ဦးနေဝင်းက မြင်းလောင်းသင်ပေးခဲ့သူ နန်စီလှိုင်ဖူး

    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

အသက် ၁ဝဝ ပြည့်ခါနီး လပိုင်းမှာ ကွယ်လွန်သွားတဲ့ ဒေါ်နုနုဆွေဟာ မြန်မာအစိုးရအကြီးအကဲဟောင်းတွေရဲ့ ဇနီးတွေထဲမှာ အသက် အရှည်ဆုံးနဲ့ နောက်ဆုံးကွယ်လွန်သူဖြစ်ပါတယ်။ သူ့ဘဝမှာ တော်လှန်ရေးသမားရဲ့ လက်တွဲဖော်ဘဝကနေ နိုင်ငံရေးဝင်္ကပါထဲ ရောက်လာရာက ဝန်ကြီးချုပ်ကတော်၊ အထိန်းသိမ်းခံခင်ပွန်းနဲ့ သားသမီးတွေရဲ့မိခင်ဘဝတွေ ဖြတ်သန်းခဲ့ရပါတယ်။

ကွန်ဗင့်ကျောင်းသူနဲ့ ဗိုလ်သီဟ

၁၉၂၂ ဇန်နဝါရီမှာ တနင်္သာရီတိုင်း ပုလောမြို့က ရာဘာခြံနဲ့ သတ္တုတွင်းပိုင်ရှင် ဦးလှိုင်ဖူးရဲ့ သမီးအဖြစ် မွေးခဲ့တဲ့ ဒေါ်နုနုဆွေဟာ ငယ်စဉ်က မော်လမြိုင် က စိန့်ဂျိုးဇက်ကွန်ဗင့်ကျောင်းမှာ ပညာသင်ခဲ့ပြီး နန်စီလှိုင်ဖူးလို့ သိခဲ့ကြပါတယ်။ မော်လမြိုင်ကျောင်းမှာ သူခင်ခဲ့တဲ့ သူငယ်ချင်းတွေထဲမှာ သီပေါမင်းရဲ့ မြေးတော်တွေလည်း ပါပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်ချိန်မှာ မိဘအိမ်ပြန်လာချိန်မှာ တော်လှန်ရေးခေါင်းဆောင် ဖြစ်နေတဲ့ ဗိုလ်သီဟခေါ် ကိုဗဆွေက သူ့ကို လက်ထပ်ခွင့် တောင်းခဲ့ပါတယ်။ မရေရာတဲ့ နိုင်ငံရေးသမားရဲ့လက်ထပ်ခွင့်တောင်းခံတာကို နိုင်ငံရေးစိတ်ပြင်းတဲ့ ဖခင်က သဘောတူတဲ့အတွက် ၁၉၄၄ နိုဝင်ဘာမှာ သူတို့လက်ထပ်ကြပါတယ်။ လက်ထပ်ဖို့ စီစဉ်ပေးသူကတော့ ကွန်မြူနစ်ခေါင်းဆောင်ဖြစ်လာတဲ့ သခင်ဗသိန်းတင်ပါ။ ရန်ကုန်ကနေ ဝန်ကြီး သခင်လွန်းဘော်၊ သခင်လေးမောင်တို့နဲ့ မင်္ဂလာပွဲလာတဲ့ သတို့သား ကိုဗဆွေတို့ ခရီးလမ်းအဆင်မပြေဖြစ်နေလို့ လက်ထပ်ဖို့ သတ်မှတ်ထားတဲ့ ရက်ကို ကျော်ပြီးမှ ပုလောရောက်လာကြလို့ နတ်တော်လထဲမှာ ပြန်ရက်သတ်ပြီး မင်္ဂလာဆောင်ခဲ့ရတယ်လို့ ဦးဗဆွေရဲ့ ကိုယ်တိုင်ရေး ကိုယ်ရေး မှတ်တမ်းမှာ ပါရှိပါတယ်။ ရန်ကုန်မှာ ကေဘိုတိုင်ခေါ် လေကြောင်းကာကွယ်ရေးတပ် ဗိုလ်ချုပ်ဖြစ်နေတဲ့ သတို့သားမှာ အဝတ်အစားမပြည့်စုံလို့ သူများ ဆီက ဆွဲယူဝတ်ခဲ့ရတာလို့လည်း ဆိုပါတယ်။

ကိုဗဆွေဟာ တက္ကသိုလ်ကျောင်းသားခေါင်းဆောင်ဘဝက သခင်အောင်ဆန်း၊ ဒေါက်တာလှရွှေ တို့နဲ့အတူ အသက် ၃ဝ ထိ အိမ်ထောင်မပြုဘဲ နိုင်ငံရေး လုပ်ကြမယ် ဆိုပြီး တိုင်ပင်သစ္စာပြုထားခဲ့သူ ဖြစ်ပါတယ်။ သူ့ကိုချစ်ကြိုက်တဲ့ မိန်းကလေးတွေကိုတောင် ငြင်းဆန်ခဲ့တဲ့အတွက် ကိုဗဆွေကို ဇာတ်ကောင် ထားပြီး စာရေးဆရာကြီး မဟာဆွေက သူရိယမဂ္ဂဇင်းမှာ ဝတ္ထုရေးခဲ့ဖူးပါတယ်။ နောက်ပြီး ခေတ်ဆန်သူ ဥရောပပုံစံကျောင်းတွေမှာ ပညာသင်လာတဲ့ မိန်းကလေးတွေကို မနှစ်သက်သူဖြစ်လို့ ကက်သလိန်းဂွက်ထော်၊ ကမြင်းဝါဒ ကျဆုံးပါစေ ဆိုတဲ့ ဝတ္ထုတွေနဲ့ သရော်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း နန်စီလှိုင်ဖူးရဲ့ သွက်လက်ချက်ချာမှုနဲ့ ပွင့်ပွင့်လင်းလင်းပြောဆိုတတ်မှုတွေကြောင့် သဘောကျပြီး ချစ်ရေးဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ညံ့ကွက် တွေကို ရှင်းရှင်း လင်းလင်းပြောပြပြီး လက်ထပ်ခွင့်တောင်းတဲ့ ကိုဗဆွေကို နန်စီက သဘောကျပြီး မိဘဆီလာတောင်းဖို့ အဖြေပေးရာကနေ သူတို့ ပေါင်းဖက်မိခဲ့ကြတာ ဖြစ်ပါတယ်။ ဦးလှိုင်ဖူးက လက်ထပ်ခါစ သမီးဖြစ်သူကို ခင်ပွန်းကိစ္စမှာ ဝင်မစွက်ဖို့၊ အကြံတောင်းလာမှ နိုင်သလောက် ကူညီဖို့၊ လာဘ်လာဘကို ရှောင်ဖို့ ဆုံးမခဲ့တယ်လို့ ဒေါ်နုနုဆွေက ခင်ပွန်းသည်နှင့်ပတ်သက်သော ပါရမီဖြည့်ဆောင်ရွက်ချက်များမှာ ရေးခဲ့ပါတယ်။

တော်လှန်ရေးနဲ့ နိုင်ငံရေး လေပြင်းများ

လက်ထပ်ပြီး ရန်ကုန်ပြန်လာတဲ့ခရီးဟာ ပျားရည်ဆမ်းခရီးဖြစ်ဖို့ကောင်းပေမယ့် လမ်းတလျှောက် မြို့ရွာတွေမှာ ဖက်ဆစ်တော်လှန်ရေးအတွက် စည်းရုံးရေး ဆင်းရတဲ့ခရီးဖြစ်လို့ အန္တရာယ်များတဲ့ခရီးကြမ်းတခု ဖြစ်ပါတယ်။ ရန်ကုန်ရောက်လာတော့လည်း ဘိုလိန်း ဗညားဒလလမ်းက အိမ်မှာ သခင် ဗသိန်းတင်၊ ဗိုလ်ဂွမ်ရှိန်၊ ဒေါက်တာဆင်ဖိုးစတဲ့ ထားဝယ်ရဲဘော်တွေနဲ့ ဆင်းဆင်းရဲရဲ ပျော်ပျော်ပါးပါး နေခဲ့ကြပါတယ်။ တော်လှန်ရေးစခါနီး မှာတော့ ကိုဗဆွေက ကိုယ်ဝန်သုံးလနဲ့ဇနီးသည်ကို ဗိုလ်ချုပ်ကြီးနေဝင်းခေတ်မှာ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာမယ့် ဗိုလ်သီဟန်ရဲ့ဇနီးနဲ့အတူ လိုက်နေဖို့ ပေါင်းတည် ပို့လိုက်ပါတယ်။ အဲဒီနောက် လင်မယားနှစ်ယောက် ငါးလကြာ ကွဲသွားတဲ့အတွင်း ကိုဗဆွေ ရန်ကုန်မှာ ဂျပန်အဖမ်းခံရသလို နန်စီလည်း နယ်မှာ ဒုက္ခ မျိုးစုံနဲ့ ကြုံခဲ့ရပါတယ်။

စစ်ပြီးနိုင်ငံရေးအပြောင်းအလဲတွေကြားမှာ ဆိုရှယ်လစ်ပါတီခေါင်းဆောင်အနေနဲ့ ကိုဗဆွေ နေရာရလာသလို ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးပြီး လွတ်လပ်ရေးရပြီးနောက်မှာလည်း ကာကွယ်ရေးဝန်ကြီး ဖြစ်လာပြီး ကျားကြီးဗဆွေလို့ ထင်ရှားလာပါတယ်။ နောက် ၁၉၅၆ နဲ့ ၁၉၅၇ ကြားမှာ နိုင်ငံ ဝန်ကြီးချုပ် အဖြစ် ဦးနုလွှဲပြောင်းပေးတဲ့ရာထူးကို လုပ်ကိုင်ခဲ့ပါတယ်။ ဦးနုနဲ့ သူတို့ အိမ်ချင်းလဲပြီး နေခဲ့ကြတာ ဖြစ်ပါတယ်။ ၁၉၅၇ နှစ်ဆန်းမှာတော့ နန်စီနုနုဆွေရဲ့ ဖခင် ဦးလှိုင်ဖူး ရာဘာခြံသွားရင်း သူပုန်ပစ်လို့ သေဆုံးခဲ့ပါတယ်။

၁၉၅၈ ဖဆပလပြိုကွဲ ပြီးနောက်မှာတော့ နုတင်နဲ့ ဆွေငြိမ်းဆိုပြီး ကွဲကုန်ကြရာမှာ ဦးဗဆွေက ဦးကျော်ငြိမ်းနဲ့ပေါင်းပြီး တည်မြဲဖဆပလဖြစ်လာခဲ့ ပါတယ်။ ဖခင်ဝယ်ပေးထားတဲ့ ကြည့်မြင်တိုင် ဟုမ်းလမ်း ပန်းလှိုင်လမ်းက အိမ်မှာ စစ်ဘက်အရပ်ဘက်က ခေါင်းဆောင်တွေ ခင်ပွန်းနဲ့ လာဆွေးနွေးကြ ရင် ကြားမိတဲ့ စကားတွေကို သူနဲ့မဆိုင် သဘောထားပြီး နှုတ်ပိတ်နေခဲ့တယ်လို့ ဒေါ်နုနုဆွေက ပြန်ရေးခဲ့ပါတယ်။ သူ့အနေနဲ့ ဒီအကွဲအပြဲတွေမှာ ဘယ်ဘက်မှမပါဘဲ အားလုံးနဲ့ အဆင်ပြေအောင် နေခဲ့တယ်လို့လည်း ဒေါ်နုနုဆွေနဲ့ ၂ဝ၁၈ က တွေ့ဆုံချိန်မှာ ပြောပြဖူးပါတယ်။

နရသိန်နဲ့မိသားစု

၁၉၅၈ စစ်တပ်က အိမ်စောင့်အစိုးရဆိုပြီး ဖွဲ့စဉ်ကတည်းက ဘယ်တော့မှ မဆင်းတော့ဘူးလို့ ပြောခဲ့ဖူးတဲ့ ဦးဗဆွေဟာ ၁၉၆၂ ထပ်အာဏာသိမ်းပြီး နောက်ပိုင်း ၁၉၆၃ မှာ သုံးနှစ်ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ တပ်နဲ့နီးစပ်တယ်လို့ ၁၉၆ဝ မတိုင်မီက ယူဆခဲ့ကြတဲ့ ဦးဗဆွေဟာ မိသားစုနဲ့ ၂ နှစ်ကြာ မတွေ့ဆုံရဘဲ နေခဲ့ရပေမယ့် သူ့မိခင်ဆုံးချိန်မှာတော့ ထောက်လှမ်းရေးက အထူးလေယာဉ်နဲ့ သူတို့စုံတွဲကို ထားဝယ်လိုက်ပို့ပေးခဲ့ပါတယ်။ နောက် တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း လာချိန်မှာလည်း သူတို့နဲ့ တွေ့ချင်တယ်ပြောတဲ့အတွက် ထောင်ထဲက ထုတ်ပြီး တွေ့ခွင့်ရခဲ့တယ်လို့ သိရပါတယ်။

တကယ်က ဗိုလ်ချုပ်ကြီးနေဝင်းဟာ အာဏာမသိမ်းခင်က သူတို့အိမ်ကို တနင်္ဂနွေနေ့တိုင်းလာလည်နေကျဖြစ်သလို သူ့ကိုလည်း မြင်းလောင်းနည်း သင်ပေးခဲ့တယ်လို့ ဒေါ်နုနုဆွေက ပြောပါတယ်။ သူ့ဇနီး ဒေါ်ခင်မေသန်းနဲ့ ဒေါ်နုနုဆွေတို့ ခင်သလို သူ့ယောက္ခမ ဒေါက်တာဘသန်းကလည်း ဦးဗဆွေ ဝန်ကြီးချုပ်ဘဝ အမေရိကန်သွား ဆေးကုချိန်မှာ သူတို့နဲ့ လိုက်လာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ၁၉၇၄ ဦးသန့်အရေးအခင်းနောက်ဆက် ရွှေတိဂုံ သပိတ်မှာ သူတို့ သားသမီးဆယ်ယောက်ထဲက လေးယောက် ထိန်းသိမ်းခံခဲ့ရပါတယ်။ သားအငယ်ဆုံး ၁၃ နှစ်သားဟာ ထောင်ထဲ ၂ နှစ်ကျော် နေခဲ့ရပြီး ဘဝပျက် သွားတယ်လို့ ဒေါ်နုနုဆွေက ရေးပါတယ်။ သမီးသုံးယောက်ကတော့ သုံးနှစ်ကျော် ထိန်းသိမ်းခံခဲ့ရပြီး ထောင်ကြမ်းပြင်ပေါ် အိပ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီလိုအဖမ်းအဆီးကိစ္စတွေမှာ အာဏာရ ဦးနေဝင်းအစိုးရကို အကူအညီတောင်းတာတွေ မလုပ်ခဲ့ဘဲ ထောင်ဝင်စာပဲ သွားတွေ့ခဲ့တယ် လို့လည်း ဆိုပါတယ်။

၁၉၈၇ မှာ ဦးဗဆွေမကွယ်လွန်ခင်မှာ ပေါက်ကွဲမှုတခု လာစရာရှိလို့ ရိက္ခာစုထားဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ သူကွယ်လွန်ချိန်မှာတော့ ဦးနေဝင်းက ပန်းစည်းပို့ခဲ့ပါတယ်။ တခါ ၁၉၈၈ ဆန္ဒပြပွဲတွေအတွင်း လူငယ် ကျောင်းသားတွေ အိမ်လာပြီး မှီခိုနေထိုင်ကြတယ်လို့ သိရပါတယ်။ အရေးအခင်း ပါတီတွေဖွဲ့ချိန်မှာလည်း ဒေါ်နုနုဆွေရဲ့ သမီးသုံးယောက် ဖဆပလ အမည်နဲ့ ပါတီထောင်ခဲ့ဖူးပါတယ်။ ၂ဝ၁၅ နဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲတွေမှာတော့ တတိယသား ဦးနေဖူးဗဆွေ NLD အမတ်ဖြစ်ခဲ့ပါတယ်။

ကန့်လန့်ကာကြားက ကြည့်ခဲ့သူ

သူ အသက်တရာမပြည့်ခင် မြန်မာနိုင်ငံ ဒီမိုကရေစီအပြည့်ပြန်ရနိုင်မလား မေးကြည့်တဲ့အခါ ဒေါ်နုနုဆွေက ကံတရားက ဆန်းကြယ်တယ်လို့ ဖြေခဲ့ဖူး ပါတယ်။ အဆိုးအကောင်း ဘာမဆိုဖြစ်လာနိုင်တယ်လို့ သူ ၂ဝ၁၈ က ပြောခဲ့အတိုင်း ၂ဝ၂၁ မှာ အာဏာသိမ်းတာ ကြုံခဲ့ရပါတယ်။ နိုင်ငံရေး မုန်တိုင်း ပြန်ထန်လာချိန်မှာပဲ ဒေါ်နုနုဆွေ ကွယ်လွန်ခဲ့ပါတယ်။ သူ့ဘဝမှာ အဆိုးအကောင်းတွေကြုံခဲ့ရလွန်းလို့ နေသားကျနေပြီလို့ ဖြေခဲ့တဲ့ ဒေါ်နုနုဆွေဟာ မြန်မာပြည် နိုင်ငံရေးဇာတ်ခုံကို အနှစ် ၈ဝ နီးပါး နောက်ကွယ်ကနေ ဖြတ်သန်းသွားခဲ့ပါတယ်။

တခါ လွတ်လပ်ရေး မရခင် လုပ်ခဲ့ကြတဲ့ နိုင်ငံရေးခေတ်နဲ့မတူဘဲ အခု တပ်မတော်ပါနေတဲ့ နိုင်ငံရေးခေတ်မှာ ကိုယ်ကျိုးစီးပွားတွေ ပါနေကြတယ် လို့လည်း သူက သတိပေးခဲ့ပါတယ်။ ဦးဗဆွေတို့ခေတ်က တယောက်နဲ့တယောက် ယုံကြည်မှုနဲ့ ဆင်းဆင်းရဲရဲလုပ်ကိုင်ခဲ့ကြလို့ လွတ်လပ်ရေး ရခဲ့သလို ဆိုရှယ်လစ် ကွန်မြူနစ် ကွဲကြပေမယ့် သာရေးနာရေးမှာ အတူတူဆုံကြတယ်၊ အခုခေတ်က ဒါမျိုး မရှိတော့ဘူးဆိုပြီး ကွာခြားမှုကို ထောက်ပြပါတယ်။ ငယ်စဉ်ကတည်းက သူထက်မြက်တယ်လို့ ယူဆခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံရေးကို သူလုပ်နိုင်သမျှ အကောင်းဆုံး လုပ်ခဲ့တယ်လို့လည်း ဒေါ်နုနုဆွေ မှတ်ချက်ချခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးမှာ လုပ်သူထက် ဝေဖန်သူက များနေသလို နိုင်ငံမှာ စိတ်ဓာတ်၊ ဘာသာရေးနဲ့ စာရိတ္တ အစစ ချွတ်ချုံ ကျနေပြီး မနာလိုမှုတွေများတယ်လို့လည်း ဆိုပါတယ်။

ကွယ်လွန်ခါနီးထိ တရားစာအုပ်နဲ့ ရီးဒါးဒိုင်ဂျက်စ်စတဲ့ စာအုပ်တွေကို ပုံမှန်ဖတ်တဲ့ ဒေါ်နုနုဆွေဟာ အသက် ၉၇ နှစ်ထိ အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်တာကို တွေ့ရပါတယ်။