လုပ်ပိုင်ခွင့်အကန့်အသတ်တွေကြောင့် ပြည်နယ်နဲ့ တိုင်းဒေသကြီအစိုးရတွေ ကြားညပ်နေသလား

ဓာတ်ပုံ ရင်းမြစ်, Dawei Watch
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီတိုင်းခရီးစဉ် အပြီးမှာပဲ သမ္မတရုံးက တနင်္သာရီတိုင်းအစိုးရအဖွဲ့အနေနဲ့ လိုက်လံလုပ်ဆောင်ရမယ့် အချက် ၆၀ ကျော်ကို ညွှန်ကြားလိုက်ပါတယ်၊
အဲဒီညွန်ကြားချက်တွေမှာ အဓိကကတော့ ပြည်သူတွေနဲ့ တနင်္သာရီအစိုးရအဖွဲ့ အဓိကထိတွေ့ကြဖို့ကို ညွှန်ကြားတာ ဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့ သစ်တော၊ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ဘီဘီစီကို ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံက ဖေဖော်ဝါရီလအတွင်း ချင်း၊ ကချင်နဲ့ တနင်္သာရီခရီးစဉ်တွေ သွားခဲ့ပြီး ဒေသခံလူထုတွေရဲ့ အသံကို နားထောင်၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့နဲ၌ တွေ့ဆုံတာတွေ လုပ်ခဲ့ပါတယ်။တနင်္သာရီ အစိုးရအဖွဲ့ဟာ လုပ်ဆောင်မှုအားနည်းတယ်၊ အဂတိလိုက်စားမှုတွေရှိတယ် ဆိုပြီး ဝေဖန်မှုခံနေရဆဲမှာ အခုလို သမ္မတရုံးက ညွန်ကြားလာတာလည်း ဖြစ်ပါတယ်။
တစ်ဘက်မှာတော့လည်း အခုလိုမျိုး အစိုးရအဖွဲ့လုပ်ဆောင်မှုတွေ ဝေဖန်ခံနေရတာဟာ အခြေခံဥပဒေက ဗဟိုချုပ်ကိုင်မှုတွေ များလွန်းတာရယ်၊ တိုင်းဒေသကြီးတွေမှာ အစိုးရအဖွဲဝန်ကြီးတွေရဲ့ လုပ်ပိုင်ခွင့် မကွဲပြားလို့ လည်းဖြစ်တယ်လို့လည်း အခြေခံဥပဒေလေ့လာသူ တချို့က ပြောကြပါတယ်။
အခြေခံဥပဒေကြောင့် တိုင်းဒေသကြီးအစိုးရတွေ စွမ်းဆောင်ရည်အားနည်း နေပါသလား၊ ဗဟိုချုပ်ကိုင်မှု များလွန်းနေပါသလား။

ဓာတ်ပုံ ရင်းမြစ်, Dawei Watch
ပြည်ထောင်စုအစိုးရကပဲအကုန်ထိန်းချုပ်ထားသလား
တိုင်းဒေသကြီးအစိုးရတွေနဲ ပတ်သက်ပြီး ဒေသခံတွေ မကျေနပ်လို့ တိုင်တန်းကြတာက ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ် မတိုင်ခင်ကတည်းက ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရင်တိုင်းနဲ့ပြည်နယ်ခရီးစဉ်တွေတုန်းက သိပ်မသိသာပေမဲ့ တနင်္သာရီ ခရီးစဉ်မှာတော့ ဒေသခံ အတော်များများက တိုင်ကြားမှုတွေ ရှိခဲ့တာ တွေ့ရပါတယ်။
"တိုင်းအစိုးရက ဘာလုပ်နေလဲ။ အဲဒါတွေ မရှင်းဘူးလား"လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ချိန် အင်တာနက်ကကလည်း တိုက်ရိုက်လွှင့်နေတော့ လူတွေက ပိုပြီးသတိထားမိစရာ ဖြစ်လာပါတယ်။
တကယ်တော့ ၂၀၀၈ အခြေခံဥပဒေအရ တိုင်းအစိုးရရဲ့ လုပ်ပိုင်ခွင့်တွေဟာ ရှင်းရှင်းလင်းလင်းရှိနေတာမျိုးတော့ မဟုတ်ပါဘူး။ အခြေခံဥပဒေ ဇယား၁ က ပြည်ထောင်စု အစိုးရလုပ်ပိုင်ခွင့်၊ ဇယား ၂ တိုင်း နဲ့ ပြည်နယ် အစိုးရတွေရဲ့ လုပ်ပိုင်ခွင့်တွေကို ပြဋ္ဌာန်းပေးထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Tribunal corut of Myanmar
"ဥပဒေအရတော့ အခုလိုရှိပေမဲ့ ဘတ်ဂျက်လို ကိစ္စတွေမှာ ကိုယ်ပိုင်လုပ်နိုင်တာတွေရှိတယ်" လို့ တနင်္သာရီ့ဝန်ကြီးချုပ်အဖြစ် ၄ နှစ်တာဝန်ယူခဲ့တဲ့ ဦးမြတ်ကိုက ပြောပါတယ်။
ပြည်ထောင်စုဥပဒေပြုစာရင်း ဇယား ၁ ကိုကြည့်မယ်ဆိုရင် သထ္ထုတွင်းလို ကိစ္စတွေမှာ ပြည်ထောင်စုအစိုးရက ခွင့်ပြုချက်ပေးရပြီး တိုင်းဒေသကြီးက ထောက်ခံချက်ပေးရတဲ့အဆင့်ပဲ ရှိပါတယ်။ တနင်္သာရီတိုင်းမှာဆိုရင် ဆားထုတ်လုပ်ရေးလုပ်ငန်းလောက်သာ တွေ့ရပါတယ်။ သစ်တော ဝန်ကြီး ဌာနလိုနေရာမျိုးမှာတော့ တိုင်းဒေသကြီးဝန်ကြီးဌာနဟာ သစ်မာမခုတ်ရဘူးလို့ သတ်မှတ်ထားတဲ့အတွက် သူ့ရဲ့ လုပ်ပိုင်ခွင့်က ဝါးဓနိလောက်ပဲ ရှိတော့မှာပေါ့လို့ ထောက်ပြသူတွေလည်း ရှိနေပါတယ်။
အခုလိုမျိုး လုပ်ပိုင်ခွင့်ကန့်သတ်ထားတာရှိပေမဲ့ လူထုကလည်း သူတို့တင်တဲ့ အစိုးရဆိုတော့ မျှော်လင့်ချက်ကလည်းမြင့်၊ ဖိအားတွေပေးတာတွေလည်း ရှိလာသလို နိုင်ငံတော်အတိုင်ပင်ခံကိုလည်း အခြေနေအမှန်ကို မပြောရဲတော့ တိုင်းဒေသကြီးအစိုးရတွေဟာ ကြားညပ်တဲ့သဘော ဖြစ်နေတယ် လို့ လေ့လာသူ တချို့ကလည်း ဆိုပါတယ်။
စည်ပင်သာယာလို ကိစ္စကိုတော့ တိုင်းနဲ့ပြည်နယ်တွေက ကိုယ့်နေရာမှာ ကြိုက်သလို လုပ်နိုင်ပါတယ်၊ အဲဒါကို ကောင်းကောင်းမလုပ်နိုင်၊ ရလဒ်ထွက်အောင် မလုပ်နိုင်ရင်တော့ သက်ဆိုင်ရာဝန်ကြီးချုပ်တွေ၊ စည်ပင်ဝန်ကြီးတွေ ရဲ့ အားနည်းမှုလို့ ပြောနိုင်ပါလိမ့်မယ်။
"သစ်တောလို ဝန်ကြီးဌာနမျိုးကတော့ ပြည်ထောင်စုနဲ့ ညိနှိုင်းလုပ်တာက ပိုကောင်းပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုပါ စဉ်းစားဖို့လိုတော့ ညိနှိုင်းပေါင်းစပ်ပြီးလုပ်တာ ပိုကောင်းပါတယ်။"
ဒါကတော့ ဝန်ကြီးချုပ်ဟောင်း ဦးမြတ်ကိုရဲ့ အမြင်ဖြစ်ပါတယ်။
လျှပ်စစ်စွမ်းအင်လိုမျိုး အချို့ ဌာနဆိုင်ရာတွေက တိုင်းနဲ့ ပြည်နယ် အစိုးရတွေရော ပြည်ထောင်စုအစိုးရတွေရော နှစ်ခုစလုံးကို သတင်းပို့၊ တာဝန်ခံရပါတယ်။ ဆိုလိုတာက လျှပ်စစ်စွမ်းအင်လိုမျိုးကို ပြည်ထောင်စုကလည်း ကိုင်သလို တိုင်းနဲ့ပြည်နယ်ကလည်း ကိုင်ပါတယ်။
"လျှပ်စစ်စွမ်းအင်လိုမျိုးကို ကျွန်တော်တို့ကတော့ ညှိနှိုင်းပြီး လုပ်ပါတယ်။ တနင်္သာရီတိုင်းမှာ မဟာဓာတ်အားလိုင်းမရသေးတုန်းက သမ္မတဆီ တိုက်ရိုက်သွားပြီး တင်ပြပါတယ်" လို့ ဦးမြတ်ကို ကပြောပါတယ်။

လုပ်ပိုင်ခွင့်
အဲ့ဒီလိုမျိုး တိုင်းနဲ့ပြည်နယ်နဲ့ ပြည်ထောင်စုအစိုးရနှစ်ခုစလုံး ရောထွေးကိုင်တွယ်တဲ့ ဌာနတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ဌာနဆိုင်ရာတွေမှာ အစိုးရနှစ်ခုကြား ဗျာများရတတ်ပါတယ် အစိုးရနှစ်ခုကလည်း သူလုပ်နိုးနိုး ငါလုပ်နိုးနိုး ဖြစ်နိုင်ပါတယ်။ သူ့တာဝန်လိုလို ငါ့တာဝန်လိုလို ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် ရောထွေးနေတာက တိုင်းနဲပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးတွေရဲ့ လုပ်ပိုင်ခွင့် ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရဲ့ ညွန်ကြားမှုနဲ့ လုပ်ရမှာလိုလို ပြည်ထောင်စုဝန်ကြီးရဲ့ ညွန်ကြားမှုကို လုပ်ရမှာလိုလို ဖြစ်နေတာပါ။
ဥပမာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီခရီးစဉ်မှာ မြန်မာပြည် တောင်ဘက်ခြမ်း ကော့သောင်း-ဘုတ်ပြင်း ဆီအုန်းခြံဖြတ်လမ်းကို ပိတ်ထား၊ ဂိတ်တားထားတာကို တင်ပြကြပါတယ်။ အဲဒီကိစ္စအတွက် တနင်္သာရီအစိုးရက တာဝန်ရှိတယ်၊ သူတို့လုပ်တယ်လို့ တိုင်ထားကြတာပါ။
ဒါပေမဲ့ ဒါတွေဟာ ပြည်ထောင်စုက တိုက်ရိုက်ကိုင်တွယ်တာ ဖြစ်ဖို့များပြီး တနင်္သာရီ အစိုးရကတော့ တာဝန်ခံရတာမျိုးလည်း ရှိနိုင်ပါတယ်။
ဒေသခံတွေ အပြောအရ နိုင်ငံတော်အတိုင်ပင်ခံ အမိန့်နဲ့ ဖေဖော်ဝါရီနောက်ဆုံးပတ်က ပြန်ဖွင့်ခိုင်းလိုက်ပြီလို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ "ဥပဒေနဲ့မညီရင် ရှင်းလိုက်ပေါ့"လို့ပြောပြီး ခပ်လွယ်လွယ် ရှင်းခိုင်းနိုင်ပေမဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးဌာနက အခြားအချက်တွေပါ ထည့်စဉ်းစားရနိုင်ပါတယ်။
ဒါမျိုးပြဿနာဟာ ရန်ကုန်တိုင်းမှာလည်း တွေ့နိုင်ပါတယ်။ ဥပမာ- ရန်ကုန်-မင်္ဂလာဒုံ-ရွှေပေါက်ကံကိုဖြတ်တဲ ဇေကမ္ဘာဝင်း ဖြတ်လမ်း ပိတ်တဲ့ပြဿနာ ဖြစ်ပါတယ်။
Asia Foundation က ၂၀၁၈ မှာ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာတော့ ပြည်ထောင်စုအစိုးရအနေနဲ ဗဟိုချုပ်ကိုင်မှုကို လျှော့ချပြီး ဥပမာ လူမှုရေးလို ပညာရေးလို နေရာတွေ အပါအဝင် ပြည်နယ်တိုင်းဒေသကြီး အစိုးရ့အဖွဲ့ ဝန်ကြီးတွေရဲ့ လုပ်ပိုင်ခွင့်တွေ ပိုပြီး ရှင်းရှင်းလင်းလင်း ရှိလာဖို့ အကြံပြုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dawei watch
တိုင်းဒေသကြီးဝန်ကြီးချုပ် လုပ်ပိုင်ခွင့်ဘယ်လောက်ရှိသလဲ
တကယ်တမ်း မြန်မာနိုင်ငံက တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်တွေဟာ ၂၀၀၈ အခြေခံဥပဒေအရ တခြားနိုင်ငံက မြို့တော်ဝန်တွေလောက်တောင် လုပ်ပိုင်ခွင့်မရှိကြဘူးလို့ အင်္ဂလန်နိုင်ငံ ဘရစ္စတိုလ် တက္ကသိုလ်မှာ ပြည်သူ့ရေးရာ မူဝါဒလေ့လာနေသူ မြန်မာ ကျောင်းသား ကိုသူရိန်လှိုင်က ပြောပါတယ်။
ဒါကြောင့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးဟာ မြန်မာနိုင်ငံအတွက် အထူးအရေးကြီးပါတယ်။ အခြေခံဥပဒေကိုလည်း ပြင်ဖို့လွှတ်တော်ထဲမှာ လုပ်နေကြတာမို့ တစ်ခါတည်း ပြင်လိုက်နိုင်ရင် ၂၀၂၀ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ်အစိုးရတွေအတွက် ကောင်းမွန်တဲ့တိုးတက်မှု ဖြစ်နိုင်ပါတယ်။ အဓိက ပြင်ချင်နေတဲ့အချက်တွေ အများအပြားရှိနိုင်ပေမဲ့ ပြည်ထောင်စုက ဗဟိုချုပ်ကိုင်မှုလျှော့လာနိုင်အောင် ပြင်နိုင်မယ်ဆိုရင် ပဲ ကြီးမားတဲ့ အပြောင်းအလဲကြီးတစ်ခု ဖြစ်ပါတယ်။
အခုတော့ ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေ ဝန်ကြီးတွေဟာ ထစ်ကနဲဆို အဆူခံရတဲ့ ကျောင်းသားတွေလိုဖြစ်နေပြီး လူထုကလည်း အစိုးရဘာလုပ်နေလဲဆိုတဲ့ အမြင်မျိုးသာ ရှိကြပါတယ်လို့ ကိုသူရိန်လှိုင်က ပြောပါတယ်။ မန္တလေးလို တတ်သိနားလည်သူတွေ နေရာပေးထားတဲ့ အစိုးရကတော့ သူလုပ်ပိုင်ခွင့်ရှိတဲ့ စည်ပင်လိုကိစ္စတွေမှာ အမှတ်ရပါတယ်။
ဒါလည်း နိုင်ငံရေးအရပါးနပ်မှု လို့ပြောလို့ရပါတယ်။ တနင်္သာရီ၊ ချင်း၊ ကချင်တို့မှာကတော့ ဒီလိုမျိုးမဟုတ်ပါဘူး။ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းနဲ့တိုင်း NLD ဥက္ကဌ ဦးအောင်စိုးတို့ကို စုံစမ်းစစ်ဆေးပေးဖို့ ဒေသခံတွေနဲ့ တိုင်းလွှတ်တော်အမတ်တွေလက်မှတ် ရေးထိုး တင်ပြထားတဲ့အပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးတွေ့ရှိချက် အတိုင်းသာ အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က တနင်္သာရီတိုင်းခရီးစဉ်အတွင်း ပြောကြားထားပါတယ်။
ဒါပေမယ့်လည်း အချိန် တစ်လကျော်ကြာတဲ့အထိ ဒီကိစ္စနဲ့ပတ်သက်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံကနေ တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။

၂၆၁ သို့မဟုတ် ဗဟိုချုပ်ကိုင်မှု လျှော့ချရေး
အခြေခံဥပဒေပြင်ဆင်ရေးမှာ အခုရက်ပိုင်းပြောဆိုနေကြတာက ပုဒ်မ၂၆၁ ပါ၊ ဒီပုဒ်မက တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေရွေးချယ်မှုကို အဓီကထင်ဟပ်တဲ့ ဥပဒေပါ ကြံ့ခိုင်ရေးက လွှက်တော်မှာ ဆွေးနွေးဖို့တင်ပြီးရခိုင်ပါတီက ထောက်ခံပါတယ်။ ရခိုင်တိုင်းဒေသကြီးလွှတ်တော်မှာ ၂၀၁၅ရွေးကောက်ပွဲတုန်းက ရခိုင်ပါတီကနေရာအများဆုံး နိုင်ခဲ့ပေမဲ့ သမ္မတက ဝန်ကြီးချုပ်ကို တိုက်ရိုက်ခန့်ခဲ့သလို ဝန်ကြီးချုပ်ကပဲ အစိုးရဖွဲ့ဝင်ဝန်ကြီးတွေ ပြန်ခန့်တာဖြစ်ပါတယ်။ ရှမ်းမှာလည်း ဒီလို ပြဿနာ ရှိခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခြေခံဥပဒေပြင်ဆင်ရေး ကော်မတီဖွဲ့နေချိန်မှာ အရင်အာဏာရပါတီဖြစ်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီက သီးခြားတင်တာ ဖြစ်ပါတယ်။ ဒီဟာကတော့ လွှတ်တော်မှာဆက်ပြီး ဆွေးနွေးဖို့ရှိသလို အာဏာရပါတီကလည်း ပြင်ပုံပြင်နည်းကိုပဲ သဘောမတူတာ ဖြစ်ပါတယ်။
တိုင်းဒေသကြီး အစိုးရတွေ စွမ်းဆောင်ရည်မြင့်လာဖို့အချိန်ကိုက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုတည်းမပြင်ဖို့နဲ တခြားပြင်သင်တာတွေပါဖို့ပါ အဲန်အယ်ဒီက ပြောထားပြီး ဒီနေရာမှာ တိုင်းရင်းသားပါတီ အချို့ကတော့ ကြံ့ခိုင်ရေး ပါတီကို ထောက်ခံပါတယ်။ ဒီဟာသာ ပြင်ဖြစ်ရင် ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း မျက်နှာစာတစ်ခု ထွက်ပေါ်လာနိုင်တဲ့ လားရာသစ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် အားလုံး သဘောကျတဲ့ အချက်ကို ပြင်ဖို့တောင်မှ အကန့်သတ်တွေ ရှိနေတော့ ဗဟိုချုပ်ကိုင်မှုလျှော့ချရာမှာလည်း အကန့်အသတ်တွေ ရှိနေဦးမှာပါပဲ ဖြစ်ပါတယ်။








