မတ်လ ၂ ရက် အာဏာသိမ်း ၅၇ နှစ်ပြည့်

ဦးနေဝင်းက စစ်သားမှာ မဟုတ်ဘဲ၊ တကယ်တော့ သူက နိုင်ငံရေး စစ်သားပဲ။
ဓာတ်ပုံ ပုံစာ, ဦးနေဝင်းက စစ်သားမှ မဟုတ်ဘဲ၊ တကယ်တော့ သူက နိုင်ငံရေး စစ်သားပဲ။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းပြီး ဆိုရှယ်လစ် နိုင်ငံအဖြစ် ပုံစံပြောင်းကာ အာဏာကို ဆက်လက် ယူထား ခဲ့တဲ့ အစဉ်အလာ နဲ့ အနာဂတ် စစ်တပ် အခန်းကဏ္ဍအကြောင်း သုံသပ်ချက် အဖြစ်၊ တပ်မတော် အရာရှိဟောင်း လည်းဖြစ် သမိုင်းပညာရှင်လည်း ဖြစ်တဲ့ ဒေါက်တာ အောင်မျိုးကို ဆက်သွယ် မေးမြန်းထားပါတယ်။

ဖြေ ~ ၅၈ ခုနှစ် အိမ်စောင့်အစိုးရ လက်ထက်မှာ ဗိုလ်ချုပ်ကြီး နေဝင်းက ဝန်ကြီးချုပ်လုပ်တယ်။ ၆၀ ကျတော့ ရွေးကောက်ပွဲ ပြန်လုပ်တယ်။ လုပ်တဲ့ အခါကျတော့ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ သန့်ရှင်း ဖဆပလကနိုင်တော့၊ အာဏာလွှဲ ပေးရတယ်။ ဒါပေမဲ့ ဦးနေဝင်းက ဝန်ကြီးချုပ်လုပ်ရတဲ့ အရသာကို သိသွားပြီဗျ။ အဲတော့ အဲဒီအချိန်မှာ ဖြစ်လာတဲ့ ပြဿနာ ကလည်း၊ ဟိုဆရာတွေက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ပြဌာန်းတာတို့ ဘာတို့ လုပ်တာ ပေါ့ဗျာ။ နောက်တခုကတော့ အိမ်စောင့် အစိုးရ လက်ထက်မှာ စော်ဘွားတွေကို အာဏာစွန့်တယ်။ ဒူးဝါးတွေ အာဏာ စွန့်ရတယ်။ ကယားက စောဖျာ တွေ အာဏာ စွန့်ရတယ်။ ဒီ အိမ်စောင့်အစိုးရ လက်ထက်မှာ အာဏာ လွှဲခံရတဲ့ အခါ ကျတော့၊ ဟိုလူတွေ မကျေနပ်တော့၊ ခွဲထွက်ခွင့် စကားက စပြောလာတာပေါ့နော်။ အဲဒီမှာပဲ အသံလွှင့်ရုံမှာ ဖက်ဒရယ်မူနဲ့ ပတ်သက်ပြီး ဆွေးနွေးနေတုန်း ဒါကို အကြောင်းပြပြီး သိမ်းတာ။

မေး ~ အဲဒီကနေပြီးတောက်လျှောက်ပေါ့လေ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဆိုပြီးတော့လည်း အရပ်သား အသွင်ဆောင် တဲ့ အစိုးရမျိုး ဖြစ်လာတယ်။ ဒါပေမဲ့လည်း အထူးသဖြင့် တပ်ကလူတွေကြီးပဲ ပါဝင်တဲ့ဟာမျိုး ဖြစ်နေ တယ်။ အဲဒီ အခြေအနေတွေက တမင်ကို ဖန်တီးယူခဲ့ တာလား။ ဘယ်လို တဖြည်းဖြည်းနဲ့ အဲလို ဖြစ်လာတာလဲ ခင်ဗျ။

ဖြေ ~ ဦးနေဝင်းက စစ်သားမှ မဟုတ်ဘဲ၊ တကယ်တော့သူဟာ political soldier သူက နိုင်ငံရေး စစ်သားပဲ။ ဒါကို အသွင်ပြောင်းရမယ် ဆိုတာ သူသိတယ်။ အဲတော့ နောက်တခုက ကမ္ဘာကြီး တခုလုံးကလည်း အဲဒီ အချိန်မှာ ဆိုရှယ်လစ်ရေး ဖြစ်နေ တဲ့အခါကျတော့ သူက ဆိုရှယ်လစ်ဝါဒကို ဗန်းတင်ပြီးတော့မှ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် လုပ်လိုက်တဲ့ အခါမှာတော့ ရောစပ်တဲ့ ပုံစံဖြစ်သွားတာပေါ့နော်။ တကယ့် တကယ် ကျတော့ နောက်ပိုင်းမှာ သိတဲ့ အတိုင်းပဲ ဆရာ ဦးချစ်လှိုင်တို့ကို ဖယ်ရှားလိုက်တာကတော့ စစ်တပ်ကို ကျော်လို့မရဘူး ပါတီထဲမှာ စစ်တပ်က အဓိက ပဲ ဆိုတာ သူပြလိုက်တာပဲ။

မေး ~ ဒီတော့ စစ်တပ်ကနေပြီးတော့ တစိုက်မတ်မတ် အာဏာကို ရယူထားရမယ်ဆိုတဲ့ အယူအဆက ဘယ်ပေါ်မှာ အခြေခံတာလဲ ခင်ဗျ။ ဒီအရပ်သားတွေ အပေါ်မှာ မယုံဘူးဆိုတဲ့ အယူအဆပေါ်မှာ အခြေခံတာလား။ ဘယ်လို အယူအဆ ပေါ်မှာ အခြေခံပြီး ဖြစ်လာတာလဲ။

ဖြေ ~ အဲဒီလိုကတော့ မဟုတ်ဘူးဗျ တကယ့်တကယ်ကျတော့လေ။ ဘာဖြစ်သွားလဲ ဆိုရင် ၁၉၈၈ ခုနှစ် မတိုင်မီက အာဏာသိမ်းခဲ့တာတွေ အားလုံးသည် အာဏာသိမ်းတယ် ဆိုသော်လည်းပဲ ခုနက ဆိုရှယ်လစ်ရေး ဆိုတဲ့ အရာက ဗန်းပြထားတဲ့ အခါကျတော့ လယ်ယာမြေ ဝေခြမ်းရေးတွေ ဘာတွေ လုပ်ပေးခဲ့တာ ရှိတဲ့ အခါကျတော့ ပြည်သူက အတိုင်းအတာ တခုအထိ လက်ခံတယ်။ ၈၈ ကျတော့ ဇွတ်ကြီး အဓမ္မကြီး လုပ်ရတဲ့ အပိုင်းဖြစ်သွားတယ်။ တနိုင်ငံလုံး အတိုင်းအတာကြီးနဲ့ ဆန့်ကျင်တာကြီးကို တပ်မတော် ခေါင်းဆောင်တွေကနေပြီးတော့ ရည်ရွယ်ချက်ကတော့ဗျာ ဗရုန်းဗရင်း ကာလကြီးဆိုတော့ သူတို့က ထိန်းသိမ်းရတာပါပဲ။ အဲဒီမှာ လက်လွန်တာတွေ ဖြစ်တဲ့ အခါကျတော့ ဘယ်လိုပဲ ပြောပြော နောက်ဆုံး ကျတော့ ခံရတဲ့လူတွကလည်း မကျေနပ်မှန်း သိရတဲ့ အခါကျတော့၊ ပြည်သူတွေပဲ ပြောပြော အတိုက်အခံတွေပဲ ပြောပြော၊ အဲလူတွေကတော့ ငါတို့ကို မုန်းသွားပြီ ဆိုတဲ့အခါကျတော့ သူကနေပြီးတော့ ကျွန်တော် ထင်တယ်လေ နိုင်ငံရေးသမားတွေကို မယုံရဘူးဆိုတာ အဲကာလမှာ စတယ်လို့ ထင်တယ်လေ။

မေး ~ ဒီတော့ အဲဒီ အချိန်က စပြီးတော့ ဒီလို စစ်တပ်က တစိုက်မတ်မတ် နိုင်ငံရေးမှာ ဝင်ပါလာခဲ့ပြီးတော့ အရပ်သား စစ်စစ် အစိုးရဆီကို အာဏာ လွှဲမပေးနိုင်လောက်တဲ့ အခြေအနေ ဖြစ်လာခဲ့တာ ကရော ဘာကြောင့်လဲ ခင်ဗျ။

ဖြေ ~ ၉၀ ခုနှစ် ရွေးကောက်ပွဲ ပြီးတဲ့အခါ တကယ့်ကို အာဏာလွှဲပေးမယ့် အနေအထားပါ။ ကျွန်တော်တို့ကိုယ်တိုင် အာဏာလွှဲဖို့ အတွက်ကို စာရင်း စစ်ချက်တွေကို အတင်းရှင်းရတာ။ အဲတော့ ဗိုလ်ချုပ်မှူးကြီး စောမောင်က တကယ် လွှဲပေးဖို့ အတွက်လုပ်နေတာ။ အဲလို လုပ်နေတဲ့ အနေအထားမှာ ဦးကြည်မောင်ပြောတဲ့ ဦးခင်ညွန့်လို လူမျိုးဆိုရင်တော့ စစ်ခုံရုံးတင်ရမှာပေါ့တို့ ဘာတို့ ဆိုတဲ့ စကားတွေ သွားပြောတဲ့ အချိန်က စပြီးတော့ အဲဒီမှာ၊ တပ်က လူကြီးပိုင်းထဲမှာ လွှဲလို့ မဖြစ်ဘူး ဆိုတဲ့ အယူအဆကြီးက ပေါ်လာတာ တကယ့် တကယ် ကျတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူက လူရဲ့ သဘောသဘာဝကို နားလည်တယ်ဗျ။ အဲတော့ အုပ်ချုပ်ရေးမှာ လည်းပဲ အရင်တုန်းက ဆိုရင် မဝတ မှာ စစ်တပ်က ဗိုလ်ကြီးတွေ ဗိုလ်မှူးတွေ နောက်ကျ ဖြုတ်တယ်။ နောက်ကျတော့ ခရိုင်မှာ အရပ်သားကိုပါ ထိုးထည့်လိုက်တယ်။ စစ်တပ်က လူတွေ ဖြုတ်တယ်။ တ၀တ အဆင့်မှာပဲ ကျန်တယ်ဆိုပြီးတော့ သူက တဖြည်း တဖြည်း ဖြုတ်လာတာကို လူတွေက မရိပ်မိလို့ဗျ။ ဖြုတ်ရမယ်ဆိုတာကို သူက သိတယ်ဗျ။ ဒါကြောင့် သူက ၂၀၀၈ ကို ထားပြီး တရွေ့ရွေ့လေး ခွာသွားတာပါ။ ဒါကို ဆက်ပြီး ဆုတ်ကိုင်ရမယ်ဆိုတဲ့ဟာကလည်း အခု လက်ရှိ တပ်က လူတွေရဲ့ စိတ်ထဲမှာလည်း ကျွန်တော်ထင်ပါတယ်။ မရှိပါဘူး။

မေး ~ ဒါပေမယ့် စောစောက ဆရာ ပြောခဲ့တဲ့အထဲမှာ အာဏာကို ယစ်မူးသွားခဲ့ကြတာ ဒီတော့ ပြီးခဲ့တဲ့ စစ်အစိုးရ ကာလ တလျှောက်လုံးနဲ့ အခု လက်ရှိ အထိပေါ့နော် ရာထူးအာဏာနဲ့ ပိုင်ဆိုင်မှုတွေကို ရယူထားခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး တွေ အနေနဲ့ ဒီအနေအထားကနေပြီးတော့ တဖြည်းဖြည်း ဆုတ်ခွာဖို့ ဆိုတာ ကရော ဖြစ်နိုင်ပါ့မလား။

ဖြေ ~ ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခု လက်ရှိ တာဝန်ယူထားတဲ့ လူတွေဟာ များသောအားဖြင့် အဲဒီ အုပ်စုထဲမှာ မပါဘူး။ အခု လူကြီး ဖြစ်နေတဲ့ လူတွေ အားလုံးက hand over လုပ်ခါနီးတဲ့ အထိက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တယောက်ပဲ ရှိတာပဲ။ ကျန်တဲ့အားလုံးက တဖြည်းဖြည်းနဲ့ ပင်စင်သွားပြီ ဖြစ်တဲ့ အတွက်ကြောင့် မို့လို့ နောက်လူတွေ အတွက်ကတော့ မက်မော စရာ မရှိသလို အခြေအနေ ဖန်တီး စရာလည်း မရှိဘူး။ ဒါကြောင့် သူတို့က ဖက်တွယ်ထားစရာ အကြောင်းလည်း မရှိဘူးဗျ။ နောက် ကမ္ဘာကြီးနဲ့ ပတ်သက်လို့ သူတို့ အရမ်း အကူးအလူး များသွားတဲ့ အခါကျတော့ ကမ္ဘာ့ရဲ့ trend ကို သိနေတာ၊ ဒါကြီးကို သူတို့ ဇွတ်မတိုးဘူးဗျ။ ကျွန်တော့် အမြင်လေ။