တရုတ်ရဲ့ ဗျူဟာ၊ မြန်မာ့ရပ်တည်ချက်နဲ့ ၂၀၂၀ အလွန် အခင်းအကျင်း

၂၀၁၇ တုန်းက ဘေဂျင်းမှာ သမ္မတရှီနဲ့ တွေ့ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

ဓာတ်ပုံ ရင်းမြစ်, Damir Sagolj-Pool/Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၇ တုန်းက ဘေဂျင်းမှာ သမ္မတရှီနဲ့ တွေ့ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်
    • ရေးသားသူ, စိုင်းထွန်းအောင်လွင်
    • ရာထူးတာဝန်, ပြင်ပဆောင်းပါးရှင်

တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်တို့ သဘောထား ပြတ်ပြတ်သားသား ထုတ်ပြောလာရုံသာမက ဒေသတွင်း အကျိုးစီးပွားပတ်သက်နေတဲ့ နိုင်ငံတွေကိုပါ သူတို့ရဲ့ အမြင်တွေကို သိစေချင်တဲ့ အားထုတ်မှုတွေ လုပ်လာပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးကတာဝန်ရှိသူ တစ်ယောက်က တရုတ်ရဲ့ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ် လွှမ်းမိုး သြဇာချုပ်ကိုင် လိုသော လုပ်ရပ်များ အကြောင်းဆိုပြီး ရေးသားထုတ်ပြန်ခဲ့တာကို တရုတ်သံရုံးဘက်ကလည်း ချက်ခြင်း မဆိုင်းမတွ ပြင်းထန်တဲ့ စကားလုံးတွေနဲ့ ဝေဖန် တိုက်ခိုက်လိုက်ပါတယ်။

မြန်မာရဲ့ အိမ်နီးချင်း ကမ္ဘာ့အင်အားကြီး နိုင်ငံကြီး အဖြစ်သာမက မြန်မာရဲ့ အကျိုးစီးပွား အတော်များများကို သက်ရောက်နိုင်စေတဲ့ ဆက်ဆံရေးရှိတဲ့ တရုတ်ရဲ့ အရင်နဲ့ အခု ပြောင်းလဲလာတဲ့ နိုင်ငံခြားရေး မူဝါဒတွေနဲ့ မြန်မာ-တရုတ် ဆက်ဆံရေးကို လေ့လာကြည့်ပါမယ်။

( က ) နိုင်ငံခြားရေးမူဝါဒ အကြောင်း တစေ့တစောင်း

တပ်မတော်အစိုးရလက်ထက်က စခဲ့တဲ့ စီမံကိန်းကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရပ်ဆိုင်းခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တပ်မတော်အစိုးရလက်ထက်က စခဲ့တဲ့ စီမံကိန်းကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရပ်ဆိုင်းခဲ့

တရုတ်နိုင်ငံခြားရေးမူမှာ တိန့်ရှောင်ဖိန် လက်ထက်ကစလို့ အင်အားကြီးနိုင်ငံများ (great powers) (daguo)၊ အစွန် အဖျား အိမ်နီးချင်းများ (zhoubian ) (အိမ်နီးချင်း နယ်နိမိတ်ထိစပ် အရှေ့တောင်အာရှနိုင်ငံတွေအပြင် တောင်ကိုရီးယား၊ စင်ကာပူတို့လည်း ဒီအထဲမှာ ပါဝင်ပါတယ်။) ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ (fazhan zhong de guojia) လို့ ခွဲခြားခဲ့ပါတယ်။

အင်အားကြီးကတော့ အမေရိကန်နဲ့အတူ အိန္ဒိယ ၊ ဂျပန် ၊ ရုရှား တို့လို နိုင်ငံတွေအပြင် အနောက်အုပ်စုဝင် နိုင်ငံတွေပါ။ မြန်မာကတော့ အစွန်အဖျား အိမ်နီးချင်းအုပ်စုမှာ ပါဝင်ပါလိမ့်မယ်။

မြန်မာနဲ့ ပတ်သက်လို့ ၂၀၁၁ ခုနစ်မှာ စခဲ့တဲ့ ၂၀၀၈ အခြေခံ ဥပဒေ အခြေပြု ဖြေလျှော့ရေး အစောပိုင်းကာလ မြန်မာရဲ့ ဖြေလျှော့မှုတွေကို တရုတ်အနေနဲ့ မှင်တက်မိတယ်လို့ ပီကင်းတက္ကသိုလ်က ပါမောက္ခ တဦးက ပြောဖူးပါတယ်။

အထူးသဖြင့်တော့ မြန်မာပြည်မှာ သမ္မတ ဦးသိန်းစိန် တက်လာပြီးနောက် မြစ်ဆုံ စီမံကိန်း ယာယီရပ်ဆိုင်းတာ၊ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြန်လည် စတင်တာမျိုးတွေကို ဆိုလိုတာပါ။ အဲဒီကာလတွေတုန်းက မြန်မာမှာ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေ ထိုးကျသွားတယ်။ ဒါပေမဲ့ ဒါဟာ တရုတ်အနေနဲ့ မြန်မာကို လုံး၀ ဆုံးရှုံးသွားတဲ့ အခြေအနေ မရောက်ခဲ့ပါဘူး။ ဆက်ဆံရေးမှာ နည်းနည်း အေးစက်သွားတဲ့ Cooling Period အဖြစ်သာ ရောက်ခဲ့တာပါ။

အဲဒါက အခြေအနေကို အေးအေးဆေးဆေး ပြန်စဥ်းစား သုံးသပ်နိုင်လာစေပါတယ်။ ပိုပြီး 'သိမ်မွေ့နက်နဲ ရှုပ်ထွေးမှု' တွေကို လက်ခံလာပါတယ်။ မြန်မာအစိုးရနဲ့ ပိုင်ရင်ပြီးရောဆိုတာ မဟုတ်ဘူးလို့ မြင်လာပါတယ်။ ရေရှည်အနာဂတ် ပူးပေါင်း ဆောင်ရွက်မှုလုပ်မယ်ဆိုရင် သေချာ ပြင်ဆင်ရမယ်ဆိုတာ စဉ်းစားလာတဲ့ ကာလပါ။

တစ်ဖက်မှာလည်း တရုတ်ပညာရှင်တွေက မြန်မာအစိုးရကို အလွတ်သဘော ဝေဖန်ပြောဆိုတာတွေ ရှိပါတယ်။ မြန်မာဟာ ကိစ္စများစွာမှာ 'အိန္ဒိယ' နဲ့ သိပ်တူပါသတဲ့။ ဘယ်လိုတူတယ်ဆိုတာတော့ သေချာရှင်းလင်း မသိရပါဘူး။ ယူဆရတာ ကတော့ သံသယကြီးတာ၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာမျိုး ဖြစ်နိုင်ပါတယ်။ တရုတ်အတွက် မြန်မာနိုင်ငံက 'မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး' (strategic partnership) ဆိုတာ သေချာ သဘောမပေါက်ကြဘူးတဲ့။ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်ကို မြန်မာအစိုးရသစ် တက်လာပြီး ၂၀၁၁ ခုနှစ် မေလမှာ လက်မှတ်ရေးထိုးခဲ့ ကြပါတယ်။ (ဗီယက်နမ်နဲ့ ၂၀၀၈ ခုနှစ်၊ လာအိုနဲ့ ၂၀၀၉ ခုနှစ်၊ ကမ္ဘောဒီးယားနဲ့ ၂၀၁၀ မှာ အလားတူသဘောတူညီချက် တွေ တရုတ်က လက်မှတ်ရေးထိုးထားပါတယ်)။

ဒီသဘောတူညီချက်အရ ဒေသဆိုင်ရာဆက်ဆံရေး၊ နယ်နိမိတ်ကိစ္စ တွေမှာ မြန်မာဘက်က 'တည်ငြိမ်မှု' နဲ့ 'သဟဇာတဖြစ်မှု' ကို တရုတ်က လိုချင်ပါတယ်။ ဒါဟာ တရုတ်ပြည်ကြီးဖွံ့ဖြိုးတိုး တက်ရေးအတွက် မရှိမဖြစ်တဲ့ အခြေအနေလို့ ယူဆထားပါတယ်။

၂၀၀၉၊ ၂၀၁၁ ဝန်းကျင် တစ်ကျော့ပြန်ဖြစ်လာတဲ့ တရုတ်နယ်စပ်က တိုက်ပွဲတွေနဲ့အတူ မတည်ငြိမ်မှုတွေက တရုတ်ကို စိတ်အနှောက်အယှက် ဖြစ်စေမှာ အသေအချာပါ။ ထူးခြားမှုကတော့ တရုတ်က မြန်မာနိုင်ငံဆိုင်ရာ အထူးသံတစ်ဦး ခန့်အပ်ပြီး၊ တိုက်ရိုက်ကိုင်တွယ်စေသလို အရင်က ပတ်သက်မှုမရှိခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အပြုသဘောနဲ့ ပါဝင်ဆောင်ရွက်မယ်ဆိုပြီး ပြောဆိုတာတွေ ရှိလာခဲ့ပါတယ်။

အဆင့် ၆ ဆင့်ရှိတဲ့ မြန်မာနဲ့ ဆက်ဆံရေး

သမ္မတရှီကျင့်ဖျင် မတက်ခင် ၂၀၁၃ နှစ်ဦးလောက်က ဆက်ဆံရေး အခြေအနေကို ပြန်ကြည့်ရင် တရုတ်-မြန်မာဆက်ဆံရေးကို တရုတ်ဘက်က အဆင့် (၆) ခု ခွဲခြားပြီး ဆက်ဆံနေပါတယ်။

-ပထမတစ်ခုက အဆင့်မြင့်အရာရှိများရဲ့ အလည်အပတ် ခရီး (High official visits) ပါ။ ၂၀၁၁ ခုနှစ်၊ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်စဥ်ကစလို့ မြန်မာဘက်က အဆင့်မြင့် အာဏာပိုင်တွေ တရုတ်ကို လာရောက်လည် ပတ်မှု (၈) ကြိမ်အထက် ရှိခဲ့ပါတယ်။ တရုတ်ဘက်ကလည်း အပြန်အလှန် အဆင့်မြင့်ခေါင်းဆောင်တွေ လာရောက်လည်ပတ်မှုတွေ ရှိနေပါတယ်။

-ဒုတိယတစ်ခုကတော့ အမျိုးမျိုးသော သင်တန်းအစီအစဉ်တွေပါ။ အခုတိုင် မရပ်မနား ဆက်လက်လုပ်ဆောင်မှု တွေ ရှိပါတယ်။ တရုတ်ပြည်ကွန်မြူနစ်ပါတီနဲ့ မြန်မာအစိုးရဝန်ကြီးဌာနတွေအကြား သဘောတူညီမှုနဲ့ လုပ်ဆောင်နေကြတာပါ။ အထူးသဖြင့် ဒီသင်တန်းတွေမှာ အစိုးရအရာရှိတွေ များပါတယ်။ ရဲသင်တန်း၊ အဓိကရုဏ်း ကိုင်တွယ်နှိမ်နင်းရေးကနေစလို့၊ အားကစား သင်တန်းတွေအထိ ပါဝင်ပါတယ်။

-တတိယဆက်ဆံရေးကတော့ တရုတ်နဲ့ မြန်မာစစ်တပ်တွေအကြား ဆက်ဆံရေး ဖြစ်ပါတယ်။ ၁၉၈၉ ကနေစလို့ ယခုတိုင် အဆင့်မြင့်အရာရှိများ အလည်အပတ်ခရီးတွေကနေ သင်တန်းပေးတာ၊ လက်နက်ရောင်းဝယ်တာတွေ ရှိခဲ့၊ ရှိနေပါတယ်။

-စတုတ္ထအမျိုးအစား ဆက်ဆံရေးကတော့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးပါ။ တရုတ်ပြည်က အရှိ တရားကို တရားအရှိအတိုင်း လက်ခံခဲ့တယ်လို့ ဆိုပါတယ်။ တရုတ် ဘာသာစကားမှာ အဲန်ဂျီအိုကို ဘာသာပြန်ဆိုကြတာ နည်းနည်းပြဿနာ ရှိပါတယ်။ သူပုန်ဆန်ဆန် အဓိပ္ပါယ် ထွက်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ တရုတ်နိုင်ငံက မြန်မာပြည်က အရပ်ဘက်လူမှုအဖွဲ့များစွာကို တရုတ်ပြည်ကို ဖိတ်ခေါ်တာတွေ ရှိပါတယ်။ အဲဒါ အပြင် (Chinese bridge) 'တရုတ်ပေါင်းကူးတံတား' ခေါ်တဲ့ တရုတ်ဘာသာစကား ကျွမ်းကျင်မှု ဆုပေးတာတွေ ရှိနေပါတယ်။ သိသာတာက မြန်မာပြည်မှာရှိတဲ့ တရုတ်သံရုံးက ၈၈-ပွင့်လင်းအဖွဲ့၊ အခြား တက်ကြွလှုပ်ရှားသူတွေ၊ ဒီမို ကရေစီအင်အားစုတွေနဲ့ ထိတွေ့ ဆက်ဆံမှုတွေ စတင်လာခဲ့တာပါ။

-ပဉ္စမအမျိုးအစား ဆက်ဆံရေးကတော့ ပြည်နယ်အဆင့်ချင်း (ဒေသဆိုင်ရာ) ဆက်ဆံရေးလို့ ခေါ်ပါတယ်။ယူနန် တက္ကသိုလ်က ပါမောက္ခ လီချန်ယန်း (Li Chenyang) တည်းဖြတ်တဲ့ စာအုပ်တစ်အုပ်မှာ အခု ဝဒေသ၊ နယ်စပ် ဒေသက တိုင်းရင်းသား ခေါင်းဆောင်တွေကို တစ်စုံတစ်ရာတည်ငြိမ်လို့ ရွေးကောက်ပွဲတွေ မလုပ်နိုင်ခင်အထိ ဒေသဆိုင်ရာ ခေါင်းဆောင်များအဖြစ် တရုတ်ဘက်က သဘောထားဆက်ဆံတယ်လို့ ဖော်ပြထားပါတယ်။

တရုတ်ဘက်ကတော့ သူတို့ဆီက တဲ့ဟုန်တိုင်းတို့၊ ယူနန်ပြည်နယ်တို့၊ ဆစ်ဆောင်ပနားပြည်နယ်တို့ကို ကိုယ်ပိုင်အုပ်ချုပ်ရေးအဆင့်မျိုး ပေးတာလို မြန်မာပြည်က တိုင်းရင်းသားတွေလည်း တစ်စုံတစ်ရာကိုယ်ပိုင် အုပ်ချုပ်ရေး ပေးသင့်တယ်လို့ မြင်ကြပါတယ်။

ဒီလိုဆက်ဆံရေးမှာတော့ ပညာရေး၊ သိပ္ပံဆိုင်ရာ သုတေသန၊ အလုပ်အကိုင်ရှာဖွေပေးရေး၊ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွေ ပါဝင်ပါတယ်။ တရုတ်ဘက်ကတော့ ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်တွေကို အတော်အလေးထားပါတယ်။ ကုန်စည်ပြပွဲတွေကစလို့ အခြား နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဖြစ်ပါတယ်။

-ဆဋ္ဌမအမျိုးအစား ဆက်ဆံရေးကတော့ ယဉ်ကျေးမှု/ဘာသာကိုးကွယ်ယုံကြည်မှုကိစ္စ ဆက်ဆံရေး ဖြစ်ပါတယ်။ တရုတ်ပြည်ဘက်က စာရေးဆရာ၊ သတင်းထောက်တွေ၊ ရုပ်ရှင် အသင်းတွေ မြန်မာပြည်ကို လာလည်ကြသလို မြန်မာဘက်က စာရေးဆရာတွေ၊ သတင်းထောက်တွေကိုလည်း ဖိတ်ပါတယ်။ မကြာသေးမီကပဲ ဆင်ဟွာ သတင်းဌာနကနေ ဖတ်ရှုသူနည်းလှတဲ့ မြန်မာဘာသာနဲ့ တိုးချဲ့တင်ဆက်မှုတွေ ရှိလာခဲ့ပါတယ်။ ဘာသာ ကိုးကွယ်မှုကိစ္စကတော့ ဗုဒ္ဓ မြတ်စွယ်တော်ကို မြန်မာပြည်ကိုပို့ပြီး ချစ်ကြည်ရေး လုပ်တာမျိုးပါ။

တစ်ဖက်မှာလည်း တရုတ်ပြည်မကြီးရဲ့ နိုင်ငံခြားရေးမူဝါဒ သိသာထင်ရှားတဲ့ အပြောင်းအလဲအချို့ကို ပြန်ကြည့်ရင် သမ္မတ ကျန်ဇီမင်းလက်ထက် ၂၀၀၂ ခုနှစ် ၁၆-ကြိမ်မြောက် ပါတီကွန်ဂရက်မှာ နိုင်ငံစုံအဖွဲ့များ (multilateral organizations) ဆိုတဲ့ အမျိုးအစားကို ထပ်ဖြည့်ခဲ့ပါတယ်။ ကုလသမဂ္ဂ၊ WTO တို့လို အဖွဲ့အစည်းတွေပါ။

သမ္မတ ဟူကျင်တောင်း လက်ထက်မှာတော့ (lingyu) ဆိုတဲ့ "ပြည်သူ့ သံတမန်ရေး" ဆိုတာကို ၁၈-ကြိမ်မြောက် ကွန်ဂရက်မှာ ထပ်ဖြည့်ခဲ့ပါတယ်။

၂၀၁၄ နှောင်းပိုင်း ဆုံးဖြတ်ချက်အရတော့ အစွန်အဖျားအိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး မြှင့်တင်ဖို့ပါ။ မြှင့်တင်ဖို့ဆိုတာကလည်း တရုတ်ပြည်နဲ့ အရှေ့အာရှ၊ အရှေ့တောင်အာရှ ကုန်သွယ်ရေးဟာ တစ်နှစ်ကို ၁.၄ ထရီလီယံ ဒေါ်လာရှိပါတယ်။ ဒီပမာဏက အမေရိကန်နဲ့ အီးယူ အပေါင်း ကုန်သွယ်မှုထက်ကို များပါတယ်။ တရုတ်ပြည်ရဲ့ ထိပ်တန်းကုန်သွယ်မှု မိတ်ဖက်နိုင်ငံ တစ်ဝက်ဟာ အာရှမှာရှိပါတယ်။ တရုတ်ပြည်ကထွက်သွားတဲ့ ပင်လယ်ရပ်ခြား ရင်းနှီး မြှုပ်နှံမှုတွေရဲ့ ၇၀% ကျော်ဟာ အာရှထဲမှာပဲ ရှိပါတယ်။ ဒီတော့ အစွန်ဖျားနားနိုင်ငံ (အိမ်နီးချင်း) များနဲ့ ဆက်ဆံရေးမြှင့် တင်ဖို့က သဘာဝကျပါတယ်။

ရှီကျင့်ဖျင် တက်စ ၂၀၁၃ မှာ ရှင်းဟွာ တက္ကသိုလ်က ပါမောက္ခ တဦးရဲ့ အစွန်အဖျား ( Peripheral ) နိုင်ငံများဆိုင်ရာ ဆက်ဆံရေးတိုးမြှင့်ဖို့ အကြံပြုချက်ထဲမှာ-

(၁) အိမ်နီးချင်းနိုင်ငံတွေရဲ့ တရုတ်အပေါ် သံသယ ကြီးထွားလာမှုမှာ လျော့ပါးစေဖို့အတွက် အခြေအနေနဲ့ လိုက်လျောညီထွေမှုရှိအောင်ပြင်ဆင်ဖို့ နဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့

(၂) တရုတ်အနေနဲ့ မူလက အမေရိကန် နိုင်ငံနဲ့ ဆက်ဆံရေးမှာ အဆင့်အလိုက် အင်စတီကျူးရှင်းတွေရဲ့ ဆက်ဆံရေးကို အဓိကထားပေမဲ့ အာရှဒေသဆိုင်ရာ အမေရိကန် သြဇာလွှမ်းမိုးလာမှုနဲ့အတူ ဒေသအရေးမှာ အမေရိကန်ကို တန်ပြန်ချိန်ညှိနိုင်တဲ့ မူဝါဒတွေ ချမှတ်ထားရှိဖို့

(၃) နယ်မြေအငြင်းပွားမှုတွေ ဖြစ်တဲ့ တောင်တရုတ်ပင်လယ်လို အရေးကိစ္စတွေမှာ သူ့ရဲ့ သမိုင်းဆိုင်ရာ ရပိုင်ခွင့်ကို အခြေခံ ပြီး ပြေလည်အောင်ဖြေရှင်းဖို့

(၄) အစွန်အဖျား နဲ့ အိမ်နီးချင်းနိုင်ငံ နယ်စပ်တွေမှာ မကြာခဏ ကြုံရလေ့ရှိတဲ့ မတည်ငြိမ်မှုတွေ ၊ ပဋိပက္ခတွေ ဖြေရှင်း ဆောင်ရွက်ဖို့အတွက် အကျပ်အတည်းဆိုင်ရာ စီမံခန့်ခွဲမှုကို နိုင်ငံခြားရေးမူဝါဒထဲ ထည့်သွင်းဖို့

(၅) ပတ်ဝန်းကျင်နိုင်ငံတွေမှာ ဖြစ်တည်နေတဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေအပေါ် မူတည်ပြီး အဲဒီနိုင်ငံတွေနဲ့ အင်စတီကျူးရှင်းအလိုက် ဆက်ဆံရေးကောင်းမွန်ဖို့အတွက် တရုတ်ရဲ့ အင်စတီကျူးရှင်းတွေကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းဖို့

( ဥပမာ- အန်ဂျီအို ၊ အရပ်ဘက်အဖွဲ့အစည်း ၊ တက်ကြွလှုပ်ရှားသူ ဆိုရင် သူပုန်လို့ သတ်မှတ်တဲ့ တရုတ်ဟာ အခြားနိုင်ငံတွေက အရပ်ဘက်အဖွဲ့အစည်း ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူ ၊ အန်ဂျီအိုတွေနဲ့ ဆက်ဆံဖို့ ကွန်မြူနစ်ပါတီအောက်က အန်ဂျီအိုလို ဌာနတွေကို နောက်ပိုင်းမှာ စတင်ဖွဲ့စည်းလာတာမျိုး ရှိပါတယ်။ )

(၆) မာတီလစ်ထရယ် အင်စတီကျူးရှင်း နိုင်ငံစုံဆိုင်ရာ အဖွဲ့တွေလို ကိစ္စတွေမှာ တရုတ်အနေနဲ့ အမေရိကန် ၊ ဂျပန် ၊ သြစတြေးလျတို့လိုပဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် အဆိုပြုရေးဆွဲ တင်ပြတဲ့ တရုတ်ရဲ့ အကျိုးစီးပွားဆိုင်ရာ မူဝါဒတွေကို တိုးမြှင့်ဆောင်ရွက်ဖို့ ၊ အဲအစီအစဥ်အောက်မှာ အစွန်အဖျား အိမ်နီးချင်းနိုင်ငံတွေကိုပါဝင်လာစေဖို့

ဥပမာ ADB ၊ IMF တို့လိုပဲ တရုတ်ကလည်း AIIB ဆိုတဲ့ ဘဏ်မျိုးတွေ ပေါ်လာတာ ၊ BRI နဲ့ ပတ်သက်တဲ့ အသိုက်အမြုံနိုင်ငံအစုအဖွဲ့ တည်ဆောက်တာ မျိုးတွေ ဖြစ်တယ်။

(ခ) အခြေအနေအလိုက် တရုတ်အစီအဥ်၊ ဆော့ဖ်ပါဝါနဲ့ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးခြင်း ဒွိဟ

တပ်ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သမ္မတရှီ ဇန်နဝါရီ ၁၈ ရက်က တွေ့ဆုံစဉ် မြန်မာဘက်ရောက်လာတဲ့ တရုတ်လက်နက်ကိစ္စတွေ ဆွေးနွေးခဲ့

ဓာတ်ပုံ ရင်းမြစ်, တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဓာတ်ပုံ ပုံစာ, တပ်ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သမ္မတရှီ ဇန်နဝါရီ ၁၈ ရက်က တွေ့ဆုံစဉ် မြန်မာဘက်ရောက်လာတဲ့ တရုတ်လက်နက်ကိစ္စတွေ ဆွေးနွေးခဲ့

လွန်ခဲ့တဲ့ နှစ် ၂၀ က တရုတ်ဖွံ့ဖြိုးလာမှုကို ငြိမ်းချမ်းစွာ ဖွံ့ဖြိုးလာခြင်းလို့ အမည်ပေးတာလည်း ရှိပါတယ်။

အမေရိကန် ဦးဆောင်ခဲ့တဲ့ ဂလိုဘယ် လစ်ဘရယ်အစီအစဥ်ကတော့ ယဉ်ကျေးမှု ၊ အိုင်ဒီယော်လော်ဂျီနဲ့အတူ အင်စတီကျူးရှင်းနဲ့ လူမှုအဖွဲ့အစည်းအားကောင်းရေးကို ဦးတည်ခဲ့တာပါ။

စစ်အေးခေတ်မှာ ဆိုဗီယက်ရုရှားကျဆုံးရတာဟာ စစ်ရေးအမာထည်ပဲ အားကိုးပြီး လူမှု စီးပွားနဲ့ ယဥ်ကျေးမှု အပါအဝင် တခြားအပျော့ထည် Soft Power အကောင်ထည်ဖော်မှု မရှိလို့ဆိုပြီး ထောက်ပြကြပါတယ်။

စစ်အေးအပြီး အမေရိကန် ဦးဆောင်တဲ့ လစ်ဘရယ်အစီအစဥ်ဟာ အကျပ်ကိုင် နိုင်ထက် စီးနင်းမရှိတဲ့ နည်းလမ်းနဲ့ သူ့ရဲ့ အပျော့ထည် Soft Power ကို အကောင်ထည်ဖော်ခဲ့တာပါ။ ယဉ်ကျေးမှု ၊ အိုင်ဒီယော်လော်ဂျီနဲ့ အင်စတီကျူးရှင်းဆိုင်ရာ တည်ဆောက်မှု စတဲ့ အချက်တွေကို အခြေခံတာဖြစ်ပြီး လူ့အခွင့်အရေး၊ ဈေးကွက်စီးပွားရေး စတဲ့ လစ်ဘရယ်အခြေခံ သဘောတရားတွေ ပါဝင်ပါတယ်။

ဒါပေမဲ့ အမေရိကန် ကိုယ်တိုင်ကတော့ အခုအခါမှာ အမာထည်ပါဝါ Hard Power နိုင်ငံတွေအနက် အကြီးဆုံးနိုင်ငံဖြစ်လာခဲ့ပါပြီ။

နှစ်ပေါင်း ၂၅ နှစ်ကျော် ကြာလာတဲ့ အချိန်မှာတော့ ယဥ်ကျေးမှု ၊ အိုင်ဒီယော်လော်ဂျီနဲ့ အဲဒီအခြေခံ ကောက်ကြောင်းကိုလိုက်ပြီး ဦးဆောင်သူအဖြစ် တခြားနိုင်ငံတွေကို စည်းရုံးဖို့ တရုတ်က လုပ်လာပါတယ်။ စီးပွားရေးဆိုင်ရာ နယ်ပယ်ချဲ့ထွင်မှု အယူအဆကို ဒုတိယ ကမ္ဘာစစ်ပြီးစကာလက အယူအဆဖြစ်တဲ့ ကမ္ဘာ့အစီအစဥ်နဲ့ ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အနောက်ကမ္ဘာရဲ့ အပျော့လိုင်းပါဝါ အယူအဆကိုတော့ လမ်းကြောင်းပြောင်း လိုက်ပါ ဆောင်ရွက်တာမျိုးမဟုတ်ပါဘူး။ သူ့မှာ ရှုပ်ထွေးလှတဲ့ သူ့ပုံစံ ဈေးကွက်စီးပွားရေးရှိပေမဲ့ ဈေးကွက်က နိုင်ငံတော်ရဲ့ အထက်ကို ရောက်နေတဲ့ ပုံသဏ္ဍာန်ကိုလည်း တရုတ်က လက်မခံပါဘူး။

ဒါ့အပြင် အနောက်နိုင်ငံတွေကလိုချင်တဲ့ အပျော့ထည် ပါဝါတွေဖြစ်တဲ့ ယဉ်ကျေးမှု ၊ အိုင်ဒီယော်လော်ဂျီနဲ့ အင်စတီကျူးရှင်းတွေရဲ့ အဓိက ကျောရိုးဖြစ်တဲ့ ဒီမိုကရေစီ ၊ လူ့အခွင့်အရေး ၊ လစ်ဘရယ်တန်ဖိုးဖြစ်တဲ့ လွတ်လပ်ခွင့်တို့ မပါဝင်ဘဲ သူ့ရဲ့ တပါတီစနစ်ကို ပိုမိုအားကောင်းရေးကို အခြေပြုထားပါတယ်။

ကမ္ဘာ့နိုင်ငံတော်တော်များများက သူ့ကို ဆန့်ကျင်ဘက်အမြင်နဲ့ ကြည့်ကြပေမယ့် အမာထည်လိုင်းကနေ အပျော့ထည် ပါဝါဘက်ကို တရုတ်က ပိုပြီး ဦးတည်လာတယ် လို့ဆိုတဲ့ အယူအဆ ရှိသူတွေလည်း ရှိပါတယ်။

ကံကြမ္မာကို အေးအတူပူအမျှ အားလုံးမျှဝေခံစားဖို့ဆိုပြီး ရှီကျင့်ဖျင်က ပြောပြီး အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အတူ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေး တွဲလုပ်ဖို့ ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းနေပါတယ်။ တရုတ်ရဲ့ အပျော့ထည်မူဝါဒ အကောင်ထည်ဖော်မှုထဲမှာ အဓိကကျတဲ့ အစိတ်အပိုင်းကတော့ ရပ်ဝန်းတစ်ခု လမ်းကြောင်းတကြောင်းပဲဖြစ်ပြီး အဲဒီစီမံကိန်းရဲ့ ကုတ်အားနဲ့အတူ ဖွံ့ဖြိုးရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

တရုတ်နိုင်ငံလို စနစ်မျိုးမကြိုက်ရင် လိုက်မလုပ်လို့ရတယ်။ ဒါပေမဲ့ လည်း သင့်ရဲ့ ယဥ်ကျေးမှု ဓလေ့ထုံးတမ်းတွေ ၊ အတွေးအမြင် အိုင်ဒီယော်လော်ဂျီတွေနဲ့ အင်စတီကျူးရှင်းတွေကို ဆွဲကိုင်ရင်း ကမ္ဘာ့အစီအစဥ်ပုံစံသစ်မှာ ပူးပေါင်းဆောင်ရွက်နိုင်တယ်ဆိုတာ တရုတ်ရဲ့ ၂၁ ရာစု အပျော့ထည်ပါဝါ သဘောတရားအမြင်ပဲ ဖြစ်ပါတယ်။

စစ်အေးခေတ်အလွန်မှာ အပျော့ထည်ပါဝါကို လစ်ဘရယ်တန်ဖိုးတွေနဲ့ ချိတ်ဆက်ခဲ့ကြပေမယ့် နှစ်မျိုးစလုံးတစ်ပြိုင်နက်တည်း မလိုအပ်ဘူးဆိုပြီးတော့လည်း တရုတ်ကို လက်ကမ်းကြိုဆိုသင့်ကြောင်း တိုက်တွန်းတာမျိုးလည်း ရှိပါတယ်။

အခြေအနေအလိုက် တရုတ်အစီအစဥ် ဆိုတဲ့အထဲမှာ ဆိုင်ရာ နိုင်ငံရဲ့ ပကတိတည်ရှိနေမှု အင်စတီကျူးရှင်းတွေအလိုက် ကွဲပြားနေမှု ၊ အလွှာအလိုက် ရှိမှုတွေအပေါ်မူတည်ပြီး ဆက်ဆံမယ့် ဆက်ဆံရေးမျိုးလည်း အကျုံးဝင်ပါတယ်။

ဒါပေမဲ့ လည်း တောင်တရုတ်ပင်လယ်အရေး အကြောင်းပြု စစ်အင်အား ပြင်ဆင်မှုတွေ၊ ခေတ်မီစစ်တပ်အဖြစ် ပြင်ဆင်လာမှုတွေရှိပါတယ်။

တရုတ် အနေနဲ့ သူ့ရဲ့ အကျိုးစီးပွားတွေအပေါ် အနောက်နိုင်ငံတွေက ဝင်စွက်တာတွေကို သည်းခံမှုနည်းလာတယ်၊ သူ့ရဲ့ ထိန်းချုပ်မှုကို ပိုပြီး ကျစ်လစ်လာအောင်ပြင်ဆင်လာသလို နိုင်ငံတကာ အခင်းအကျင်း အပါအဝင် နိုင်ငံစုံအဖွဲ့အစည်းတွေကို ပြန်လည်ပြင်ဆင်ဖို့ တောင်းဆိုလာမှုတွေ လုပ်လာတယ်။

တောင်တရုတ်ပင်လယ်လို အရေးကိစ္စမှာ တရုတ်ရဲ့ ရပ်တည်ချက်ဟာ အထက်မှာ ဖော်ပြခဲ့တဲ့ အစွန်အဖျားနိုင်ငံ peripheral ဆိုင်ရာ နိုင်ငံခြားရေးမူဝါဒ မြှင့်တင်ပြောင်းလဲဖို့ မူဝါဒသစ်ရဲ့ အချက် ၆ ချက်ထဲက အချက် ၂ ချက်လောက်နဲ့ ထပ်တူကျနေတာလည်းတွေ့ရမှာပါ။

အဲဒီအချက် ၂ ချက်ကတော့

- တရုတ်အနေနဲ့ မူလက အမေရိကန် နိုင်ငံနဲ့ ဆက်ဆံရေးမှာ အဆင့်အလိုက် အင်စတီကျူးရှင်းတွေရဲ့ ဆက်ဆံရေးကို အဓိကထားပေမယ့် အာရှဒေသဆိုင်ရာ အမေရိကန် သြဇာလွှမ်းမိုးလာမှုနဲ့အတူ ဒေသအရေးမှာ အမေရိကန်ကို တန်ပြန်ချိန်ညှိနိုင်တဲ့ မူဝါဒတွေ ချမှတ်ထားရှိဖို့

- နယ်မြေအငြင်းပွားမှုတွေ ဖြစ်တဲ့ တောင်တရုတ်ပင်လယ်လို အရေးကိစ္စတွေမှာ သူ့ရဲ့ သမိုင်းဆိုင်ရာ ရပိုင်ခွင့်ကို အခြေခံ ပြီး ပြေလည်အောင် ဖြေရှင်းဖို့ ဆိုတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

သမိုင်းဆိုင်ရာ ရပိုင်ခွင့် လို့ ပြောရင် မြန်မာအနေနဲ့လည်း သတိထားရမယ့် အချက်ဖြစ်ပါတယ်။

အင်္ဂလိပ် ကိုလိုနီ မဖြစ်ခင်ကာလလောက်အထိ ဗမာဘုရင့် နန်းတော်တွေဟာ အစဉ်အဆက်ဆိုသလို တရုတ်ရဲ့ ပဏ္ဍာဆက်သဖွယ် ကျရောက်ခဲ့ဖူးတာမျိုးတွေ ၊ တိုင်းရင်းသား နယ်မြေတွေဟာ တရုတ် အခြေအနေကြည့်၊ ရံဖန်ရံခါ မြေပြန့်က ဗမာဘုရင့်နန်းတော် အခြေအနေကိုကြည့် ၊ လက်ဆောင်ပဏ္ဍာဆက်ပြီး နယ်မြေတွေမှာ နယ်ရှင်ပယ်ရှင် ဒေသ အုပ်ချုပ်မှုကို ထူထောင်ခဲ့တဲ့ ကာလတွေလည်း ရှိဖူးတာကြောင့်ဖြစ်ပါတယ်။

ဥပမာအားဖြင့် လွတ်လပ်ရေးရပြီးစ ကာလတုန်းက တရုတ်-မြန်မာ စာချုပ်တွေ ပြန်ချုပ် နယ်ခြားသတ်မှတ်ရေးတွေ ပြန်လုပ်မယ်ဆိုတုန်းက အရင်သမိုင်း အစဉ်အဆက် ရှိခဲ့တဲ့ သြဇာအတိုင်း တရုတ်အစိုးရက မတောင်းရကောင်းလားဆိုပြီး တရုတ်ကွန်မြူနစ်ပါတီတွင်း စောဒက တက်မှုတွေ ရှိခဲ့တာ ( ဥပမာ လွတ်လပ်ရေးရပြီးစမှာ ဟူးကောင်းဒေသကို သူ့အပိုင်ဆိုပြီး တရုတ်က လာတောင်းနေတာမျိုးက အစ သတိပြုဖွယ်ပါ။ )

( ဂ) ကဏ္ဍ ၅ ရပ်လွှမ်းမိုးမှု ၊ Sharp Power နဲ့ မြန်မာ

တရုတ်တစ်နိုင်ငံတည်းမူကို အစိုးရရော တပ်မတော်ကပါ ထောက်ခံတယ်လို့ သမ္မတရှီကို ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myanmar President office

ဓာတ်ပုံ ပုံစာ, တရုတ်တစ်နိုင်ငံတည်းမူကို အစိုးရရော တပ်မတော်ကပါ ထောက်ခံတယ်လို့ သမ္မတရှီကို ပြောခဲ့ပါတယ်။

၂၀၁၅ လောက်မှာတော့ အာဏာရဖို့ ရှိလာတဲ့ အန်အယ်လ်ဒီ နဲ့ တရုတ်အကြား ဆက်ဆံရေးမြှင့်တင်လာခဲ့သလို ၂၀၁၇ နောက်ပိုင်းမှာတော့ တရုတ်ကို မှီခိုအားထားရမှု ပိုကြီးလာခဲ့တယ်ဆိုတဲ့ သုံးသပ်ရှုမြင်မှုတွေလည်း ရှိလာပါတယ်။

၂၀၁၇ ခုနစ် နောက်ပိုင်း အများအမြင်မှာ မြန်မာ အပေါ် တရုတ်က သြဇာလွှမ်းမိုးမှု ပိုကြီးလာတယ်ဆိုပေမယ့် တရုတ်အနေနဲ့ သူ့ လိုလားချက်တွေ အကုန်ရတဲ့ အခြေအနေမျိုးတော့ မဟုတ်ပါဘူး။ ဥပမာ တရုတ်က လိုလားတဲ့ ကျောက်ဖြူ ၊ ရွှေလီ ရထားလမ်း တိုက်ရိုက် ချိတ်ဆက်ရေးမှာ မန္တလေး- ရွှေလီ လမ်းကြောင်းလောက်သာ မြန်မာဘက်က သဘောတူထားနိုင်တာမျိုးဖြစ်ပါတယ်။

Covid-19 လို ကိစ္စတွေ ဖြစ်လို့လည်း မှီခိုရမှု ပိုမိုလာတယ်။ ဒါပေမဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ဆိုတာ သာမန် နိုင်ငံခြားရေး ကိစ္စတင်မဟုတ်ဘဲ ၊ စီးပွားရေး ၊ နိုင်ငံရေး ၊ စစ်ရေး ၊ ပထဝီ သမိုင်းဆိုင်ရာ ကိစ္စတွေလောက်အထိ ကျယ်ပြန့်နေတာဖြစ်တဲ့အတွက် မြန်မာအစိုးရအနေနဲ့ တရုတ်အပေါ် ထိန်းညှိနိုင်စွမ်းမှာ ကဏ္ဍ တခုချင်းစီအလိုက်သာ အလျဉ်းသင့်သလို Ad Hoc တုံ့ပြန်နေတဲ့ အခြေအနေမျိုးမှာသာ ရှိနေပါတယ်။ ကျယ်ပြန့်တဲ့ မဟာဗျူဟာ ချဥ်းကပ်မှုတွေနဲ့ ဆက်စပ် မူဝါဒချမှတ်နေတာမျိုးမဟုတ်ပါဘူး။

ဥပမာ ဆက်ဆံရေး အကောင်းဆုံး ကာလလို့ ဆိုနိုင်တဲ့ ဦးနုလက်ထက်က နိုင်ငံခြားရေးမူဝါဒ ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒက အမျိုးသားအကျိုးစီပွား National Interest ဆိုတဲ့ ကိစ္စမျိုးတွေကို ပုံဖော်နိုင်မှုမှာ လက်ရှိ အန်အယ်လ်ဒီ အစိုးရလက်ထက် ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒထက် သာလွန်ခဲ့တာ အထင်းသား မြင်နိုင်ပါတယ်။

လွတ်လပ်ရေးရပြီး နှစ် ၇၀ အတွင်း နိုင်ငံခြားရေးမူဝါဒကို ကောင်းကောင်းမွန်မွန် အောင်အောင်မြင်မြင် အကောင်ထည်ဖော်နိုင်တာ ပါလီမန် ဒီမိုကရေစီခေတ်ပဲ ရှိခဲ့တယ်လို့ ဆိုကြတာပါ။

၂၀၂၀ နှစ်ဦး သမ္မတ ရှီကျင့်ဖျင် ရဲ့ မြန်မာခရီးစဉ်အတွင်း မိန့်ခွန်းတစ်ခုမှာတော့ မြန်မာ အနေနဲ့ တရုတ်ကို အကျိုးစီးပွားအရ ဆက်ဆံတဲ့ မိတ်ဖက် အဖြစ်ပဲ ဆက်ဆံမလား ၊ ရေရှည် ဆက်ဆံရမယ့် မဟာဗျူဟာမြောက် မိတ်ဘက် အဖြစ် ဆက်ဆံမလားဆိုတာ ရွေးချယ် ဖို့လိုတယ်လို့ ထည့်သွင်း ပြောဆိုတာ သတိထားမိပါတယ်။

လက်ရှိ အခြေအနေကို ပြန်ကြည့်ရင် တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှုမှာ အနည်းဆုံး ကဏ္ဍ ၅ မျိုးကို တရုတ်က သြဇာလွှမ်းမိုးဖို့ ကြိုးပမ်းနေတဲ့ လက္ခဏာမျိုး တွေ့နေရပါတယ်။

ဒါတွေကတော့

(၁) ငြိမ်းချမ်းရေး

(၂) နိုင်ငံရေး

(၃) စီးပွားရေး

(၄) ပထဝီအနေအထား

(၅) ဒစ်ဂျစ်တယ် စတဲ့ ကဏ္ဍတွေဖြစ်ပါတယ်။

Sharp Power ဆိုတာ သေချာတွက်ချက် ကြိုးကိုင် ချယ်လှယ်ဖို့ ကြိုးစားတဲ့ ဒီပလိုမေစီမျိုး ဖြစ်ပါတယ်။ အဲဒီပါဝါကျင့်သုံးမှုဟာ သူ့ရဲ့ ဦးတည်ရည်ရွယ်တဲ့ တိုင်းပြည်မှာ ရှိတဲ့ နိုင်ငံရေး နဲ့ အုပ်ချုပ်စနစ် အားကောင်းမှုကို အထောက်အပံ့ မဖြစ်စေဘဲ အားလျော့စေပြီး တဖြည်းဖြည်း ကျိုးနွံစေတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။

အလွှာစုံကို စိမ့်ဝင်ထိုးဖောက်စည်းရုံး သိမ်းသွင်းရေး၊ သြဇာခံအဖြစ်ထိန်းချုပ်နိုင်ရေးကို Hard Power လို စစ်အင်အားမျိုးကို အားကိုးတာမျိုးမဟုတ်ဘဲ ထိန်းချုပ်နိုင်စွမ်းကို အဓိက ဆိုလိုရင်းဖြစ်ပါတယ်။

ဥပမာ ငြိမ်းချမ်းရေး ဖြစ်စဉ်လို ကိစ္စမျိုးဆိုရင် တရုတ်မပါရင် အပစ်ရပ်ဆွေးနွေးပွဲတောင် လုပ်လို့ မဖြစ်တဲ့ အခြေအနေမျိုး ရောက်နေပြီး တချို့ကလည်း တရုတ်က ချော့တစ်ခါ ခြောက်တစ်လှည့် The Carrot and the Stick Policy ကျင့်သုံးနေတယ် လို့ မှတ်ချက်ပြုကြပါတယ်။

ငြိမ်းချမ်းရေးလို ကိစ္စမျိုးဟာ သူ့သက်သက် မဟုတ်ဘဲ ပထဝီ၊ စီးပွားရေး ၊ နိုင်ငံရေး ၊ လုံခြုံရေးလို ကဏ္ဍတွေနဲ့လည်း ချိတ်ဆက်နေတာ တွေ့ရမှာပါ။

ဒါပေမယ့် အထက်မှာဆိုခဲ့သလို အစိုးရဟာ မဟာဗျူဟာကျကျ ဟန်ချက်ညီ တုံ့ပြန် ပုံဖော်နိုင်မှုမျိုးမရှိသလို တရုတ်နဲ့ ပတ်သက်ရင် မြန်မာရဲ့ ဗဟိုပါဝါကိုင်နှစ်စု ဖြစ်တဲ့ အရပ်သားအစိုးရနဲ့ စစ်တပ်အကြား မူဝါဒနဲ့ ချဉ်းကပ်မှု မတူညီတာ အထင်အရှား တွေ့ရပါတယ်။

ဥပမာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ၂၀၁၆ ဥရောပ ခရီးစဉ်မှာ ဥရောပနိုင်ငံတွေအနေနဲ့ မြန်မာ့တပ်မတော်ကို ကူညီဖို့နဲ့ နိုင်ငံကို ပုန်ကန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေထဲက အကြီးဆုံးနှစ်ဖွဲ့ ဖြစ်တဲ့ ကေအိုင်အို နဲ့ UWSA ၀ တပ်ဖွဲ့တို့ဟာ တရုတ်နယ်စပ်မှာ ရှိတဲ့အကြောင်း ပြောဖူးတာ၊ ၂၀၁၇ နောက်ပိုင်းမှာ အိန္ဒိယနဲ့ စစ်ဘက် ဆက်ဆံရေးတိုးမြှင့်ဖို့ ကြိုးပမ်းလာတာ၊ အစိုးရကတော့ တရုတ်ကို ဗဟိုပြုပြီး စီးပွားရေး ၊ ငြိမ်းချမ်းရေး ကဏ္ဍတွေကို ပုံဖော်ဖို့ ကြိုးပမ်းနေတာတွေက အစိုးရ နဲ့ တပ်အကြား တသမတ်ထဲ မရှိတဲ့ တရုတ်နဲ့ ပတ်သက်တဲ့ နိုင်ငံခြားရေးမူဝါဒကို ထင်းကနဲ မြင်တွေ့ရတဲ့ အချက်ပဲဖြစ်ပါတယ်။

တရုတ်အနေနဲ့ကတော့ မြန်မာက ပါတီစုံ အလွှာစုံ ပုံမှန် လမ်းကြောင်းရော ပုံမှန်မဟုတ်တဲ့ လမ်းကြောင်း ဆက်နွှယ်မှုတွေကတစ်ဆင့်ပါ သတင်းအချက်တွေကို ရနေခဲ့ပုံ ပေါ်ပါတယ်။

တရုတ်အနေနဲ့ ပါဝါ တည်ဆောက်မှုမှာ သမိုင်းဆိုင်ရာ အချက်အလက်ကိုးကားမှုကိုလည်း အလေးထားသလို မြေပြင် ပထဝီအနေအထားတည်ရှိမှု လို ကဏ္ဍကိုလည်း အထူးအလေးပေးတာက ကျန်တဲ့ပါဝါ တည်ဆောက်မှုတွေနဲ့ မတူတဲ့အချက်ဖြစ်ပါတယ်။

အလွှာစုံ ဆက်ဆံရေးနဲ့ ပထဝီ တည်ဆောက်မှုအရ နယ်မြေအလိုက် ပိုင်းခြားပြီး သူ့အကျိုးစီးပွားအတွက် ဗဟိုအစိုးရ နဲ့ ချိတ်ဆက်လို့ ဖြစ်စေ ၊ ဒေသအစိုးရနဲ့ ချိတ်ဆက်၍ဖြစ်စေ ( သို့တည်းမဟုတ် ) တရုတ်ပြည်မ ကုမ္ပဏီ ရင်းနှီးမြှပ်နှံမှု ၊ မြန်မာပြည်တွင်းက သူ့နဲ့ ချိတ်ဆက်မှုရှိတဲ့ လုပ်ငန်းရှင်တွေကတစ်ဆင့် ချဉ်းကပ်မှုမျိုးနဲ့ ပုံစံစုံ ဝင်ရောက် နေရာယူလေ့ ရှိတာကိုလည်း တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ ရပ်တည်ခဲ့မှုကလည်း သူ့အတွက် အကျိုးသိပ်ယုတ်စေခဲ့တာတော့ မဟုတ်ပါဘူး။ ဥပမာအားဖြင့် လက်ပံတောင်း စီမံကိန်း နဲ့ မြစ်ဆုံ စီမံကိန်း တို့ဟာ ဦးသိန်းစိန် အစိုးရလက်ထက်မှာ နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုနဲ့ ကန့်ကွက်ခံရတဲ့ စီမံကိန်းတွေဖြစ်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဝင်ကိုင်တွယ်တဲ့နောက်မှာ အဲဒီလို အခြေအနေမဟုတ်တော့ပဲ သာမန် ဒေသတွင်းက လူထုက ကန့်ကွက်နေတဲ့ စီမံကိန်းအသွင် အဆင့်လျော့ကုန်ပါတယ်။

ဒီလိုပြောလို့ ပြဿနာကို ဖြေရှင်းလိုက်နိုင်တယ်လို့ ဆိုလိုတာမဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုရဲ့ ယုံကြည်ကိုးစားမှုကြောင့်လည်း လူထုက ဒီစီမံကိန်းတွေနဲ့ ပတ်သက်ရင် စောင့်ကြည့်ဦးမယ်၊ ဒါမှမဟုတ် သိပ်ဖိအားမပေးချင်သေး ဆိုတဲ့ ယူဆရပ်ခံချက်မျိုး ထင်ဟပ်စေပါတယ်။

တစ်ချိန်တည်းမှာလည်း မြန်မာပါလီမန် နဲ့ ဒီမိုကရက်တစ် အင်စီကျူးရှင်းတွေဟာ အမြွှာ အာဏာပိုင် အာဏာရှင်အယူအဆ ရှိတဲ့ စနစ် Twins Authoritarians အောက်မှာ အသံသိပ်မထွက်နိုင် ဖြစ်နေတာကလည်း ဒီမိုကရေစီ အကူးအပြောင်းကိုသာမက အမျိုးသားအကျိုးစီးပွားအခြေခံတဲ့ နိုင်ငံတကာ ဆက်ဆံရေးပေါ်ပေါက်စေရေး ၊ တာဝန်ယူ တာဝန်ခံမှုရှိတဲ့ စီးပွားရေးရင်းနှီးမြှပ်နှံမှုများပေါ်ပေါက်ရေးတို့အတွက်ပါ အဟန့်အတား ဖြစ်နေစေပါတယ်။

(ဃ) ရွေးချယ် ဖြေရှင်းရမယ့် ပုစ္ဆာ နဲ့ တင်ကူးလိုအပ်ချက်

မြစ်ဆုံစီမံကိန်းရပ်ဖို့ မြစ်ကြီးနာမြို့က ဆန္ဒပြမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, KBC Kachin

ဓာတ်ပုံ ပုံစာ, မြစ်ဆုံစီမံကိန်းရပ်ဖို့ မြစ်ကြီးနာမြို့က ဆန္ဒပြမြင်ကွင်း

တရုတ် သြဇာလွှမ်းမိုးမှုနဲ့ ပတ်သက်ရင် လက်ရှိအခြေအနေဟာ လမ်းဆုံ လမ်းခွအဖြစ် ရွေးချယ်စရာ လမ်းကြောင်း နှစ်ခု ရှိနေဆဲလို့ ဆိုလို့ရပါတယ်။

ဒါကတော့ တရုတ်ရဲ့ ဖွံဖြိုးရေးဆိုင်ရာ ကမ်းလှမ်းချက် အကူအညီတွေ BRI လို စီမံကိန်းတွေကို နိုင်ငံရေး ၊ လုံခြုံရေး ၊ ငြိမ်းချမ်းရေး ၊ စီးပွားဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ချိန်ညှိထားတဲ့ မဟာဗျူဟာ မူဝါဒတွေနဲ့ ထိန်းညှိ ရယူဖော်ဆောင်သွားမလား၊ ဒါမှမဟုတ် အခုလိုပဲ ပြည်တွင်းညီညွတ်ရေးလည်း မရှိ၊ မူဝါဒလည်းမရှိ ၊ လူထုအသံ ထင်ဟပ်မှု မရှိတဲ့ ပုံစံမျိုးတွေနဲ့ အတူ တစ်စတစ်စ ပိုအပွန်းခံမလားဆိုတဲ့ ကိစ္စမျိုးပါ။

နိုင်ငံခြားရေး မူဝါဒ ကစားကွင်းမှာ ထိန်းညှိစရာဆိုလို့ ဂျပန်၊ အိန္ဒိယ၊ အာဆီယံ တို့လို နိုင်ငံတွေသာ မြန်မာအနေနဲ့ နောက်ခံအားယူနိုင်တဲ့ အခြေအနေမျိုးပါ။ ဒါကလည်း ၂၀၁၇ ခုနစ်မှာ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က မွတ်ဆလင်အရေးနောက်ပိုင်း မြန်မာနဲ့ နိုင်ငံတကာ ဆက်ဆံရေးအခြေအနေကို ထည့်သွင်းစဉ်းစားရတာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာလည်း တရုတ်ရဲ့ ဒေသတွင်း သြဇာဖြန့်ကြက်မှု ၊ အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ် မူဝါဒနဲ့ တရုတ်ကို တန်ပြန်ထိန်းချုပ်ရန် ကြိုးပမ်းမှု ( အိန္ဒိယ ၊ ဂျပန် ၊ သြစတြေးလျကို အခြေပြုပြီး အာရှပစိဖိတ်နိုင်ငံတွေမှာ တရုတ်ပါဝါ လွှမ်းမိုးမှုကို တန်ပြန်ထိန်းရန် ကြိုးပမ်းမှု ) အစီအစဉ်တို့က အိန္ဒိယ သမုဒ္ဒရာနဲ့ရော၊ နိုင်ငံကြီးနှစ်နိုင်ငံနဲ့ပါ ထိစပ်နေတဲ့ ပထဝီ နိုင်ငံရေး စက်ကွင်းထဲ မြန်မာက ကျရောက်လို့နေတာပါ။

မြန်မာလို အားနည်းတဲ့ တိုင်းပြည်အဖို့က ပထဝီနိုင်ငံရေး အားပြိုင်တဲ့ ကစားကွင်းဖြစ်ခဲ့ရင် တိုင်းပြည်က တောင့်ခံနိုင်မှာ မဟုတ်ပါ။

နိုင်ငံတကာ ဆက်ဆံရေးမှာ တစ်ဖက်စောင်းနင်းမဖြစ်ရေး ၊ ပထဝီနိုင်ငံရေးအရ နိုင်ငံကြီးတွေရဲ့ ကစားကွင်းမဖြစ်စေရေး၊ ဒီမိုကရေစီအကူးအပြောင်းမှာ ဒီမိုကရေစီ မဟုတ်တဲ့ နိုင်ငံကြီးတွေရဲ့ ပုံသွင်းသြဇာလွှမ်းမိုးမှု မခံရစေဖို့ဆိုရင် အနည်းဆုံး တင်ကူးလိုအပ်ချက် ၅ ချက်လောက် လိုအပ်နိုင်ပါတယ်။

(၁) တိုင်းပြည်ညီညွတ်ရေး

(၂) ပါလီမန်တွင် အာဏာရှိရေး

(၃) တည်ငြိမ် ကျယ်ပြန့်တဲ့ မဟာဗျူဟာအခြေခံတဲ့ နိုင်ငံခြားရေးမူဝါဒကို ဖော်ဆောင်ရေး

(၄)အမျိုးသား အကျိုးစီးပွား အဓိပ္ပာယ်ဖွင့်ဆိုရေး

(၅) အရပ်ဘက်အဖွဲ့အစည်း ၊ မီဒီယာ ကဏ္ဍနဲ့ လူမှု အရင်းအနှီး Social capital အားကောင်းစေမှုကို ရှေ့ရှုတည်ဆောက်စေမှု တို့ပဲ ဖြစ်ပါတယ်။

[ဆောင်းပါးရှင် စိုင်းထွန်းအောင်လွင်မှာ သတင်းသမားတစ်ဦးဖြစ်ခဲ့ပြီး ယခုအခါ ဒေသတွင်းနှင့်နိုင်ငံတကာ ဆက်ဆံရေး၊ တိုင်းရင်းသား အရေးများကို အထူးပြုလေ့လာ သုတေသနပြုလုပ်နေသူ ဖြစ်ပါသည်။ ယခုဆောင်းပါးပါ ဖော်ပြချက်များမှာ ဆောင်းပါးရှင်၏ သုံးသပ်ချက်အမြင်သာဖြစ်ပါသည်]