အလင်္ကာပုလဲပန်း - ပန်ထွေဖျော်၊ ပင်တာဂွန်နဲ့ငါးမျိုး၊ ငါးထွေ၊ ငါးလီ ငါးစကား

ပန်ထွေဖျော်

ပန်ထွေဖျော်ကိုသိကြသလား။

သိတာပေါ့။ ခရမ်းချဉ်သီးမီးဖုတ်ထောင်းတာပဲ။ ဗမာတွေ သိပ်ကြိုက်တဲ့အစာပေါ့လို့ ဖြေကြမှာပါပဲ။ အဲဒီဟင်းကို ဘာလို့ ပန်ထွေဖျော်ခေါ်တာလဲလို့ ဆက်မေးရင်တော့ သိသူလည်းရှိ၊ မသိသူလည်းရှိပါလိမ့်မယ်။

ပန်ဆိုတာကငါးပါ။ ထွေဆိုတာက အထွေထွေအလီလီ။ ဖျော်ဆိုတာကတော့ ရောလိုက်တာ၊ ဖျော်လိုက်တာ၊ ပေါင်းစပ်လိုက်တာကို ပြောတာပါ။ ပန်ထွေဖျော်ဆိုတဲ့ ဟင်းလျာမှာ ခရမ်းချဉ်သီးရယ်၊ ငရုပ်သီးရယ်၊ ငါးပိရယ်၊ နံနံပင်ရယ်၊ ကြက်သွန်နီရယ် မဖြစ်မနေပါရမယ်လို့ ဆိုကြသကိုး။ ဒါကတော့ အခြေခံဆိုပါတော့လေ။ အခုခေတ်မှာတော့ ကိုယ့်အကြိုက်အပေါ် မူတည်ပြီး ကွန့်ကြ၊ ညွန့်ကြ၊ ပတွန့်ကြတာလည်း အမျိုးမျိုးရှိသပေါ့။ ပုစွန်ခြောက်တို့၊ ကြက်သွန်ဖြူတို့ထည့်တဲ့သူလည်းရှိ၊ ဟင်းချိုမှုန့်တို့ မြေပဲဆန်တို့ထည့်တဲ့သူလည်း ရှိကြရဲ့။

ပန်ကိုငါးလို့ခေါ်တာက ဘာစကားလဲလို့ မေးစရာရှိပါတယ်။ ပါဠိစကားပါ။ ပါဠိလို့ ငါးကို ပဉ္စလို့ခေါ်ပါတယ်။ ပဉ္စဆိုတာကလည်း ဗမာကထွက်တဲ့အသံထွက်ပါ။ အင်ဒိုဥရောပအနွယ်တွေက အသံထွက်ကြရင်တော့ ပန်ဂျ လို့ ထွက်ပါတယ်။ ပန်ဆိုတာ အဲဒီပန်ဂျရဲ့ အတိုကောက်ဖြစ်ပါတယ်။

ပင်တာဂွန်

အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ပင်တာဂွန်စစ်ဌာနချုပ်ရဲ့ နာမည်ကလည်း အင်္ဂလိပ်စကားစစ်စစ်မဟုတ်ဘဲ ပါဠိသက်စကားဆိုတာကိုတော့ သတိထားမိသူ နည်းပါတယ်။

ဒါကိုကောင်းကောင်းသတိထားမိတာက ဆရာကြီးဦးထွန်းတင့်ပါ။

"အမေရိကန်မှာရှိတဲ့ ပင်တာဂွန်ဆိုတာလည်း ပဉ္စကောဏပဲဗျ။ ပဉ္စကောဏကို အသံထွက်တော့ ပဉ္စဂေါဏလို့တော့ အသံထွက်တတ်ကြတာပေါ့လေ။ အမှန်ကတော့ သူ့စာလုံးပေါင်းအမှန်က ပဉ္စကောဏပါ။ ပဉ္စကောဏကို ပန်တာဂွန်လို့ ခေါ်လိုက်တာပဲ။ အင်္ဂလိပ်လို penta- ဆိုတဲ့ ရှေ့ဆက်စာလုံးရဲ့ အဓိပ္ပာယ်က ငါးပဲ။ gon ကထောင့်ကိုပြောတာ။ pentagon ဆိုတာ ထောင့်ငါးထောင့်ရှိတဲ့ နေရာကြီးအဆောက်အဦကြီးကိုပြောတာပဲဗျ။"

"ဒါဆိုပဉ္စကောဏနဲ့ကွက်တိပဲပေါ့။ ဟုတ်လားဆရာ။"

"ဟုတ်တယ်ဗျ။ ပဉ္စက သူတို့အသံထွက်တော့ ပန်ဂျပေါ့ အဲဒီပန်ဂျကနေ ပန်တာ ဖြစ်တာ။ ကောဏဆိုတဲ့ ပါဠိစကားကလည်း တကယ်တော့ သူတို့အင်္ဂလိပ်စကားမှာ ခေါ်တဲ့ corner နဲ့အတူတူပဲဗျ။ ထောင့်ကိုပြောတာ။"

ထောင့်ငါးထောင့်ပုံသဏ္ဍန်ရှိတဲ့ အမေရိကန်စစ်ဌာနချုပ် ပင်တာဂွန်ဟာ ပဉ္စကောဏ ဒါမှမဟုတ် ကျွန်တော်တို့ငယ်ငယ်က ကျောင်းမှာသင်ခဲ့ကြရသလို ပဉ္စဂံကို ဆိုလိုတာပါပဲ။

ပန္န

နောက်ထပ် စကားလုံးတလုံးက ပန္နပါ။ ပါဠိအဘိဓာန်မှာ ပန္နကိုလည်း ငါးလို့ အဓိပ္ပာယ်ပေးပါတယ်။

"ပန္နနဲ့ ပဉ္စလည်း အတူတူပါပဲ။ နှစ်ခုစလုံးငါးကို ပြောတာချည်းပါပဲ။ မြန်မာလို အသံထွက်ကြတော့ ပဉ္စလို့ထွက်တာပေါ့ဗျာ။ ပါဠိမှာဆိုရင်တော့ ပဉ္စလို့ထွက်မှာမဟုတ်ဘူး။ ပန်ဂျလို့ထွက်မှာ။ အဲဒီပန်ဂျကနေပဲ ပဉ္စလို့လည်း ဖြစ်လာသလို ပန္နလို့လည်းဖြစ်လာတာပေါ့။ ဒါ့ကြောင့်မို့ကျွန်တော်တို့ ဆယ့်ငါးရက်လို့ ပြောတဲ့ ပါဠိဆိုရင် ပန္နရသလို့ပြောတယ်။ ပန္နဆိုတာငါး ရသ ဆိုတာ တဆယ်ပေါ့လေ။ ပန္နရသဆိုတာ ဆယ့်ငါးပေါ့။"

ပန္နရသကို တခါတလေမှာ ပန္နရသီလို့လည်း ခေါ်ပါတယ်။

ပဉ္စကလျာဏီ

ပုဂံရာဇဝင်မှာ ဝေသာလီက မင်းသမီး ပဉ္စကလျာဏီဆိုတာ ကြားဖူးကြမှာပါ။ ကျန်စစ်သားရဲ့မယ်တော်လို့ ဆိုပါတယ်။ ပဉ္စကလျာဆိုတာ ငါးပါးသော ကောင်းခြင်းအင်္ဂါ လက္ခဏာကို ဆိုတာပါ။ ပဉ္စကလျာဏီဆိုတာ မိန်းမတို့ရဲ့ ကောင်းခြင်းအင်္ဂါငါးပါးနဲ့ ပြည့်စုံသူကိုဆိုပါတယ်။

ပဉ္စငါးပါး

တိုင်းရင်းဆေးပညာမှာ ပရဆေးပင်တပင်ရဲ့ ပဉ္စငါးပါးဆိုတာဟာ အသီး၊ အပွင့်၊ အရွက်၊ အမြစ်၊ အခေါက်အရိုးတို့ကို ဆိုလိုတာဖြစ်ပါတယ်။

ပဉ္စရူပ

ဆိုင်းဝိုင်းကြီးတွေမှာ ပဉ္စရူပအရုပ်နဲ့ အလှဆင်လေ့ရှိပါတယ်။ ပဉ္စကငါး၊ ရူပကရုပ်ပါ။ ပဉ္စရူပဆိုတာ ရုပ်အသွင်ငါးမျိုးရောစပ်ထားတဲ့ အကောင်ကိုဆိုလိုပါတယ်။ ဆင်နှာမောင်း၊ စာမရီခေါင်း၊ မြင်းခြေမြင်းလက်၊ ငှက်အတောင်၊ ငါးကြင်းမြီးဆိုတဲ့ သတ္တဝါငါးမျိုးရဲ့ ရုပ်အသွင်တွေ ပေါင်းစပ်ထားလို့ ပဉ္စရူပလို့ခေါ်ပါတယ်။

ပဉ္စဝဂ္ဂီ

ရဟန်းငါးပါးကို ဆိုလိုပါတယ်။ မြတ်စွာဘုရားက တရားဦးဟောခဲ့တဲ့ ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ ဆိုတဲ့ရဟန်းငါးဦးကို ပဉ္စဝဂ္ဂီခေါ်ပါတယ်။

ပဉ္စနန္တိယကံ

ဗုဒ္ဓဘာသာအယူအရ အနန္တောအန္တငါးပါးကို ပြစ်မှားကျူးလွန်လို့ ထိုက်တဲ့ကံကိုဆိုလိုပါတယ်။ ၁။ အမိကိုသတ်ခြင်း ၂။ အဖကိုသတ်ခြင်း ၃။ ရဟန္တာကို သတ်ခြင်း ၄။ ဘုရားကို သွေးစိမ်းတည်အောင်ပြုလုပ်ခြင်း ၅။ သံဃာကွဲပြားအောင် ပြုလုပ်ခြင်း တို့ဖြစ်ပါတယ်။

ပဉ္စင်တူရိယ

တူရိယာငါးပါးကိုပြောတာပါ။ ကြေး၊ ကြိုး၊သားရေ၊ လေ၊ လက်ခုပ်ဆိုတဲ့ ငါးမျိုးကို ဆိုလိုပါတယ်။

ပဉ္စင်း

အင်္ဂါငါးပါးနဲ့ ပြည့်စုံတဲ့အတွက် ပဉ္စအင်္ဂ၊ ပဉ္စင်၊ ပဉ္စင်းလို့ခေါ်ပါတယ်။ အင်္ဂါငါးပါးဆိုတာက ၁။ ရဟန်းလောင်း၊ ၂။ ကမ္မဝါအစချီစကား၊ ၃။ ကမ္မဝါကံဆောင်စာ၊ ၄။ အနည်းဆုံးငါးပါးရှိတဲ့ သံဃာပရိသတ်၊ ၅။ ရဟန်းခံရာသိမ် တို့ဖြစ်ပါတယ်။