မြန်မာ့နိုင်ငံရေးအလှည့်အပြောင်းကြားက ဘလက်စက်တင်ဘာ

ဓာတ်ပုံ ရင်းမြစ်, AFP
မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ စက်တင်ဘာလရောက်ရင် လှုပ်လှုပ်ခတ်ခတ်ဖြစ်ရပ်တွေ ဖြစ်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဘဏ်တွေနဲ့ပတ်သက်လို့ ကောလာဟလတွေကို မယုံဖို့ အစိုးရဘက်က သတင်းထုတ်ပြန်ခဲ့ပြီး ရွှေဈေးနဲ့ ဒေါ်လာဈေးတွေ မကြုံစဖူး စံချိန်တင်မြင့်တက်သွားခဲ့ပါတယ်။
၁၉၆၂ ခုနှစ်မှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ၂၆နှစ်ကြာ အုပ်စိုးခဲ့တဲ့ အာဏာသိမ်းအစိုးရကို နိုင်ငံအဝန်းဆန့်ကျင်မှုတွေက ၁၉၈၇ ခုနှစ်စက်တင်ဘာမှာ စပြီး ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနှစ် စက်တင်ဘာ ၅ ရက်မှာ ၂၅ ကျပ်တန်၊ ၃၅ ကျပ်နဲ့ ၇၅ ကျပ်တန် ငွေစက္ကူတွေကို တရားမဝင်ကြောင်း နိုင်ငံတော်ကောင်စီအတွင်းရေးမှူးက လက်မှတ်ထိုး ထုတ်ပြန်ခဲ့ပါတယ်။
ဒီကြေညာချက်ဟာ တော်လှန်ရေးကောင်စီအစိုးရ သုံးနှုန်းခဲ့တဲ့ အရင်းရှင်လူတန်းစားတွေကိုတင် ထိခိုက်စေတာ မဟုတ်ဘဲ အခြေခံပြည်သူတွေရဲ့ဘဝကိုပါ ကြီးမားတဲ့သက်ရောက်မှု ရှိခဲ့ပါတယ်။
အထွေထွေအကျပ်အတည်းနဲ့ တစ်ပါတီစနစ်အောက်မှာ မွန်းကြပ်ပိတ်မိနေတဲ့ပြည်သူတွေကို ထွက်ပေါက်ရှာဖို့ တွန်းအားလည်း ဖြစ်ခဲ့ပါတယ်။
နောက်တစ်နှစ်ကြာ ၁၉၈၈ သြဂုတ်မှာ ဒီမိုကရေစီအရေးတော်ပုံဖြစ်လာခဲ့ပြီး စက်တင်ဘာ ၁၈ မှာ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။
စစ်အစိုးရဟာ တိုင်းပြည်ကို နှစ် ၂၀ ကျော်ကြာ အုပ်စိုးခဲ့ပြီးတဲ့နောက် ၂၀၀၇ စက်တင်ဘာမှာတော့ ရွှေဝါရောင်တော်လှန်ရေးလို့ ကမ္ဘာကျော်ခဲ့တဲ့ သံဃာနဲ့ လူထုအုံကြွမှုကြီး ပေါ်ပေါက်ခဲ့ပါတယ်။
မြန်မာ့ရေပိုင်နက်ထဲက အမေရိကန်သင်္ဘောကိစ္စ
၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက် အာဏာသိမ်းဖြစ်စဉ် မတိုင်ခင်မှာ တပ်မတော်အတွင်း ဝါဒဖြန့်ချိမှုတစ်ခုရှိခဲ့တယ်လို့ အဲဒီကာလကိုဖြတ်သန်းခဲ့သူတွေက ပြောပါတယ်။ မြန်မာ့ရေပိုင်နက်ထဲကို အမေရိကန်စစ်သင်္ဘောတွေ ရောက်နေလို့ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရမယ်လို့ တပ်မတော်သားတွေကြား ညွှန်ကြားချက်ရခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာ ဝါဒဖြန့်ချိတာမဟုတ်ဘဲ အမှန်တကယ်ဖြစ်ခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က အခိုင်အမာ ပြောပါတယ်။ အဲဒီအချိန်က အစိုးရပိုင် မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းမှာ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်တဲ့ သူ့ဖခင်ကိုယ်တိုင် ဒီဖြစ်စဉ်ကို ကိုင်တွယ်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။
ဦးရဲထွဋ်ကတော့ အဲဒီအချိန်က တပ်မတော်မှာ ဗိုလ်ကြီးအဖြစ် တနင်္သာရီတိုင်းဘက် ရှေ့တန်းထွက်နေချိန်ဖြစ်ပါတယ်။
'မြန်မာ့ရေပိုင်နက်အစပ်မှာ ရောက်နေတဲ့ အမေရိကန်စစ်သင်္ဘောအစုအဖွဲ့ကို ရန်ကုန်ကိုပြန်လာတဲ့ ကြယ်ငါးပွင့်သင်္ဘောက တွေ့တယ်။ ဒီသတင်းကို ရုံးချုပ်ကို ပို့တော့ ရုံးချုပ်ကနေ စစ်ရုံးကို ပို့တယ်။ ကျွန်တော် ရန်ကုန်ပြန်ရောက်ချိန်မှာ ကျွန်တော့်ဖခင်က ဒါကို ခိုင်ခိုင်မာမာ ပြောကြားပါတယ်။ ကောလာဟလမဟုတ်ပါဘူး' လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဒီဖြစ်စဉ်ကို သူကိုယ်တိုင်ပြုစုနေတဲ့ မြန်မာ့နိုင်ငံရေး နှုတ်ပြောသမိုင်းအတွက် တွေ့ဆုံမေးမြန်းခဲ့သူ စစ်အစိုးရလက်ထက် အကြီးအကဲတစ်ဦးကလည်း အတည်ပြုခဲ့တယ်လို့ သူက ဆိုပါတယ်။
ဒီသင်္ဘောတွေကိစ္စကို စစ်အစိုးရက အမေရိကန်သံရုံးကို တရားဝင်ကန့်ကွက်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။ သံရုံးဘက်က အရေးအကြောင်းဆို သူတို့နိုင်ငံသားတွေကို ကယ်တင်ဖို့ စောင့်ဆိုင်းနေတယ်လို့ အကြောင်းပြန်ခဲ့ကြောင်း တွေ့ဆုံမေးမြန်းချက်တွေအပေါ် ကိုးကားပြီး သူက ပြောပါတယ်။
ထိုစဉ်က အရေးပါတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မရရှိခဲ့ပါဘူး။
ဒီကိစ္စအပေါ် အမေရိကန်သံရုံးကို ဘီဘီစီက အီးမေးလ်နဲ့ဆက်သွယ်မေးမြန်းတဲ့အခါမှာ သံရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ Ms. Aryani Manring က မြန်မာ့အချုပ်အခြာအာဏာပိုင် ရေနက်ပိုင်ထဲမှာ အဲဒီတုန်းက သူတို့အမေရိကန် သင်္ဘောတွေ ရှိမနေခဲ့ဘူးလို့ ဖြေကြားပါတယ်။
ဘလက်စက်တင်ဘာ လို့ ဘာကြောင့်တင်စား
ဖြစ်ရပ်ကြီးတွေဖြစ်တတ်လွန်းလို့ စက်တင်ဘာကို ဘလက်စက်တင်ဘာ (Black September) လို့ ဗေဒင်နဲ့ နက္ခတ် အသိုင်းအဝိုင်းက တင်စားမှုတွေ ရှိခဲ့ပါတယ်။ နိုင်ငံရေးအသိုင်းအဝိုင်းမှာလည်း ဒီစကားကို ပြောစမှတ်ရှိပါတယ်။
ဒီလိုဘာကြောင့်တင်စားရသလဲဆိုတာကို နက္ခတ္တဗေဒပညာရှင် စံဇာဏီဘိုက ဘီဘီစီကို ရှင်းပြပါတယ်။
မြန်မာပြည်ရာသီခွင်မှာ ပုံမှန်ဆို တနင်္ဂနွေဂြိုဟ်ဟာ ကန်ရာသီကို ရောက်လေ့ရှိပြီး ဒီလိုဂြိုဟ်ခွင်အနေအထားတွေကြောင့်ပဲ တိုင်းပြည်မှာ ပြဿနာတွေ၊ အခက်အခဲတွေ ကြုံရတတ်တယ်လို့ သူက ဆိုပါတယ်။
'ဒီနှစ်ရဲ့စက်တင်ဘာမှာကျတော့ ကန်ရာသီထဲ တနင်္ဂနွေဂြိုဟ်အပြင် သောကြာပါ ထပ်ဝင်တော့ ဒီလို သုံးခု ဆုံတာဟာ ခိုးသားဓားပြတွေ ဆူပူထကြွမယ်။ ပုန်ကန်ထကြွတာတွေ ဖြစ်လာတတ်တယ်' လို့ သူက ပြောပါတယ်။
ဒီအနေအထားက မြန်မာပြည်ကံကြမ္မာမှာ အမြဲကြုံနေမှာလို့ တစ်ချိန်က နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်တဲ့ စံဇာဏီဘိုက ပြောပါတယ်။
စာဥသီချင်းနဲ့ အင်းစိန်ထောင်ထဲက လူရိုက်ပွဲ
၁၉၉၀ စက်တင်ဘာ ၂၅ မှာ အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်ခံရချိန်မှာ စံဇာဏီဘိုလည်း ပါဝင်ပါတယ်။ ဒီဖြစ်စဉ်ဟာ စာဥလို့ နာမည်ကြီးပါတယ်။ အဲဒီတုန်းက ထောင်ထဲရိုက်နှက်သံတွေကို ဖုံးလွှမ်းစေဖို့ နာမည်ကြီးမြန်မာဗီဒီယို ဇာတ်ကားတစ်ကားထဲက စာဥသီချင်းကို လော်စပီကာနဲ့ဖွင့်ပြီး နိုင်ကျဉ်းတွေကို ရိုက်နှက်ခဲ့ပါတယ်။
စာဥဖြစ်စဉ်ဟာ သူ့ဘဝမှာ အဆိုးဝါးဆုံးနဲ့ မြန်မာပြည်ထောင်သမိုင်းရဲ့အမည်းစက်လို့ သူက ဆိုပါတယ်။
ဒါကြောင့် စက်တင်ဘာမှာ အစိုးရအနေနဲ့ ဆုံးဖြတ်လုပ်ကိုင်တဲ့နေရာတွေမှာ သတိထားသင့်တယ်လို့ သူက အကြံပြုပါတယ်။
၁၉၉၀ နောက်ပိုင်းမှာ စက်တင်ဘာကာလတွေမှာတော့ အရင်ကလောက် ဆိုးရွားတဲ့ဖြစ်စဉ်တွေ မရှိသလောက် ဖြစ်သွားပါတယ်။
လက်ရှိမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပပြီး တက်လာတဲ့ အစိုးရနှစ်ဆက် ရှိနေပြီဖြစ်ပြီး အရင်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရ အဖွဲ့ကို ဦးဆောင်နေပါတယ်။
၁၉၉၀ ရွေးကောက်ပွဲကာလတုန်းကတော့ အနိုင်ရခဲ့တဲ့အန်အယ်လ်ဒီပါတီကို အာဏာလွှဲပြောင်းမပေးတဲ့အပြင် အမတ်တွေနဲ့ နိုင်ငံရေးသမားတွေကို အာဏာသိမ်းအစိုးရက အစုလိုက်အပြုံလိုက် ဖမ်းဆီးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MANDEL NGAN
ရွေးကောက်ပွဲပြီးခါစမှာ အန်အယ်လ်ဒီနိုင်လို့ ထောင်အာဏာပိုင်တွေတောင် ပင်နီတွေဝတ်ပြီး ထောက်ခံတာတွေ ရှိခဲ့တယ်လို့ အဲဒီအချိန် ထောင်ထဲရောက်နေတဲ့ သရုပ်ဆောင် ဒါရိုက်တာ ကိုသူရ ခေါ် ဇာဂနာက ပြောပါတယ်။ ဒါပေမဲ့ အာဏာလွှဲပြောင်းမှု ကြန့်ကြာနေလို့ အန်အယ်လ်ဒီ အမတ်တွေက ဇူလိုင်မှာ ညီလာခံခေါ်လိုက်ပြီး ဂန္ဓီကြေညာစာတမ်း ထွက်လာအပြီးမှာ စစ်အစိုးရက အမတ်တွေကို ဖမ်းဆီးခဲ့ပါတယ်။
အဲဒီကစလို့ ထောင်အာဏာပိုင်တွေရဲ့ ဆက်ဆံရေးပြောင်းလဲခဲ့ပါတယ်။ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံမှုတွေကြောင့် နိုင်ကျဉ်းတချို့ အစာငတ်ခံဆန္ဒပြရာကနေ စာဥသီချင်းလော်စပီကာနဲ့ဖွင့်ပြီး ရိုက်ပွဲလုပ်တဲ့အထိ ပြဿနာကြီးထွားခဲ့ပါတယ်။
'နိုင်ငံရေးမှုနဲ့ထောင်ထဲရောက်နေသူတွေကို ရိုက်သတ်တာ။ ဒါကို အပြင်က လူတွေမပြောနဲ့၊ ထောင်ဝန်ထမ်း မိသားစုတွေတောင် မသိဘူး။ အထဲထဲမှာ ပျော်ပွဲရွှင်ပွဲ လုပ်နေတယ်ထင်တာ။ လော်စပီကာတွေနဲ့ သီချင်းတွေ ဆူညံနေအောင် ဖွင့်ပြီးတော့ ဝင်ရိုက်ပစ်တာ အကုန်လုံး။ တော်တော်များများ သေတဲ့လူလည်းသေတယ်။ ဒဏ်ရာရတဲ့သူလည်း ရတယ်' လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Lauren DeCicca
အဲဒီရိုက်ပွဲမှာ သူအပါအဝင် လက်ရှိအစိုးရငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ရုပ်ရှင်သရုပ်ဆောင် ဦးအောင်လွင်၊ ဗေဒင်ပညာရှင် မင်းသိင်္ခ၊ စံဇာဏီဘို အပါအဝင် နိုင်ငံရေးအကျဉ်းသားအများစု ဆိုးဆိုးရွားရွား ရိုက်နှက်ခံခဲ့ရတယ်လို့ သူက ပြောပါတယ်။
'ဆရာတင်မျိုးဝင်းဆို တော်တော်လေး ထိသွားတယ်။ ဒါပေမဲ့ ဒီလိုလူတွေဟာ နာကျင်မှုတွေကို သင်ပုန်းခြေ မေ့ဖျောက်ပစ်ပြီး အခုတိုင်းပြည်အတွက် ရင်ကြားစေ့ရေး လုပ်ပေးနေတာ အရမ်းလေးစားဖို့ ကောင်းတယ်' လို့ ဇာဂနာ ကပြောပါတယ်။
ဒီဖြစ်စဉ်ကို 'ရှစ်စက္ကန့်ငြိမ်' အမည်နဲ့ ရုပ်ရှင်ရိုက်ဖို့ အန်အယ်လ်ဒီအစိုးရက ခွင့်ပြုလိုက်တာကြောင့် ဇာဂနာနဲ့ နိုင်ကျဉ်းဟောင်း နောက်တစ်ဦးဖြစ်တဲ့ ကိုဇော်သက်ထွေးတို့က လာမယ့်ဒီဇင်ဘာမှာ သရုပ်ဆောင်သစ်တွေနဲ့ စတင်ရိုက်ကူးမှာ ဖြစ်ပါတယ်။
ရွှေဝါရောင်က နိုင်ငံရေးအရွေ့တစ်ခုဖြစ်
စက်တင်ဘာဂယက်တွေထဲက နောက်တစ်ခုကတော့ ကမ္ဘာကျော် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု ဖြစ်ပါတယ်။
လောင်စာဆီဈေးနှုန်းတွေကို ကြိုအသိမပေးဘဲ အဆမတန်မြှင့်လိုက်တာကြောင့် ၂၀၀၇ ခုနှစ်၊ သြဂုတ်လလယ်ကစလို့ မြို့ကြီးအချို့မှာ လမ်းပေါ် ထွက်ဆန္ဒပြမှုတွေ ရှိလာပါတယ်။
ပခုက္ကူမှာ အဲဒီနှစ်စက်တင်ဘာ ၅ ရက်က သံဃာတော်အပါး ၃၀၀ လောက် မြို့ပတ်ပြီး မေတ္တာပို့ အမျှဝေခဲ့ပါတယ်။ ဒါကို အာဏာပိုင်တွေက အင်အားသုံး ဖြိုခွင်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SOE THAN WIN
'ဆန္ဒပြတဲ့အထဲက ကိုရင်နှစ်ပါးကို ဓာတ်တိုင်မှာ ကြိုးတုတ်ပြီးရိုက်တယ်။ သံဃာထုကို သေနတ်ပစ်ပြီး လူစုခွဲတယ်။ လူစုခွဲတာတော့ ဦးဇင်းတို့ ဘာမှမပြောလိုပေမယ့် ဓာတ်တိုင်မှာ ကြိုးတုတ်ပြီးရိုက်တာကတော့ လူထုကလည်း ဒေါသထွက်တယ်။ တစ်နိုင်ငံလုံး သိသွားတာပဲ' လို့ ရွှေဝါရောင်ကာလက ပခုက္ကူအနောက်တိုက်ကျောင်းမှာ သီတင်းသုံးခဲ့တဲ့ ရွှေဝါရောင် ဆရာတော်တစ်ပါး ဖြစ်တဲ့ ဦးစိန္တိတက မိန့်ကြားပါတယ်။ ဆရာတော်ဟာ ၂၀၀၇ ကနေ ၂၀၁၁ ခုနှစ်အထိ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
ဒီဖြစ်ရပ်ဟာ ရွှေဝါရောင်လှိုင်းလုံး ပိုပြင်းထန်လာဖို့ မီးစလို ဖြစ်ခဲ့ပြီး ကိုရင်လေးတွေ ရိုက်နှက်ခံရမှုအပေါ် စက်တင်ဘာ ၉ ရက် နောက်ဆုံးထား ဝန်ချတောင်းပန်ဖို့ သံဃာထုက စစ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။ အာဏာပိုင်တွေက မတောင်းပန်တဲ့အတွက် စက်တင်ဘာ ၁၈ ရက်မှာ တစ်ပြည်လုံးအတိုင်းအတာနဲ့ သံဃာထုက နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အစိုးရကို ဆန္ဒပြခဲ့ကြပါတယ်။ ဒါကို စက်တင်ဘာ ၂၅ ရက်မှာ စစ်အစိုးရက အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, THET AUNG
'အားလုံးတော့ဒုက္ခရောက်သွားတယ်။ ဖမ်းခံရတယ်။ အမြတ်ဘာထွက်လဲဆိုတော့ အန်တီ (ဒေါ်အောင်ဆန်းစုကြည်)နဲ့ (ဝန်ကြီး)ဦးအောင်ကြည်နဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဖြစ်သွားတယ်။ ဒီဖြစ်ရပ်က တစ်ကမ္ဘာလုံးကိုပျံ့သွားတယ်။ အစိုးရမှာ ပရက်ရှာဝင်သွားတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချက်ချင်း အတည်ပြုရတဲ့ဘ၀ ရောက်သွားတယ်' လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ဇာဂနာက ပြောပါတယ်။
ထိုစဉ်က သံဃာတွေကို ဆွမ်းကပ်ခဲ့လို့ သူလည်း ဖမ်းဆီးခံခဲ့ရပြီး အီလက်ထရောနစ် ပုဒ်မအပါအဝင် တခြားပုဒ်မတွေနဲ့ ထောင် ၆၅ နှစ် ချခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU
၁၉၈၈ ခုနှစ်နောက်ပိုင်း၊ ၁၉၉၆ နဲ့ ၁၉၉၈ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားအရေးအခင်းနောက်ပိုင်း ကြီးမားတဲ့ လှုပ်ရှားမှုကိုမတွေ့ခဲ့ရတာ နှစ်နှစ်ဆယ်ကျော်အကြာမှာ ရွှေဝါရောင်လှုပ်ရှားမှုကြောင့် အားတက်ခဲ့ရတယ်လို့ အဲဒီအချိန်က DVB သတင်းဌာနအတွက် သတင်းထောက် လုပ်ကိုင်ခဲ့သူ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ မရှင်ဒေဝီက ပြောပါတယ်။
'စစ်ဖိနပ်ကို ပြည်သူတွေ စုစည်းပြီး အံတုနိုင်တဲ့ အရှိန်အဝါကို ဝမ်းသာတယ်။ ဒါပေမဲ့ ၈၈ မှာတောင် ဖြိုခွင်းခံရတာ၊ မကြာခင်မှာ ဒီအင်အားစုဟာ ဖြိုခွဲခံရမယ်ဆိုပြီး ဝမ်းနည်းမိတယ်။ အဲဒါ စက်တင်ဘာ ၂၄ အနေအထားပေါ့။ အဲဒီအချိန် လမ်းပေါ်ထွက် ကင်မရာကိုင်ရတာ တော်တော်လေးအန္တရာယ်များခဲ့တယ်' လို့ သူက ဆိုပါတယ်။
မရှင်ဒေဝီဟာလည်း စက်တင်ဘာလူဖမ်းပွဲမှာ အများနည်းတူပါဝင်ခဲ့ပြီး အင်းစိန်ဂျီတီအိုင်ဝင်းထဲ ပို့ခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Than Myint Aung
ရွှေဝါရောင်ကာလတွေဟာ အင်မတန်ကြေကွဲစရာကောင်းတယ်လို့ စာရေးဆရာသန်းမြင့်အောင်က ပြောပါတယ်။ ဆန္ဒပြသံဃာတွေကို ဆွမ်း၊ဆေး၊ရေနဲ့ လှူဖွယ်ပစ္စည်းတွေကို လက်ရှိနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူတို့ ဇနီးမောင်နှံနဲ့အတူ လှူဒါန်းခဲ့တာကြောင့် နှစ်ကြိမ် စစ်မေးခဲ့ရပါတယ်။
'သံဃာတွေလည်း ဖရိုဖရဲနဲ့ ဖြိုခွဲခံရတယ်။ ဆွမ်းကပ်တဲ့ကျွန်မတို့လည်း ပြေးကြရှောင်ကြရတယ်။ မှတ်မှတ်ရရ စက်တင်ဘာ ၂၅ ရက် ကျွန်မ စပုန်းရတယ်။ အဲဒီနေ့က ကျွန်မမွေးနေ့။ အိမ်မှာ မိသားစုက မွေးနေ့ညစာ စောင့်နေတယ်။ အိမ်တောင်အကြောင်းမကြားနိုင်ဘဲ အောက်တိုဘာ ၂၅ ထိပြေးခဲ့ရတယ်' လို့ လက်ရှိ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဝင်ဖြစ်တဲ့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SOE THAN WIN
သက်ကြီးဝါကြီးစာရေးဆရာကြီးသုံးဦးက သူ့ကို အဖမ်းခံလိုက်ဖို့ တိုက်တွန်းတာကြောင့် ဒေါ်သန်းမြင့်အောင်ဟာ နောက်ဆုံး သွားရောက်စစ်ဆေးခံခဲ့ပါတယ်။ ဖမ်းဆီးထောင်ချတာမျိုး မရှိခဲ့ပေမယ့် သူဟာလည်း တောက်လျှောက် စောင့်ကြည့်ခံစာရင်းထဲ ပါဝင်ခဲ့ပါတယ်။
လက်ရှိမှာတော့ နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး ၁၂ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်နဲ့ မန္တလေးမြို့မှာ တစ်ပြိုင်တည်းကျင်းပခဲ့ကြပြီး ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေးကို သံဃာထုက တောင်းဆိုထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကိုယုံကြည်ပြီး လိုချင်တဲ့အပြောင်းအလဲတွေကို စိတ်ရှည်ရှည်နဲ့ စောင့်ရမယ်လို့ ရွှေဝါရောင်ဦးဆောင် ဆရာတော် ဦးစိန္တိတက မိန့်ကြားပါတယ်။
ဒီနှစ် စက်တင်ဘာမတိုင်ခင်မှာ မီတာခတွေတိုးကောက်ခဲ့ပြီး ကုန်ဈေးနှုန်းကြီးမြင့်တာ၊ စက်သုံးဆီဈေးမြင့်တက်တာ၊ တိုင်းပြည်စီးပွားရေး မတည်ငြိမ်ဘဲ ရွှေနဲ့ ဒေါ်လာဈေးတွေ စံချိန်တင်မြင့်တက်သွားတာတွေ ဖြစ်ခဲ့လို့ အစိုးရအပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ ၁၉၆၂ နောက်ပိုင်းနှစ်ခြောက်ဆယ်ကြာမှ ပြန်လည်ပေါ်ပေါက်လာတဲ့အရပ်သားအစိုးရကို ပြည်သူတွေက ဘေးကျပ်နံကျပ်ဖြစ်အောင်မလုပ်ဘဲ သည်းခံစောင့်ကြည့်တာတွေရှိနေတယ်လို့ နိုင်ငံရေးအကဲခတ်များက ဆိုကြပါတယ်။








