ဗမာလူမျိုးကြီးဝါဒပျက်သုဉ်းပါစေ၊ ဖက်ဒရယ်တောင်းလို့ ရှစ်နှစ်အဖမ်းခံရသူ

    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

၁၉၇ဝ မတ်လ ၂ ရက် ညနေခင်းမှာ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဆောင်အောက်ကို ကားတစင်း ဆိုက်လာပြီး အဆောင်ပေါ်က ကျောင်းသားတယောက်ကို လာခေါ်ပါတယ်။ ကားနားရောက်တော့ ကားပေါ်မှာ အမျိုးသားကြီး သုံးယောက်ထိုင်နေတာ သူတွေ့လိုက်ပြီး အိမ်ကို ပြန်မရောက်တာ ရှစ်နှစ်ကြာနေတဲ့ သူ့ဖခင် ဦးထွန်းမြင့်ကလေး ပါလာတာကို တွေ့လိုက်ပါတယ်။ ဖေဖေ ထောင်က လွတ်လာပြီလားလို့ သားဖြစ်သူ ကိုအောင်သူရိန်က နှုတ်ဆက်တော့ ထိန်းသိမ်းထားရာက လွတ်လာတာပါ ဆိုပြီး ပါလာတဲ့ စစ်ဗိုလ်က စကားပြင် ပေးတယ်လို့ ဆိုပါတယ်။

အဲဒီလွတ်လာတဲ့လူ သုံးယောက်မှာ နှစ်ယောက်က ၁၉၆၂ ခုနှစ် အာဏာသိမ်းတဲ့ညက စပြီး အဖမ်းခံရတဲ့ သမ္မတ၊ ဝန်ကြီးချုပ်၊ တရားဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တွေထဲမှာ နောက်ဆုံးကျန်ရစ်သူတွေ ဖြစ်ကြပါတယ်။

ဒီလို ရှမ်းပြည်နယ် ပါလီမန်အတွင်းဝန်ဟောင်း တောင်ကြီး ဦးထွန်းမြင့်ကလေးနဲ့ လူထုသတင်းစာအယ်ဒီတာဟောင်း ဦးထွန်းဖေ ခေါ် သူရ (ရှမ်းပြည် )တို့ကို သမ္မတနဲ့ ဝန်ကြီးချုပ်တို့ထက် ပိုပြီး အချိန် ကြာကြာ ဖမ်းထားတာဟာ ဖက်ဒရယ်ကိစ္စရေးသား ပြောဆိုလို့ ဖြစ်တယ်လို့လည်း ဦးထွန်းမြင့်ကလေးရဲ့သမီး ဒေါက်တာစပယ်မြင့်ကြူက ပြောပြပါတယ်။ ထောင်ကလွတ်ပြီးနောက် ဦးထွန်းမြင့်ကလေး တောင်ကြီးကို ချက်ချင်း ပြန်လို့မရဘဲ ရန်ကုန်မှာ တလကျော် နေခဲ့ရပါတယ်။

အဖေကိုဖမ်းသွားတုန်းက ရှစ်နှစ်သမီး

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်မနက် အစောပိုင်းက ရေဒီယိုမှာ သတင်းတွေ ကြေညာနေတာ ကြားရပြီး လူကြီးတွေကို မေးကြည့်တော့ အာဏာသိမ်းတာလို့ ပြောကြောင်း ဒေါက်တာ စပယ်က ပြန်ပြောပြ ပါတယ်။ သမီးဖေဖေလည်း အစည်းအဝေးတက်နေတော့ ဖမ်းတဲ့အထဲမှာ ပါနိုင်တယ်လို့ သူ့မိခင် စဝ်အုန်းကြူက ပြောပါတယ်။ တကယ်က မတ်လ ၁ ရက်ည ရန်ကုန်မြို့ တော်ဝင်လမ်းက ကယားအစိုးရ ဂေဟာမှာ တည်းနေတဲ့ လူမျိုးစု ခေါင်းဆောင်တွေကို ဖမ်းဆီးချိန်မှာ သူ့ဖခင် ပါသွားခဲ့ပါပြီ။ ဖမ်းထားသူတွေကို ပထမ ပြည်လမ်းပေါ်က အသံလွှင့်ရုံအသစ်မှာ ထားပါတယ်။ မတ်လ ၁ ရက်ညက ဖက်ဒရယ်မူကိစ္စ ဆွေးနွေးခဲ့တဲ့ ခန်းမကြီးမှာ ထားတာလို့ အစိုးရ သမိုင်းသုတေသနဌာနက ထုတ်တဲ့ ၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး စာအုပ်မှာ ဖော်ပြပါတယ်။ မတ်လ ၂ ရက် မနက် ၆ နာရီလောက် မှာတော့ ဒီလူတွေကို လော်ရီကားတွေပေါ် တင်ပြီး မင်္ဂလာဒုံကို ပို့ပါတယ်။ ဖမ်းပြီးနောက် တရားဝင် အကြောင်းကြားတာ မရှိဘဲ နောက်မှ တည်းခိုရာမှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေ လာယူဖို့ ထောက်လှမ်းရေးက ပြောလို့ သူ့မိခင် စဝ်အုန်းကြူ သွားယူရတာပဲ ရှိခဲ့ပါတယ်။

ဒီဖမ်းထားတဲ့အထဲက စော်ဘွားနဲ့ ဝန်ကြီးတချို့ကို မှားဖမ်းမိတယ်ဆိုပြီး ဗိုလ်ချုပ်ကြီးနေဝင်းက ၂ ရက်နေ့မှာတင် ခေါ်ပြောပြီး ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်တဲ့သူအများစုကို နှစ်ရှည် ထိန်းသိမ်းခဲ့ပါတယ်။ သူတို့ဖခင်ကို ဖမ်းထားတဲ့ ရှစ်နှစ်အတွင်း အင်းစိန်တွဲဖက်ထောင်မှာ သုံးခါတွေ့ခွင့်ရပြီး တကြိမ်မှာ ၄၅ မိနစ် တနာရီလောက် တွေ့ချိန်ရတယ်၊ တွေ့ခွင့်တောင်းတိုင်းလည်း မရဘူးလို့လည်း ဒေါက်တာ စပယ်က ဆိုပါတယ်။ တွေ့ချိန်မှာ သူတို့ ပြောသမျှ လိုက်မှတ်နေတဲ့ စစ်စုံထောက်တွေကြောင့် ဘာမှ လွတ်လွတ်လပ်လပ် ပြောခွင့်မရဘူးလို့လည်း သူက ဆိုပါတယ်။ ဦးထွန်းမြင့်ကလေးနဲ့ မိသားစုကြားမှာ လည်း စားပွဲတွေ ခြားထားတာ ဖြစ်ပါတယ်။

ဖမ်းထားတဲ့နှစ်တွေအတွင်း ဖခင်ရဲ့ ဘဏ်ထဲက စုငွေတွေ ထုတ်လို့မရတဲ့အပြင် ရွှေညောင်မှာ စစ်တပ်ကို တိရစ္ဆာန်စာ ကန်ထရိုက်သွင်းတဲ့အလုပ်လည်း ရပ်ဆိုင်းခံရတယ်လို့ ဒေါက်တာစပယ်က ပြောပါ တယ်။ သားသမီး သုံးယောက်နဲ့ ရပ်တည်ရေးအတွက် မိခင်က ကုန်းလမ်းပို့ဆောင်ရေးမှာ စာရေး ဝင်လုပ်ရပါတယ်။ အစ်ကိုကြီး စက်မှုတက္ကသိုလ်တက်တဲ့ ကျောင်းစရိတ်ကို မိသားစုနဲ့ ခင်တဲ့ မန္တလေးက သတင်းစာဆရာ လူထုဦးလှနဲ့ ရန်ကုန်က စာရေးဆရာ မောင်ဘောဂခေါ် ဦးအေးကြည်တို့က တလ ငါးဆယ်စီ ထည့်ကြတယ်လို့လည်း သူက ပြောပါတယ်။

အရင်က အိမ်ကို ဝင်ထွက်နေတဲ့သူတချို့လည်း ဝန်ထမ်းတွေ ဖြစ်လို့ ပေါ်မလာတာမျိုး ကြုံခဲ့ရသလို အစ်ကိုတွေကို ကျောင်းမှာ ဆရာ ဆရာမတွေက သူပုန်သားတွေ လို့ နာမည်တပ်ပြီး ဆဲဆိုတာ ခံခဲ့ရတယ် လို့လည်း ဆိုပါတယ်။ နောက် အိမ်ကိုလာတဲ့ မိတ်ဆွေတွေကို ထောက်လှမ်းရေးက နောက်ယောင်ခံတာမျိုး ကြုံခဲ့ရဖူးသလို ကျပ်တည်းတဲ့အချိန်မှာ သူတို့ကို ကူညီချေးငှားတဲ့ မိတ်ဆွေတွေလည်း ရှိတယ်လို့ ပြောပါတယ်။

တောင်ကြီး ဦးထွန်းမြင့်ကလေး

ဖက်ဒရယ်တောင်းတဲ့ ကိစ္စမှာ ရန်ကုန်တက္ကသိုလ် ဘာသာပြန်ဌာနက ရှမ်းပြည် ဦးတင်ဧနဲ့အတူ လှုပ်ရှားခဲ့တဲ့ ဦးထွန်းမြင့်ကို ပင်လုံစာချုပ်မှာ လက်မှတ်ထိုးတဲ့ ဝန်ကြီးဟောင်း လင်းခေးဦးထွန်းမြင့်နဲ့ ကွဲအောင် ဦးထွန်းမြင့်ကလေးလို့ ခေါ်ကြပါတယ်။ ၁၉၂၁ မှာ မွေးတဲ့ ဦးထွန်းမြင့်ဟာ စစ်အတွင်း ဂျပန်မှာ စိုက်ပျိုးရေး ပညာ သင်ကြားခဲ့ပါတယ်။ စစ်အပြီး လွတ်လပ်ရေး မရခင် လူငယ်ခေါင်းဆောင် တွေကို အမေရိကန်နဲ့ ဥရောပကို သုံးလပို့ရာမှာလည်း သူပါပါတယ်။ ၁၉၄၈ မှာ အဲဒီအချိန်က နိုင်ငံအကြီးအကဲ ညောင်ရွှေစော်ဘွားရဲ့ တူမတော် စဝ်အုန်းကြူနဲ့ လက်ထပ်ခဲ့ပါတယ်။ ဦးထွန်းမြင့်ကလေးက ပဒေသရာဇ်ဆန့်ကျင်သူ ဖြစ်လို့ သတို့သမီးရဲ့ ဆွေမျိုးတချို့က သဘောမတူပေမယ့် ယောက္ခမဖြစ်သူ ဟဲဟိုးမြို့စား စဝ်ရွှေတင့်က ဘာမှ မပြောဘူးလို့လည်း ဒေါက်တာ စပယ်က ဆိုပါတယ်။

၁၉၄၈ ဗကပ တောမခိုခင်မှာ သူနဲ့ ဦးတင်ဧ၊ ဦးခွန်ထီးစတဲ့ ရှမ်းလူငယ်ခေါင်းဆောင်တချို့ ပျဉ်းမနားနယ်မှာ လုပ်တဲ့ ကွန်မြူနစ် ညီလာခံကို တက်ပြီး တောမခိုဖို့ ဆွေးနွေးခဲ့ကြတယ်လို့လည်း ရေးသား တာတွေ ရှိပါတယ်။ တောင်တန်းပြည်မ ပူးပေါင်းရေးအတွက် ပင်လုံမှာ အဓိက လှုပ်ရှားခဲ့ကြတဲ့ ဒီရှမ်းလူငယ်ခေါင်းဆောင်တွေထဲမှာ ဦးထွန်းမြင့်က လွှတ်တော်အမတ်နဲ့ ပါလီမန်အတွင်းဝန် ဖြစ်လာပြီး ပင်လုံကတိကဝတ်တွေကို အကောင်အထည်ဖော်ဖို့အတွက် တိုက်တွန်း ရေးသားခဲ့ပါတယ်။ ဒီကနေ ၁၉၆၁ နဲ့ ၁၉၆၂ မှာ ရှမ်းမူခေါ် ပြည်ထောင်စုစစ်စစ်မူကို တောင်းဆိုတဲ့ လှုပ်ရှားမှု ပေါ်ပေါက်လာခဲ့ပြီး အာဏာသိမ်းပွဲနဲ့ အဆုံးသတ်ခဲ့ရပါတယ်။

၁၉၆၂ အာဏာသိမ်းမှုမှာ ဖဆပလခေတ်တလျှောက် ပါလီမန်မှာ လက်တွဲခဲ့ကြတဲ့ ဦးသိန်းဖေမြင့်က ဗိုလ်ချုပ်ကြီးနေဝင်းကို ထောက်ခံ ပူးပေါင်းခဲ့ပြီး ဖက်ဒရယ်မူအတွက် နောက်ကနေ အကြံပေးခဲ့တယ် ဆိုတဲ့ ဦးတင်ဧကတော့ အဖမ်းမခံရဘဲ နိုင်ငံတော်ကောင်စီဝင် ဖြစ်ခဲ့ပါတယ်။ ဦးထွန်းမြင့်ကလေးကို နှစ်ရှည်အကြာကြီး ဖမ်းထားတာဟာ အစိုးရထိုးခိုင်းတဲ့ ခံဝန်ချက်မထိုးလို့ မလွတ်တာလို့ လာပြောသူ တွေ ရှိကြပေမယ့် ပြန်လွတ်လာချိန်မှာ မိသားစုက မေးကြည့်တော့ သူ့ကို ဒီလိုထိုးခိုင်းတာ မရှိဘူးလို့ ပြောပါတယ်။

တခါ ဦးထွန်းမြင့်ကလေးရဲ့ ရေးသားမှုတွေကြောင့် သူ့သား စိုင်းဇေယျအောင်နဲ့ သူ့ညီအပါအဝင် ရှမ်းလူငယ်တွေ တောခိုကြတယ်ဆိုပြီး ရေးသားမှုမျိုး ရှိခဲ့ပါတယ်။ တကယ်က ဦးထွန်းမြင့်ကလေးဟာ လက်နက်ကိုင်လမ်းစဉ်ကို မထောက်ခံသူဖြစ်လို့ သူ့သား တောခိုမှုကို ယူကျုံးမရနဲ့ ထောင်ထဲကနေ စာရေးခဲ့တယ်လို့လည်း သားဖြစ်သူ ဦးအောင်သူရိန်က ရေးခဲ့ပါတယ်။ သူ့ဖခင်ရေးတဲ့စာတွေကို အပေါက်ပေါက် ဖြစ်အောင် ဖြတ်တောက်ပြီး မိသားစုဆီကို ပို့လေ့ရှိပေမယ့် အဲဒီစာကိုတော့ အာဏာပိုင်တွေက မိသားစုဆီ ပို့ပေးတယ်လို့လည်း ဒေါက်တာ စပယ်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောတာကို လက်မခံ

ထောင်ကထွက်လာပြီးနောက် ဦးထွန်းမြင့်ကလေး တောင်ကြီးမှာ အငှားကားမောင်းခဲ့ပါတယ်။ ၁၉၈၈ မှာ နိုင်ငံရေးပါတီတခုရဲ့ နာယကအဖြစ် စည်းရုံးဟောပြောခဲ့ပါတယ်။ တောင်ကြီးကို အရေးအခင်း အပြီး ဒေါ်အောင်ဆန်းစုကြည်လာချိန်မှာ ဖက်ဒရယ်ကိစ္စ ဆွေးနွေးဖို့ ကြိုးစားပေမယ့် မဆွေးနွေးခဲ့ရတဲ့အတွက် အိတ်ဖွင့်ပေးစာ ရေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဖက်ဒရယ်ကိစ္စကို နောက်မှ စဉ်းစားရမယ်ဆိုတာမျိုး ပြောခဲ့တာကို သူ့ဖခင်က လက်မခံခဲ့ဘူးလို့လည်း ဒေါက်တာ စပယ်က ပြောပါတယ်။ အခုချိန်မှာ အစိုးရက ဖက်ဒရယ်စကားပြောလာနေပြီဖြစ်လို့ သူ့ဖခင်ကို သတိရတယ်လို့လည်း ဆိုပါတယ်။ ဖက်ဒရယ်က အရေးကြီးဆုံး၊ အရင်ဆုံးလုပ်ရမယ်၊ လုပ်ပြီးမှ နိုင်ငံရေးက ဆက်လုပ်လို့ ရမယ်လို့ ဦးထွန်းမြင့်ကလေးက ပြောခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဖက်ဒရယ်အကြောင်း ဆွေးနွေးဖို့ ကြိုးစားခဲ့လို့ သူ့ဖခင် ရှစ်နှစ်ထိန်းသိမ်းခံခဲ့ရပြီး အစ်ကိုငယ် တောခိုကျဆုံးခဲ့ရတာကလည်း သူတို့မိသားစုအတွက် မမေ့နိုင်စရာ ဖြစ်ခဲ့ပါတယ်။ အစ်ကိုငယ်ဟာ ၁ဝ တန်းအောင်ပြီးနောက် ထောင်မှာ ဖခင်နဲ့ တယောက်တည်း သွားတွေ့ရာမှာ ဆံပင်တွေဖြူနေတဲ့ဖခင်ကို တွေ့ရလို့ မမှတ်မိဖြစ်ခဲ့ပါတယ်။ အဲဒီက စိတ်ထိခိုက် ပြန်လာကတည်းက တောခိုဖို့ စီစဉ်ပြီး ပအိုဝ်း လက်နက်ကိုင်တွေနဲ့ ပူးပေါင်းခဲ့တာပါ။ သားကို ဆီဆိုင်နယ်မှာ တွေ့ခဲ့ရတယ်လို့ အမျိုးတယောက်က ပြောလို့ မိခင်ဖြစ်သူက ရုပ်ဖျက်ပြီး ဟမ်ဆီးရွာမှာ သွားတွေ့ခဲ့ပါတယ်။ ကျဆုံးချိန်မှာတော့ ဘာသာရေး အရ ဆွမ်းမသွတ်နိုင်ခဲ့လို့ လစဉ် ဆုံးတဲ့နေ့တိုင်း ဆွမ်းပို့တာတွေ လုပ်ခဲ့တယ်လို့လည်း ပြောပါတယ်။

သူ့မိခင်ဟာ ဖခင်လုပ်တဲ့ နိုင်ငံရေးကိစ္စတွေမှာ တောက်လျှောက်လိုက်ပါကူညီခဲ့ပြီး ခင်ပွန်းရေးတဲ့စာတွေ အချောပြန်ကူးတာ၊ ဟောပြောပွဲ လိုက်တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ စဝ်အုန်းကြူဟာ သတ္တိကောင်းပြီး ခင်ပွန်းအတွက် စိတ်ဆင်းရဲတာကို သိပ်ထုတ်ပြလေ့ မရှိဘူးလို့လည်း သိရပါတယ်။

ဆီးတိုးထဲဝင်မယ့်စကား

၁၉၆၂ က ဖက်ဒရယ်ရရင် ရှမ်းပြည်နယ်က ခွဲထွက်ပြီး ဆီးတိုးခေါ် အမေရိကန် ဦးဆောင်တဲ့ အရှေ့တောင်အာရှ စစ်စာချုပ်အဖွဲ့ထဲ ဝင်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေလို့ အာဏာသိမ်းပွဲ ဖြစ်ရတယ် ဆိုပြီး စစ်အစိုးရ အဆက်ဆက် ထုတ်ခဲ့တဲ့ သမိုင်းစာအုပ်တွေမှာ ဖော်ပြကြပါတယ်။

နောက် ပြည်မကို ပြည်နယ်တခုအဖြစ် ထားပြီး ပြည်ထောင်စု ပြန်ဖွဲ့မယ့်၊ ဗဟိုအစိုးရကို အာဏာကန့်သတ်မယ့် ပြည်ထောင်စုစစ်စစ်မူကိုလည်း လူများစုကို လူနည်းစုက အနိုင်ကျင့်မှု အဖြစ် ဝန်ကြီးဟောင်း ဦးထွန်းဖေ စတဲ့ အဲဒီအချိန်က မြန်မာ သတင်းစာဆရာတွေက ဝေဖန်ခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီတောင်းဆိုမှုဟာ ပြည်မက ပြည်ထောင်စု အာဏာကို ချုပ်ကိုင်စိုးမိုးထားတဲ့အတွက် ပြည်နယ်တွေနဲ့ ပြည်မအကြား အငြင်းပွားစရာ မကျေနပ်စရာတွေ ရှိလာနေလို့ တန်းတူညီမျှမှုရှိအောင် အာဏာ သုံးရပ်ကို ခွဲဝေ ပေးဖို့ တောင်းဆိုတာလို့ ကပ္ပတိန် မန်းတုံးနုံး စတဲ့ ပြည်နယ် ခေါင်းဆောင်တွေဘက်က အကြောင်းပြခဲ့ကြပါတယ်။ နောက် ၁၉၄၇ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ လွတ်လပ်ရေး ရပြီးလို့ ၁ဝ နှစ်ကျော်ရင် ပြည်ထောင်စုထဲက ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိတယ် ဆိုတဲ့ ပုဒ်မအရ ခွဲထွက်ခွင့် ရှိတဲ့ ပြည်နယ်တွေ ထဲမှာ ရှမ်းနဲ့ ကယားပြည်နယ်တို့ ပါဝင်ပြီး ပြည်မက နယ်တွေနဲ့ ပူးပေါင်း ဖွဲ့စည်းထားတဲ့ ကချင်နဲ့ ဝိသေသတိုင်းအဆင့်သာ ယူထားတဲ့ ချင်းတို့ မပါပါဘူး။

ဒါကြောင့် ဖက်ဒရယ်ကိစ္စ ညှိနှိုင်းလို့ မရတဲ့အဆုံးမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၁ဝ ကို ကျင့်သုံးပြီး ရှမ်းပြည်က ပြည်ထောင်စုက ခွဲထွက်ရလိမ့်မယ်လို့ ဦးထွန်းမြင့်ကလေးက ရေးခဲ့ပါတယ်။ ဒီလို ခွဲတာဟာ ယိုးဒယားနဲ့ ပေါင်းဖို့လည်း မဟုတ်၊ တသီးတခြား နေဖို့လည်းမဟုတ်၊ ပြည်ထောင်စုနဲ့ တန်းတူရည်တူ ပြန်လည်ပူးပေါင်းဖို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ရှမ်းပြည်မှာ ပြည်မခေါင်းဆောင်တွေနဲ့ သူတို့ ဒီမိုကရေစီနည်းကျ ယှဉ်ပြိုင်စည်းရုံးကြမယ်လို့ ရေးခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အာဏာသိမ်းဖို့ အစီအစဉ်တွေက ၁၉၆၁ လောက်ကတည်းက တပ်ဘက်က စဉ်းစားနေခဲ့ပြီး အနှစ် ၅ဝ နီးပါး ဒီမိုကရေစီစနစ် ဆိတ်သုဉ်းခဲ့ရပါတယ်။

၁၉၆၂ က ဗမာလူမျိုးကြီးဝါဒပျက်သုဉ်းပါစေ ဆိုပြီး ဖခင် မိန့်ခွန်းပြောဖို့ လေ့ကျင့်နေတာကို တွေ့ခဲ့တုန်းက ဒီလိုပြောရင် ဖေဖေ့ကို ဖမ်းထားမှာပေါ့လို့ သားကြီးဖြစ်သူ အောင်သူရိန်က ပြောခဲ့ပါတယ်။ အဲဒီမှာ ဖေဖေ့ကို မဖမ်းပါဘူး သားရဲ့၊ အစိုးရက ဖေဖေတို့ကို လာပြောဖို့ ဖိတ်ထားတာပဲဟာ လို့ ဦးထွန်းမြင့်ကလေးက ပြောခဲ့ပေမယ့် ထောင်ထဲမှာ သူ ရှစ်နှစ်နေခဲ့ရပါတယ်။