ဝန်ကြီးချုပ်က ပါလီမန်ကို နားထားလိုက်တာ ဒီမိုကရေစီကို စိန်ခေါ်ချက်လား

ယူကေ ဥရောပသမဂ္ဂ အီးယူက နုတ်ထွက်ရမယ့် အချိန်ကာလ နီးလာတာနဲ့အမျှ ဘယ်လို နုတ်ထွက်မယ်၊ ဘယ်ဥပဒေတွေအရ လုပ်ဆောင်မယ်ဆိုတဲ့ နိုင်ငံရေးအရ အရေးကြီးလှတဲ့ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရမယ့် အချိန်မှာပဲ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပါလီမန်ကို ရပ်နားထားလိုက်ဖို့ ဘုရင်မကြီးထံ တင်ပြခဲ့ပါတယ်။

အတိုက်အခံ လွှတ်တော်အမတ်တွေက ဒါဟာ နိုင်ငံရေးအရ အာဏာသိမ်းမှု ပုံစံတစ်မျိုးပဲ လို့ဝေဖန်ခဲ့ပါတယ်။ မစ္စတာဂျွန်ဆင်ကတော့ မဟုတ်ပါဘူး၊ သူ့အနေနဲ့ ဥပဒေပြဋ္ဌာန်းချက်တချို့ကို စောစောစီးစီး လုပ်ချင်လို့ပါလို့ တုံ့ပြန်ခဲ့ပါတယ်။

အခု အစီအစဉ်အရ ပါလီမန်ဟာ စက်တင်ဘာလ ၁၀ ရက်နေ့မှာ စပြီး ရပ်နားလို့ အောက်တိုဘာ ၁၄ ရက်ကျမှ ပြန်စပါလိမ့်မယ်။ အဲဒီအချိန်ဟာ ယူကေ အီးယူက နုတ်ထွက်ရမယ့် နောက်ဆုံးရက် အောက်တိုဘာ ၃၁ ရက် မတိုင်ခင် ၁၇ ရက်ပဲ လိုတော့တဲ့ အချိန် ဖြစ်နေပါပြီ။

အခုလို ပါလီမန်ကို ရပ်လိုက်တာဟာ ယူကေ အီးယူကနေ နုတ်ထွက်ရေးမှာ ဘာသဘောတူချက်မှ မယူပဲ နုတ်ထွက်မှာကို ပါလီမန်အမတ်တွေက တားဆီးဖို့ မကြိုးစားနိုင်အောင် လုပ်လိုက်တာလို့ ဝေဖန်သူတွေက ယူဆကြပါတယ်။ ယူကေ အီးယူကထွက်မှာကို မကန့်ကွက်ကြပေမယ့် ကုန်သွယ်ရေးနဲ့ နယ်စပ်စည်းမျဉ်းဆိုင်ရာ သဘောတူညီချက်တွေ မရ မယူပဲ ထွက်မှာကိုတော့ ပါလီမန်အမတ်တွေက ကန့်ကွက်နေကြပါတယ်။

အစိုးရကို ထောက်ခံသူတွေကတော့ ပါလီမန်ကို ရပ်နားလိုက်တာဟာ ထုံးတမ်းစဉ်လာအရ ဘုရင်မကြီးက ပါလီမန်ကို လာပြီး မိန့်ခွန်းပေးရတဲ့ အစဉ်အလာ မလုပ်ဖြစ်တာ ကြာပြီမို့ လုပ်နိုင်အောင် စီစဉ်ရတာလို့ ဆိုကြပါတယ်။

အစိုးရက ပါလီမန်ကို ဘယ်လို ရပ်နားထားနိုင်တာပါလဲ။

ဗြိတိန်နိုင်ငံရေးမှာ သတ်မှတ်ချက် ဒါမှမဟုတ် လုပ်ပိုင်ခွင့် တစ်ခု အစိုးရဆီမှာ အပ်နှင်းထားတာ ရှိပါတယ်။ အဲဒါကတော့ ဘုရင်မကြီးရဲ့ မိန့်ခွန်းချွေခြင်းအစီအစဉ် လုပ်နိုင်အောင် ပါလီမန်ကို 'ဆိုင်း' ထားနိုင်တာပါ။ အဲဒီ သဘောအရ ပါလီမန်လုပ်ငန်းတွေ ရပ်ထားပါတယ်။ ပါလီမန် စခြင်းမစခြင်းကို အစိုးရက ဆုံးဖြတ်နိုင်ပြီး အဲဒီအဆုံးအဖြတ်ကို အောက်လွှတ်တော်က အမတ်တွေရော၊ အထက်လွှတ်တော်က မှူးမတ်တွေပါ မဟန့်တားနိုင်ကြပါဘူး။

အဲဒီလို ရပ်နားထားတာကို အစဉ်အလာအားဖြင့် ဘုရင်မကြီးရဲ့ မိန့်ခွန်းမြွက်ကြားတဲ့ အစီအစဉ်မစခင်လေးမှာ ပြုလုပ်တတ်ကြပါတယ်။ ဘုရင်မမိန့်ခွန်းကို ပါလီမန်ဖွင့်တဲ့ အနေနဲ့ ပြုလုပ်ကြပါတယ်။ နှစ်စဉ် ပါလီမန်သက်တမ်းစချိန်မှာ နိုင်ငံတော့် ဥသျှောင်၊ အခုတော့ အဲလိဇဘက်ဘုရင်မကြီးက ဘတ်ကင်ဟမ်နန်းတော်က မြင်းရထားနဲ့ ပါလီမန်ကို လာရောက်ပြီး မိန့်ခွန်းပေးလို့ ပါလီမန်ကို ဖွင့်ပေးပါတယ်။

မကိုဋ်သရဖူအဆောင်အယောင်ကို ဝတ်ထားတဲ့ ဘုရင်မကြီးဟာ မှူးမတ်တွေရဲ့ အထက်လွှတ်တော်ကို ရောက်လာပြီး ရွှေသလွန်တော်ပေါ်ထိုင်လို့ အောက်လွှတ်တော်က အမတ်တွေကို ရှေ့တော်မှောက် ဆင့်ခေါ်ပါတယ်။ ပြီးရင်တော့ အစိုးရက ရေးပေးထားတဲ့ မိန့်ခွန်းကို အမတ်စုံညီရှေ့မှာ ဖတ်ကြားမြွက်ကြားပါတယ်။ အဲဒီ မိန့်ခွန်းထဲမှာ လာမယ့်ပါလီမန်သက်တမ်းအတွင်း ဝန်ကြီးချုပ်က ပြဋ္ဌာန်းချင်တဲ့ ဥပဒေသစ်တွေအကြောင်းကို ဖော်ပြလေ့ရှိပါတယ်။

ဒီလို မိန့်ခွန်းပေးတဲ့ အစဉ်အလာဟာ ၁၆ ရာစုကတည်းက စခဲ့တာပါ။ နှစ်စဉ် ပြုလုပ်လေ့ရှိပေမယ့် ဘယ်အချိန်လုပ်ရမယ်၊ ဘယ်လို လုပ်ရမယ်ဆိုတာ အတိအကျ ပြဋ္ဌာန်းထားတာမျိုးတော့ မရှိပါဘူး။ ဓလေ့ထုံးတမ်း အစဉ်အလာတွေအတိုင်းပဲ ပြုလုပ်တတ်ကြပါတယ်။

အခုလောလောဆယ်မှာတော့ ဘုရင်မကြီး မိန့်ခွန်းမပေးနိုင်ခဲ့တာ ၂၀၁၇ ခုနှစ်ကတည်းကပါ။

ပါလီမန်ရပ်တဲ့ အချိန်ကဘာလို့ အငြင်းပွားစရာ ဖြစ်ရတာပါလဲ။

ဝေဖန်သူတွေကတော့ အခုလို ပါလီမန် ရပ်နားဖို့ အချိန်ကို ရွေးခဲ့တာဟာ လွှတ်တော်အမတ်တွေက ဘရက်ဇစ်နဲ့ ပတ်သက်လို့ ဘာမှ ပြောဆိုခွင့် ထပ်မရအောင် တမင်လုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အတိုက်အခံလေဘာပါတီက ဘဏ္ဍာရေးဝန်ကြီး ဂျွန်မက်ဒေါ်နယ်က အခုလုပ်ရပ်ဟာ အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ပဲလို့ ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

ဘရက်ဇစ်နဲ့ ပတ်သက်လို့ ဘယ်လိုမျိုးသဘောထား ရှိကြသူတွေပဲ ဖြစ်ဖြစ် တိုင်းပြည်ထဲက ဒီမိုကရေစီကျင့်စဉ်နဲ့ စံနှုန်းတွေကို အပြည့်အဝ မသုံးနိုင်အောင် ဒီမိုကရေစီအဆောက်အဦတွေကို လွတ်လွတ်လပ်လပ် ပြည့်ပြည့်ဝဝ ကျင့်သုံးခွင့်ကို ဝန်ကြီးချုပ်က ပိတ်ပင်တာကို ခွင့်ပြုခဲ့မယ်ဆိုရင် ဒါ သိပ် အန္တရာယ်များတဲ့ လမ်းကြောင်းပေါ်ရောက်နေပြီလို့ပဲ ပြောချင်ပါတယ်။

သူက ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ သူ့ရဲ့ ဘာသဘောတူညီချက်မှမရပဲ အီးယူနုတ်ထွက်မယ့် အစီအစဉ်ကို ပါလီမန်အမတ်တွေက မဲခွဲ ဟန့်တားတာမျိုး မလုပ်နိုင်အောင် ကြိုးစားနေတယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

အခုလက်ရှိမှာ ဥပဒေကြောင်းအရဆိုရင် ယူကေဟာ အီးယူထဲက အောက်တိုဘာ ၃၁ ရက်နေ့မှာ ထွက်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဗြိတိန်က လွှတ်တော်အမတ်အများစုကတော့ အီးယူနဲ့ ကုန်သွယ်ရေး၊ နယ်စပ်ဖြတ်ကျော်ရေးဆိုင်ရာ သဘောတူညီချက်တွေမယူသေးပဲ မထွက်ရအောင် အဲဒီရက်ကို ထပ်ရွှေ့ဆိုင်းစေချင်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပါလီမန်က အခုအတိုင်း ငါးပတ်လောက်ရပ်နားထားလိုက်မယ်ဆိုရင်တော့ အမတ်တွေမှာ သူတို့ ဖြစ်စေချင်တဲ့ အပြောင်းအလဲတွေ ဖြစ်လာအောင် ပါလီမန်အတွင်းက ဆွေးနွေးတောင်းဆိုဖို့ အချိန်ရနိုင်မှာ မဟုတ်ပါဘူး။

အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဘားကိုးကလည်း ဝန်ကြီးချုပ်ရဲ့ လုပ်ရပ်ဟာ အခြေခံဥပဒေကို မထေမဲ့မြင်ပြုရာရောက်တယ်လို့ ဆိုပါတယ်။

"ဘယ်လိုပဲ ဖာထေးပြောဆိုနေပေမယ့် အခုလို ပါလီမန်ကို ရပ်လိုက်တာဟာ ဘရက်ဇစ်အရေးကို ပါလီမန်က ဆွေးနွေးပြီး နိုင်ငံရဲ့ ရှေ့ရေးလမ်းကြောင်းကို ပုံဖော်ရမယ့် တာဝန်ကို မလုပ်နိုင်အောင် တားဆီးလိုက်တာပဲဆိုတာ အင်မတန်ထင်ရှားနေပါတယ်။"

"ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းမှာ အရေးအကြီးဆုံး စိမ်ခေါ်ချက်ကြီးတစ်ခုကို ရင်ဆိုင်နေရတဲ့ကာလမှာ ရွေးကောက်ခံအမတ်တွေရဲ့ ပါလီမန်က ဒီအပေါ်မှာ ပြောရေးဆိုခွင့်ရှိဖို့က သိပ်ကို အရေးကြီးပါတယ်။"

ဒါဟာ လုပ်ရိုးလုပ်စဉ် ကိစ္စတစ်ခုပါပဲလား

အစိုးရဘက်ကတော့ အခုလို ဝေဖန်မှုတွေကို သဘောမတူပါဘူး။ ပါလီမန်နားထားမယ့် ဆုံးဖြတ်ချက်ဟာ ဒီမိုကရေစီကို စော်ကားတာဖြစ်တယ်၊ ဘရက်ဇစ်နဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေ မဲမခွဲနိုင်အောင်လုပ်တာဖြစ်တယ်ဆိုတဲ့ မေးခွန်းတွေကို ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ငြင်းပါတယ်။

"ဒါလုံးဝ မဟုတ်မမှန်ပါဘူး" လို့ သူက ဆိုပါတယ်။

သူကတော့ အခုလို ပါလီမန်ကို ရပ်နားလိုက်ရတဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က သူ့အစိုးရရဲ့ အစီအစဉ်အသစ်တွေကို အကောင်အထည်ဖော်နိုင်အောင်လို့ပါလို့ ဆိုပါတယ်။

"ဥပဒေပြဋ္ဌာန်းချက်အသစ်လိုတယ်၊ အရေးကြီးတဲ့ ဥပဒေကြမ်းအသစ်တွေကို အရင်စလုပ်နိုင်ဖို့လိုတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ ဘုရင်မကြီးရဲ့ မိန့်ခွန်းလိုတယ်။ ဒါကို အောက်တိုဘာ ၁၄ မှာ လုပ်မယ်။ ဥပဒေပြုရေးအစီအစဉ်အသစ်တွေကို ရှေ့ဆက်လုပ်သွားနိုင်ဖို့ လုပ်ရပါမယ်။"

သူက ဒီလို ပြောပေမယ့် ဝန်ကြီးချုပ်ကို ထောက်ခံသူတွေကတောင် သူ့အဆုံးအဖြတ်ဟာ ယူကေ အီးယူက ထွက်ရမယ့် အချိန်ဇယားအပေါ် စဉ်းစားချက်လည်း တစိတ်တပိုင်းပါပါတယ်လို့ ပြောပါတယ်။

ဘရက်ဇစ်ကို ဖြတ်ကျော်ဖို့ ဘောရစ်ဂျွန်ဆင် သူ လုပ်ဖို့လိုတာတွေ လုပ်နေတာကို ကျွန်မ ဘာမှ ပြောစရာမရှိပါဘူး၊ ဒါကိုပဲ တိုင်းပြည်ကလည်း လိုချင်တာ၊ ဒါကိုပဲ တိုင်းပြည်က ဆန္ဒမဲ ပေးခဲ့တာလို့ ကွန်ဆာဗေးတစ် အတမ် ပေါ်လင်းလေသမ်က ပြောပါတယ်။

ကွဲပြားနေတဲ့ တိုင်းပြည်

ဝန်ကြီးချုပ်ရဲ့ အဆုံးအဖြတ်ဟာ တရားဝင်တယ်၊ ဥပဒေနဲ့ ညီညွတ်တယ်လို့ ပြောသူတွေပဲ ဖြစ်ဖြစ်၊ ဒါဟာ အခြေခံဥပဒေဆိုင်ရာ မထေမဲ့မြင်ပြုချက်ပါလို့ ယူဆသူတွေပဲ ဖြစ်ဖြစ် သူတို့အားလုံး ကိစ္စတစ်ခုတည်းအပေါ်မှာ ရပ်တည်ချက်တွေအရ ပြောကြတာဖြစ်နေပါတယ်။ အဲဒါကတော့ ယူကေ အီးယူကထွက်ရေး ဘရက်ဇစ်အစီအစဉ်ပါပဲ။

ဒီကိစ္စဟာ ဗြိတိန်မှာ လူထုအကြား အကွဲအပြားဆုံး ကိစ္စဖြစ်နေပါတယ်။ မိသားစုတွေ အသိုင်းအဝိုင်းတွေကြားတင်မက နိုင်ငံရေးပါတီတွေမှာတောင် အရင်က ရှိခဲ့ပြီးသား မဟာမိတ်တွေ၊ စုဖွဲ့ပေါင်းစည်းမှုတွေ ပျက်ပြားကုန်ပါတယ်။

ဘရက်ဇစ်ကို ထောက်ခံသူတွေကတော့ ပါလီမန်ကို ရက်သတ္တပတ်အနည်းငယ် ရပ်နားလိုက်ရတာဟာ အီးယူက နောက်ဆုံး ထွက်ခွာနိုင်မယ့် ကိစ္စအတွက် ပေးရမယ့် အရင်းအနှီးလေး တစ်ခုအဖြစ် သဘောထားနိုင်ကြပါတယ်။

ဘရက်ဇစ်ဟာ နိုင်ငံအတွက် ဆိုးကျိုးကြီးကြီးမားမား ဖြစ်စေမယ်လို့ ခံယူထားကြသူတွေကတော့ ဝန်ကြီးချုပ်က ပါလီမန်ကိုရပ်ထားဖို့ ဆုံးဖြတ်ချက်ဟာ ဗြိတိသျှဒီမိုကရေစီစနစ်ကို အရှိုက်ထိုးလိုက်တာပဲလို့ ယုံကြည်နေကြပါတယ်။

အီးယူနုတ်ထွက်ဖို့ လိုလားသူတွေကတော့ အခုလို ဆန့်ကျင်နေကြတဲ့ အမတ်တွေဟာ ၂၀၁၆ ခုနှစ် လူထုဆန္ဒခံယူပွဲတုန်းက ဗြိတိန်လူထုက ၅၂ ရာခိုင်နှုန်းထောက်ခံမဲနဲ့ အီးယူက နုတ်ထွက်ဖို့ ဆန္ဒပေးခဲ့ကြတယ်ဆိုတာကို လစ်လျူရှုထားကြသူတွေ ဖြစ်တယ်လို့ တုံ့ပြန်ထိုးနှက်ပါတယ်။

အခု အငြင်းအခုန်ဖြစ်ကြချိန်မှာ အဓိက အာရုံထား ရည်ညွှန်းပြောဆိုလာကြတာကတော့ ဗြိတိသျှ အခြေခံဥပဒေပါ။ ဗြိတိန်ရဲ့ အခြေခံဥပဒေဆိုတာက တခြားနိုင်ငံတွေမှာလို့ စာနဲ့ရေးသားအတည်ပြုထားတာမျိုး မရှိပါဘူး။

ရာစုနှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့တဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတွေ၊ ပါလီမန်က ပြဋ္ဌာန်းတဲ့ ဥပဒေတွေ၊ တရားရုံး အဆုံးအဖြတ်တွေနဲ့ သမိုင်းကြောင်းအရ ကျင့်ထုံးတွေအပေါ်မှာပဲ အခြေပြုထားတာဖြစ်ပါတယ်။

အဲဒီလို အခြေအနေမှာ နိုင်ငံရေးသမားတွေက မျှမျှတတ လုပ်ကြရင် ပြဿနာ သိပ်မရှိပေမယ့် ဗြိတိန် အီးယူ ထွက်ခွာမယ့် ဘရက်ဇစ်အရေးမှာတော့ နှစ်ဘက်စလုံးက သူတို့ ဘက်မှာ အသာရ အနိုင်ရစေအောင် တတ်နိုင်သမျှနည်းမျိုးစုံလုပ်ကြတာတွေ ရှိနေတဲ့အတွက် အစဉ်အလာစည်းမျဉ်းတွေကို ဂရုမစိုက်ကြတော့တာမျိုးတွေလည်း ရှိပါတယ်။

အတိုက်အခံ လေဘာပါတီက ဝါရင့်အမတ် ဒိမ်းမာဂရက်ဘက်ကက်က "ပါလီမန်မပါပဲ တိုင်းပြည်ကို အုပ်ချုပ်ဖို့ အစိုးရတစ်ရပ်က ကြိုးစားခဲ့တယ်ဆိုတာ အစဉ်အလာ မရှိခဲ့တာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် အဲဒီလို နောက်ဆုံး လုပ်ခဲ့တုန်းကတော့ ပြည်တွင်းစစ်ကြီးနဲ့ အဆုံးသတ်သွားခဲ့တယ်လေ" လို့ ခပ်ထေ့ထေ့ပြောပါတယ်။

ဗြိတိန် အီးယူက ထွက်သည် ဖြစ်စေ၊ မထွက်သည်ဖြစ်စေ၊ သဘောတူညီချက်တစ်ခုခုရပြီး ထွက်သည် ဖြစ်စေ၊ ဘယ်လို သဘောတူညီချက်မှ မယူ မရတော့ပဲ ထွက်သည်ဖြစ်စေ၊ အဲဒီ ဘရက်ဇစ် ကိစ္စက ချန်ရစ်မယ့် အက်ကွဲ ကြောင်းကတော့ ဗြိတိန်မှာ နက်နက်ရှိုင်းရှိုင်းကျန်ရစ်တော့မှာ ဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေအကြား ပြင်းထန် နာကျည်း ခါးသီးတဲ့ ကွဲလွဲချက်တွေကလည်း ပြန်လည် စေ့စပ်ဖို့ အချိန်အကြာကြီး ယူရမှာ အသေအချာဖြစ်နေပါတယ်။