ ရုံးခွဲတွေ ဖွင့်နိုင်တဲ့အထိ ကြီးပွားခဲ့ပါတယ်။ ဆန် အပြင် ကျောက်စိမ်း၊ သစ်စေး စတဲ့ ကုန်စည်တွေကိုလည်း ဟောင်ကောင်နဲ့ ဂျပန်ကို ပထမဆုံး တိုက်ရိုက်ရောင်းချတာတွေ တော်ဘုရားကလေးတို့ လုပ်ခဲ့ကြ ပါတယ်။
တချိန်တည်းမှာပဲ အမျိုးသားပြန်လည်ဆန်းသစ်ရေးအတွက် မော်တော်ကားနံပါတ်ပြားကို မြန်မာလိုရေးတာ၊ လီမိတက်ဆိုတဲ့ နာမည်မှာ ကန့်သတ်ပြီး ဆိုတဲ့ စကားလုံးနဲ့ အစားထိုးဖို့ ကြိုးစားတာတွေ တော်ဘုရားကလေး လုပ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ယိုကိုဟားမားဘဏ်မှာ အပ်ထားခဲ့ရတဲ့ မိသားစုပိုင် ရတနာသေတ္တာပြန်ရရေးအတွက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးထိ တွေ့ပြီး အရေးဆိုခဲ့ပေမယ့် တော်ဘုရားကလေးတို့ ပြန်မရခဲ့ကြောင်းလည်း အုတ်တစ်ချပ် သဲတစ်ပွင့် စာအုပ်မှာ သူ မှတ်တမ်းတင်ခဲ့ပါတယ်။
တခါ ဖဆပလ လက်အောက်ခံ တီယူစီဘီခေါ်တဲ့ ဗမာနိုင်ငံ အလုပ်သမားအစည်းအရုံးမှာလည်း ဗဟိုစည်းရုံးရေးမှူးတယောက်အဖြစ် ဖဆပလ နှစ်ခြမ်းကွဲချိန်ထိ တော်ဘုရားကလေး ဆောင်ရွက်ခဲ့သလို မိသားစုအပေါ် အနှစ် သုံးဆယ် ကျော် စောင့်ရှောက်လာခဲ့တဲ့ သခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေမှာလည်း သူ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ ဒီငြိမ်းချမ်းရေးကိစ္စတွေနဲ့ ပတ်သက်ပြီး မြေပေါ် ကွန်မြူနစ်တွေလို့ ဖဆပလ အစိုးရနဲ့ စစ်တပ်က ယူဆတဲ့ လူထုဦးလှ-ဒေါ်အမာ ၊ ဒဂုန်တာရာ၊ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော စတဲ့ ပုဂ္ဂိုလ်တွေနဲ့ သူပိုရင်းနှီးလာခဲ့ပြီး လက်ဝဲဘက်ကို ပိုစိတ်သန်လာပါတယ်။ ဒါကြောင့် ၁၉၅၈ ပါတော်မူနေ့မှာ သူ့နာမည်ကို ရဲဘော်သန့်စင် လို့ ပြောင်းခဲ့ပြီး နောက်ပိုင်းမှာဦးအောင်ဇေ လို့ ထပ်ပြောင်းခဲ့ပေမယ့် တော်ဘုရားကလေး နာမည်ပဲ တွင်ခဲ့ပါတယ်။ သူ့ရှေ့မှာ ရှိခိုးဖို့ ကိုင်းညွတ်လာသူတွေကို ဘာကျပျောက်လို့ ငုံကြည့်နေတာလဲ လို့ တော်ဘုရားကလေး ရယ်စရာ ပြောတတ်ကြောင်း ဆူဒါရှား ရဲ့ နန်းကျဘုရင် သီပေါ စာအုပ်မှာ ဖော်ပြပါတယ်။ တခြားဆွေမျိုးတွေနဲ့မတူဘဲ တော်ဘုရားကလေးအိမ်မှာ မင်းသုံးစိုးသုံးတွေ စွန့်ပယ်ခဲ့ပေမယ့် မင်းမျိုးထုံးစံ ပေးကမ်းစွန့်ကြဲတတ်တာတွေကို မဖျောက်နိုင်တဲ့အတွက် တော်ဘုရားကလေးကို စာကလေး အမွေးနုတ်သလို ဝိုင်းအလှူခံသူ များတယ်လို့လည်း ဇနီးဖြစ်သူ ဒေါ်ခင်မေက မှတ်ချက်ချပါတယ်။
၁၉၅၉ မှာတော့ ဗိုလ်ချုပ်ကြီးနေဝင်း အိမ်စောင့်အစိုးရရဲ့ ဓမ္မန္တရာယ်လှုပ်ရှားမှုနဲ့ ပေါင်းပြီး ဗုဒ္ဓဘာသာ နိုင်ငံတော်ဘာသာ ဖြစ်မြောက်ရေး လှုပ်ရှားမှုမှာ တော်ဘုရားကလေးတို့ သီပေါအနွယ်တော်တွေ လှိုက်လှိုက်လှဲလှဲ ကူညီခဲ့ကြပါတယ်။ တတိယသမီးတော်ကို နာယကတင်ပြီး ထောင်တဲ့ အဖွဲ့မှာ တော်ဘုရားကလေးက အတွင်းရေးမှူး ဖြစ်ခဲ့တာပါ။ ဒါကလည်း စစ်အစိုးရကို ထောက်ခံတာထက် မြန်မာမင်းမျိုးတွေရဲ့ ထုံးစံ ဗုဒ္ဓဘာသာကို အရေးထားတာ ဖြစ်ပါတယ်။
စစ်အစိုးရဆန့်ကျင်သူဘဝ
၁၉၆၃ နောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီးနေဝင်း စစ်အစိုးရရဲ့ နိုင်ငံရေးဖိနှိပ်မှုတွေကြောင့် တော်ဘုရားကလေး စစ်တပ် ဆန့်ကျင်သူ ဖြစ်လာပါတယ်။ သီပေါဆင်ဒီကိတ်ရဲ့ ရောင်းဝယ်ရေး လုပ်ငန်းတွေလည်း ရပ်ဆိုင်းကုန်ပါတယ်။ တရုတ်-ဗမာ အရေးအခင်းအပြီး ထောက်လှမ်းရေးလိုက်လို့ မြန်မာ-တရုတ် မိတ်ဆွေဖြစ်အသင်း လူကြီးတွေ တိမ်းရှောင်ရရာမှာ တော်ဘုရားကလေးလည်း ပါဝင်ပါတယ်။ နှစ်နှစ်လောက် အင်းစိန်ခဝဲခြံဘက်မှာ ရှောင်တိမ်းနေချိန်အတွင်း ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးပါတီ ကို မြေအောက်မှာ ထူထောင်ပြီး ဥက္ကဋ္ဌ လုပ်ခဲ့ပါတယ်။ အဖမ်းခံရပြီး ထောင် နှစ်နှစ်ကျချိန်မှာတော့ သူ့ကျန်းမာရေး ချို့တဲ့ခဲ့သလို ဇနီး ဒေါ်ခင်မေ တယောက် သမီးဖြစ်သူ ဒေဝီသန့်စင် တက်ခဲ့တဲ့ အထက်တန်းကျောင်းမှာ အုန်းနို့ခေါက်ဆွဲရောင်းပြီး ခက်ခက်ခဲခဲ ရပ်တည်ခဲ့ရပါတယ်။ သူလွတ်မြောက်ရေးအတွက် ဘယ်သူ့ဆီမှ အကူအညီမတောင်းဖို့လည်း တော်ဘုရားကလေးက တင်းတင်း ကျပ်ကျပ် မှာထားခဲ့ပါတယ်။
၁၉၈၈ အရေးအခင်းအပြီး မြန်မာပြည် တိုးတက်ရေး လူငယ်အဖွဲ့ချုပ် မှာ နာယကအဖြစ် တော်ဘုရားကလေးတယောက် တပ်ပေါင်းစု ဖွဲ့ရေးနဲ့ ကြားဖြတ်အစိုးရ ဖွဲ့ရေး ဆက်လက် တောင်းဆိုခဲ့သလို ၁၉၈၉ မှာလည်း မနတခေါ် အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု မှာ ပါဝင်ခဲ့လို့ လေးနှစ်ကြာ ဖမ်းဆီးခံခဲ့ရပြန်ပါတယ်။ တော်ဘုရားကလေးရဲ့ ပွင့်ပွင့်လင်းလင်း ပြောတတ်မှုကြောင့် လာဖမ်းရင် အသင့်ဖြစ်အောင်အိပ်ရာလိပ်အမြဲပြင်ထား ရတယ် ဆိုပြီး သူ့ရဲ့အစ်မတော် ထိပ်စုဘုရားကြီးက ရယ်စရာ ပြောခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အင်္ဂလိပ်စာသင်တန်းတွေပေးပြီး ချို့တဲ့တဲ့ ကျောင်းသားတွေကို ပညာဒါနပြု ခဲ့ပါတယ်။ နောက် သူ အစဉ်တစိုက်လုပ်လာတဲ့ မြန်မာနန်းစဉ်ရတနာတွေ ပြန်ရရေး အပါအဝင် သီပေါအနွယ်တော်တွေအကြောင်း စာအုပ်တွေ ဆက်ရေးသားခဲ့လို့ သူ့ကို သမိုင်းဆရာအဖြစ်လည်း လူသိများ ပါတယ်။ ဒီစာအုပ်တွေမှာ သူ အစဉ်တစိုက် ရေးနေကျ အနောက်အုပ်စု နယ်ချဲ့ ဆန့်ကျင်ရေးတွေ ဆက်ရေးနေလို့ ၁၉၉ဝ ကျော် နဝတခေတ် ဒီမိုကရေစီရေးမှာ ကူညီထောက်ခံနေတဲ့ အနောက်နိုင်ငံတွေကို ရှုတ်ချသလို ဖြစ်နေတယ်ဆိုပြီး နိုင်ငံရေး ရပ်ကွက်တချို့က သတ်မှတ်ပါတယ်။ တော်ဘုရားကလေးကတော့ သူ အနှစ် ၄ဝ ကျော် ရပ်တည်လာခဲ့တဲ့ နိုင်ငံရေးမူကိုပဲ ဆက်ကိုင်စွဲခဲ့ပါတယ်။
မြန်မာပြည်ရဲ့ ဆူဖာနိုဗောင်
၂ဝ ရာစု ကမ္ဘာ့နိုင်ငံရေးမှာ ဘုရင်မင်းဆက်တွေ ပြိုလဲပြီး သမ္မတနိုင်ငံတွေ၊ ကွန်မြူနစ်နိုင်ငံတွေ ပေါ်ထွန်းလာခဲ့ပါတယ်။ တော်ဘုရားကလေးကတော့ ဗြိတိသျှအုပ်ထိန်းမှုအောက်မှာ ရုပ်သေးမင်းသားအဖြစ် ကြိုးဆွဲရာ မကခဲ့သလို ဂျပန်အလိုအတိုင်းလည်း အမျိုးသား သစ္စာဖောက် မလုပ်ခဲ့ပါဘူး။ နောက်ပြီး လွတ်လပ်ရေးကြိုးပမ်းမှု အဆင့်ဆင့်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းကို သီပေါမိသားစု ထောက်ခံခဲ့သလို လွတ်လပ်ပြီး နောက်မှာလည်း ဖဆပလအစိုးရနဲ့ ဆက် လက်တွဲခဲ့ကြပါတယ်။ ၁၉၆၂ နောက်ပိုင်းမှ ဗိုလ်ချုပ်ကြီး နေဝင်းကို တော်ဘုရားကလေး ဆန့်ကျင်ခဲ့တာပါ။ သူ အားကျတဲ့ လာအိုက မင်းသားကြီး ဆူဖာနိုဗောင်ခေါ် သုဖာနဝုန်ကတော့ ကွန်မြူနစ် အစိုးရခေတ်မှာ သမ္မတဖြစ်ခဲ့ပါတယ်။ တော်ဘုရားကလေးကတော့ ထောင်ဆုတွေပဲ အကြိမ်ကြိမ် ရခဲ့ပြီး ငွေကြေးကျပ်တည်းမှုကို စစ်တပ်ခေတ်တွေမှာ ကြုံခဲ့ရပါတယ်။ ဒါပေမဲ့လည်း စစ်တပ်ရုပ်သေးဘဝ အရောက်မခံဘဲ ဘဝအဆုံးသတ်ခဲ့ပါတယ်။
သူမရှိတဲ့နောက် ၂ဝ၁၆ မှာတော့ သီပေါမင်း နတ်ရွာစံ ရာပြည့်ကို အကြောင်းပြုပြီး အိန္ဒိယနိုင်ငံ ရတနာဂီရိကို တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားခဲ့ပါတယ်။ အဲဒီနောက် တပ်နယ်မြေထဲက မန္တလေး နန်းတော်ပေါ်မှာ မင်းမျိုးတွေ စုဝေးခွင့်ပေးခဲ့ပါတယ်။ သီပေါမင်း အလောင်းတော်ကို မြန်မာပြည် ပြန်သယ်ရေးမှာတော့လွတ်လပ်ရေးရကတည်းက တော်ဘုရားကလေးတို့ တောင်းဆိုလာခဲ့တဲ့ ကိစ္စဖြစ်ပေမယ့် နိုင်ငံမှာ ငြိမ်းချမ်း သာယာဝပြောမှ ပြန်သယ်ပါ လို့ပဲ တော်ဘုရားကလေးရဲ့ သမီး ဒေါ်ဒေဝီသန့်စင်ခေါ် ရတနာဒေဝီ ကလေးက တောင်းဆိုခဲ့ပါတယ်။