ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကမ္ဘောဒီးယားကို ဒီမိုကရေစီ ထူထောင်ပေးဖို့ ကြိုးစားတဲ့ ကုလအိပ်မက် ပျက်ပြီလား
- ရေးသားသူ, ကယ်ဗင် ပွန်းနီးယား
- ရာထူးတာဝန်, ဘီဘီစီသတင်း
၁၉၉ဝ ပြည့်လွန် အစောပိုင်းနှစ်တွေတုန်းက ကမ္ဘောဒီးယားကို လစ်ဘရယ် ဒီမိုကရေစီ နိုင်ငံ ဖြစ်အောင် နိုင်ငံတကာက ကြိုးစားခဲ့ကြပါတယ်။ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်တွေက တဆင့်ပါ။
၂၅ နှစ်ကြာတဲ့အခါမှာတော့ ဒီမှာ ကုလသမဂ္ဂ မလာခင်ကတည်းက အုပ်ချုပ်ခဲ့တဲ့ ဟွန်ဆန်ပဲ နိုင်ငံကို ဆက်အုပ်ချုပ်နေပြီး တဘက်သတ် ရွေးကောက်ပွဲလည်း လုပ်ခဲ့ပါတယ်။
ဆိုဖောင်ဟာ မဲတပြားရဲ့ တန်ဖိုးကို နားလည်သူပါ။ သူ့ဘဝအစမှာ ခမာနီ လက်အောက်မှာ ကြီးပြင်းခဲ့ရပြီး ကလေးစုပေါင်း လုပ်အားပေးစခန်းမှာ နေခဲ့ရပါတယ်။ လေးနှစ်အတွင်း လူ နှစ်သန်း သေဆုံးခဲ့တဲ့ ခမာနီခေတ်မှာ ဆိုဖောင့် အဖေလည်း ကွယ်လွန်ခဲ့ပါတယ်။ ဗီယက်နမ်တွေ သူ့နိုင်ငံကို ဝင်သိမ်းတော့လည်း သူ့ပညာရေး နှောင့်နှေးခဲ့ပါတယ်။
၁၉၉၂ မှာ သူ အထက်တန်းကျောင်းတက်နေတုန်း ကုလသမဂ္ဂရဲ့ ခမောက်ပြာတပ်သားတွေ ကမ္ဘောဒီးယားကို ရိုက်လာပါတယ်။ သူ့ရဲ့ မတတ်တတတ် အင်္ဂလိပ်စကားလေးနဲ့ ငြိမ်းချမ်းရေးတပ်တွေနဲ့ အဆက်အသွယ်ရလာပါတယ်။ ပရေဗန်နယ်က စျေးတစျေးမှာ လာဝယ်တဲ့ အိန္ဒိယ စစ်ဗိုလ်တယောက်နဲ့ ဇနီးကို ကူပေးရင်း သိသွားခဲ့တာပါ။
"ဒါ ကျွန်တော့်ဘဝမှာ ပထမဆုံး နိုင်ငံခြားသားနဲ့ အင်္ဂလိပ်လို ပြောဖူးတာပါ" လို့လည်း ဆိုပါတယ်။ " ဒီစစ်ဗိုလ်က မေးတယ်၊ မင်း အန်းတက်မှာ လုပ်ချင်လားတဲ့ "။ အန်းတက်က ကမ္ဘောဒီးယားမှာ အသွင်ကူးပြောင်းရေး တာဝန်ယူတဲ့ ကုလသမဂ္ဂ အာဏာပိုင် အဖွဲ့ ဖြစ်ပါတယ်။
၁၉၇၅ ကတည်းက ကမ္ဘာနဲ့ အဆက်ပြတ်နေတဲ့ နိုင်ငံထဲကို နိုင်ငံစုံက စစ်သားနဲ့ရဲ နှစ်သောင်းကျော် ရောက်လာကြပါတယ်။ သူတို့လုပ်ရတဲ့ အလုပ်က ကုလသမဂ္ဂမှာ တခါမှ မလုပ်ဖူးတဲ့ အလုပ်မျိုးပါ။ လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံရဲ့ အုပ်ချုပ်ရေး ကို တာဝန် ဝင်ယူပြီး ရွေးကောက်ပွဲ ကျင်းပပေးရတာ ဖြစ်ပါတယ်။ ဒီမှာ ပြည်တွင်းစစ်ဖြစ်နေကြတဲ့ အုပ်စုတွေကို အပစ်ရပ်အောင် လုပ်ပေးရတာ၊ လက်နက်ဖြုတ်တာနဲ့ ထိုင်းနယ်စပ်မှာ ရောက်နေကြတဲ့ ထောင်ချီတဲ့ ဒုက္ခသည်တွေကို ပြန်လာအောင် လုပ်ပေးရတာတွေလည်း ပါဝင်ပါတယ်။
ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး နိုင်ငံတနိုင်ငံကို ဒေါ်လာသန်းချီပြီး ဝင်လာပါတယ်။ ငွေကြေးဖောင်းပွမှုကလည်း ပိုဆိုးလာပါတယ်။ ကုလသမဂ္ဂ စစ်သားတွေ ရောက်လာလို့ ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေ ပြည့်တန်ဆာတွေ ဖြစ်လာပြီး အေအိုင်ဒီအက်စ် ရောဂါပြန့်ပွားမှုက ထောင်တက်လာပါတယ်။
ဒါပေမဲ့ ကုလသမဂ္ဂ ဝင်လာလို့ပဲ ထောင်နဲ့ချီသူတွေ အလုပ်ရကြပြီး လည်တဲ့ စီးပွားရေးသမားတွေနဲ့ အကျင့်ပျက် အရာရှိတွေ အတွက် စီးပွားရေး အခွင့်အလမ်းတွေ ပေါ်လာပါတယ်။
မကြာခင်မှာ ဆိုဖောင်လည်း မဲစာရင်းကောက်တဲ့ အရာရှိ တယောက် ဖြစ်လာပါတယ်။ ရွာစဉ်လျှောက်ပြီး ရွေးကောက်ပွဲလုပ်မယ့် အကြောင်း လူတွေသိအောင်၊ မဲစာရင်းမှာပါအောင် စည်းရုံးရပါတယ်။ လူချစ်လူခင်များပြီး ဂီတကို ဝါသနာပါတဲ့ ပြင်သစ်လိုလည်း အပြောကောင်းတဲ့ ဘုရင်ဟောင်း မင်းသားကြီး သီဟာနုလည်း နိုင်ငံကို ပြန်လာပါတယ်။ လူအများစုကတော့ အိပ်မက်ဆိုးက နိုးထလာပြီး နိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်ရတော့မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။
"လူတွေက အန်းတက်ကြောင့် ဘုရင်ပြန်လာပြီး တိုင်းပြည် အခြေအနေကောင်းတော့မယ် ထင်ကြသလို ပျော်နေကြတယ်၊ အရင်လို ခေတ်ကောင်းကြီး ပြန်လာတော့မယ် ထင်ကြတယ် " လို့ ဆိုဖောင်က ပြောပါတယ်။
အန်းတက်မှာ ပြန်ကြားရေးနဲ့ ပညာရေး ဌာနကို ကိုင်ခဲ့တဲ့ တင်ကာနေကတော့ သူ အဓိကထား လုပ်ရတာက ကမ္ဘောဒီးယားရဲ့ ပထမဆုံး လွတ်လပ်တဲ့ အသံလွှင့်ဌာနတခုကို တည်ထောင်ရတာလို့ ပြောပါတယ်။ ဒီအသံလွှင့်ရုံကနေ လျှို့ဝှက် မဲပေးစနစ် လုပ်မယ့်အကြောင်း လူတွေလက်ခံလာအောင် ပြောရပါတယ်။ ခမာနီအောက်မှာ နေခဲ့ရတဲ့ လူတွေအဖို့ ဒါက အရေးကြီးပါတယ်။ လူတွေကို နာနတ်သီးလို မျက်လုံးတထောင်နဲ့ စောင့်ကြည့်နေတယ်လို့ ခမာနီခေတ်က ကြုံးဝါး ခဲ့တာပါ။
၁၉၈ဝ ကျော်တွေတည်းက ဗီယက်နမ်ထောက်ခံတဲ့ ဟွန်ဆန် အစိုးရနဲ့ တိုက်နေတဲ့ ခမာနီတွေ လက်နက်ချပြီး ဒီရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်လို့ ကာနေတို့ အဖွဲ့က မျှော်လင့်ခဲ့ပါတယ်။
၁၉၉၁ မှာ ခမာနီတွေနဲ့ ပဲရစ် ငြိမ်းချမ်းရေး သဘောတူစာချုပ် ထိုးပြီး အန်းတက်အဖွဲ့ နိုင်ငံထဲ ဝင်လာနိုင်ခဲ့ပါတယ်။ နိုင်ငံကြီးတွေရဲ့ စစ်အေးတိုက်ပွဲကြောင့် ထောင်းထောင်းကြေခဲ့ရတဲ့ နိုင်ငံမှာ ပဋိပက္ခတွေ ပြေငြိမ်းအောင် လက်မှတ်ထိုး ခဲ့ကြတာ ဖြစ်ပါတယ်။
စစ်အေးပြီးတဲ့နောက် နိုင်ငံခြားတိုင်းပြည်တွေ ပြန်ဆုတ်ပြီး နိုင်ငံရေးကို ကမ္ဘောဒီးယားတွေ လက်ထဲ ပြန်အပ်ဖို့ အချိန်လို့လည်း ကာနေက ဆိုပါတယ်။
ဒါပေမဲ့ ခမာနီက ရွေးကောက်ပွဲကို သပိတ်မှောက်ပြီး ငြိမ်းချမ်းရေးတပ်တွေကို တိုက်ခိုက်ပါတယ်။ ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီကလည်း အကြမ်းဖက် ခြိမ်းခြောက်မှုတွေနဲ့ ရွေးကောက်ပွဲကို နှောင့်ယှက်ပါတယ်။ ကမ္ဘောဒီးယားမှာ ဗီယက်နမ်ဝင်လာပြီးနောက်ပိုင်း ဟွန်ဆန်က နိုင်ငံမှာ အုပ်စိုးလာပြီး ဆယ်စုနှစ်တွေနဲ့ချီ အုပ်စိုးမှုရဲ့အစဖြစ်တယ် လို့လည်း ကာနေကပြောပါတယ်။
"ဟွန်ဆန်နဲ့လူတွေ အာဏာကို ဆက်ကိုင်ထားချင်တာက သေချာတယ် "လို့လည်း ဆိုပါတယ်။
ဒီလို မရေမရာ အခြေအနေတွေကြားက ၁၉၉၃ မေလကုန်ပိုင်းမှာ ကမ္ဘောဒီးယား လေးသန်းကျော် မဲထွက်ပေးကြပါတယ်။ ဝတ်ကောင်းစားလှတွေ ဝတ်ပြီး နေပူအောက်မှာ မဲပေးဖို့ အကြာကြီး စောင့်ခဲ့ကြပါတယ်။
ပွဲတော်ကြီးပါပဲ လို့လည်း မစ္စတာ ကာနေက ပြောပါတယ်။ အဆုံးသတ်တော့ မဲပေးသူက ၉ဝ ရာခိုင်နှုန်း ရှိပြီး သီဟာနုရဲ့ သားတော် ရာနာရစ် ခေါင်းဆောင်တဲ့ ဖွန်ဆင်ပက်ပါတီ အနိုင်ရပါတယ်။
ကမ္ဘောဒီးယား သမိုင်းအကျဉ်း
- ၁၉၇၅ ဧပြီ - ခမာနီက အမေရိကန် ဘက်သား အစိုးရကို ဖြုတ်ချပြီး နိုင်ငံနာမည်ကို ဒီမိုကရက်တစ် ကမ်ပူးချားလို့ ပြောင်း
- ၁၉၇၉ ဇန်နဝါရီ - ဗီယက်နမ်တပ်တွေ ဖနွမ်ပင်ကို သိမ်းပြီး ခမာနီတွေ ထိုင်းနယ်စပ်ကို ဆုတ်ခွာ
- ၁၉၈၅ ဇန်နဝါရီ - ဟွန်ဆန် ဝန်ကြီးချုပ်ဖြစ်လာ
- ၉၉၁ အောက်တိုဘာ - ပဲရစ် ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ထိုးပြီး ကုလတပ်တွေ ဝင်ဖို့ အစပျိုး
- ၁၉၉၃ မေ- ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲလုပ်
ဒါပေမဲ့ ဟွန်ဆန်နဲ့ ပါတီက ဒီရလဒ်ကို ပယ်ချပြီး ညွန့်ပေါင်း ဖွဲ့ဖို့ ကြိုးစားပါတယ်။ နိုင်ငံအရှေ့ပိုင်းမှာ ခွဲထွက်ရေး လှုပ်ရှားမှု ရှိတယ်လို့ အကြောင်းပြတာပါ။ ကုလသမဂ္ဂလည်း လက်မြှောက်ပြီး ဘုရင်ပြန်ဖြစ်လာတဲ့ သီဟာနုက ရာနာရစ်နဲ့ ဟွန်ဆန် နှစ်ယောက်စလုံးကို ဝန်ကြီးချုပ် ခန့်ခဲ့ပါတယ်။
ဒီနိုင်ငံရေး အာဏာခွဲမှုက ၁၉၉၇ ထိပဲ ခံပါတယ်။ ရာနာရစ်ကို ဟွန်ဆန်က မောင်းထုတ်ပြီး အာဏာသိမ်းလိုက်ပါတယ်။ ဟွန်ဆန် အစိုးရက ခမာနီကို လုံးဝ ချေမှုန်းလိုက်ပြီး ၁၉၉၈၊ ၂ဝဝ၃၊ ၂ဝဝ၈ နဲ့ ၂ဝ၁၃၊ ၂ဝ၁၈ တွေမှာ ရွေးကောက်ပွဲတွေ ဆက်တိုက်နိုင်ပါတယ်။
ငြိမ်းချမ်းရေးနဲ့ စီးပွားရေး တိုးတက်မှု အလျင်အမြန် ရလာတဲ့အတွက် ပြည်သူ့ပါတီက အမှတ်ယူပါတယ်။ ဒါပေမဲ့လည်း နိုင်ငံမှာ ဒီမိုကရေစီ ဘောင်ကျုံ့လာတာနဲ့ ခြစားမှု၊ ပတ်ဝန်းကျင် ပျက်စီးမှု၊ အဓမ္မ မြေသိမ်းမှုတွေ အထိန်းအကွပ်မရှိ ဆက်ဖြစ်နေပါတယ်။
အန်းတက် အစပျိုးခဲ့တဲ့ အထဲက လွတ်လပ်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ရှင်သန်ခွင့်ပေးတာ၊ မီဒီယာ ကို ခွင့်ပြုတာတွေနဲ့ အတိုက်အခံတွေ မဲပြိုင်ခွင့် ပြုတာတွေ ရှိပေမယ့် နောက်ဆုံးတခေါက် ရွေးကောက်ပွဲမှာတော့ ဥရောပ သမဂ္ဂနဲ့ အမေရိကန်က ထောက်ခံဖို့ ငြင်းဆန်ခဲ့ကြပါတယ်။
တရုတ် ထောက်ခံမှု ရတဲ့ ဟွန်ဆန် အစိုးရက ဒါကို မတရားဘူးလို့ ဆိုပါတယ်။ ကမ္ဘောဒီးယားမှာ ပါတီ ၂ဝ လောက် ရွေးစရာ ရှိတယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ အဓိက အတိုက်အခံကို ပြိုင်ခွင့်မပေးလို့ ပြည်သူ့ပါတီကတော့ ဆက်နိုင်ဖို့ သေချာသွားပါတယ်။
ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေး ပါတီ၊ စီအန်အာပီကို အစိုးရက ကန့်ကွက်လို့ တရားလွှတ်တော်ချုပ်က မနှစ် နိုဝင်ဘာလ ကတည်းက ဖျက်သိမ်းခဲ့ပါတယ်။ ပါတီ ခေါင်းဆောင်ကိုလည်း အမေရိကန်နဲ့ ပေါင်းပြီး အစိုးရကို ဖြုတ်ဖို့ ကြံတယ် ဆိုပြီး ဗီယက်နမ် နယ်စပ်က လုံခြုံရေး အတင်းကျပ်ဆုံး ထောင်မှာ ထည့်ထားခဲ့ပါတယ်။ တနှစ်ကြာ ဖမ်းထားပြီး ၂ဝ၁၈ စက်တင်ဘာလကမှ အာမခံနဲ့ လွှတ်ပေးပြီး နေအိမ် အကျယ်ချုပ် ချထားလိုက်ပါတယ်။
ဒီလိုသာ မချေမှုန်းခဲ့ရင် တိုင်းပြည်မှာ စစ်ဖြစ်နိုင်တယ် လို့လည်း ဟွန်ဆန်က ရွေးကောက်ပွဲ မဲဆွယ်ရာမှာ ပြောကြား ခဲ့ပါတယ်။
သတင်းထောက်တွေ ဖမ်းတာနဲ့ လွတ်လပ်တဲ့ သတင်းဌာနတွေကို ပိတ်ပစ်တာတွေ ဖြစ်သလို ရွေးကောက်ပွဲ သပိတ်မှောက်ဖို့ တောင်းဆိုတဲ့ အတိုက်အခံ ဘက်သားတွေကိုလည်း ဆူပူအောင် လှုံဆော်တယ်လို့ ဆိုပါတယ်။
အတိုက်အခံ ခေါင်းဆောင်တွေလည်း နိုင်ငံတကာပတ်ပြီး အစိုးရကို ဒဏ်ခတ်ပိတ်ဆို့ဖို့ တောင်းဆိုနေရပါတယ်။
၂၅ နှစ်လုံး ဒီမိုကရေစီကို ပျိုးကြဲဖို့ ကြိုးစားခဲ့ပေမယ့် အခုတော့ သေပြီ၊ ဟွန်ဆန်က နိုင်ငံကို လုံးဝ ထိန်းထားလိုက်ပြီ လို့ စီအန်အာပီ ဒုတိယ ခေါင်းဆောင်ဟောင်း မူ ဆုတ်ဟူဝါက ပြောပါတယ်။
ပဲရစ် သဘောတူစာချုပ်မှာ လက်မှတ်ထိုးခဲ့သူတွေအတွက် ဝင်ဖြေရှင်းရမယ့် တာဝန် ရှိတယ်လို့လည်း သူက ဆိုပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ကမ္ဘောဒီးယားမှာ သူတို့လက်ချက်တွေ ပျောက်သွားအောင် ရှင်းလို့မရပါဘူး လို့လည်း ပြောပါတယ်။
ကမ္ဘောဒီးယားမှာ ဒီမိုကရေစီ ရအောင် ကုလသမဂ္ဂရဲ့ ကြိုးစားချက်ကတော့ လုံးဝ သေသွားပြီ ဖြစ်ပေမယ့် ဒီကြိုးပမ်းမှုက အလဟဿတော့ မဖြစ်ဘူးလို့ လော့အန်းဂျလိစ်က သံတမန်ရေးရာ တွဲဘက် ပါမောက္ခ ဆိုဖယ် အီးယားက ပြောပါတယ်။
ဟွန်ဆန် ဖြစ်ချင်တာ ဖြစ်ဖို့ ၂၅ နှစ် စောင့်ရတယ် ဆိုတာကို ဂုဏ်ယူသင့်တယ်လို့လည်း ဆိုပါတယ်။
၁၉၉၃ ကတည်းက မဲပေးခဲ့တဲ့ ဆိုဖောင်အတွက် မဲပေးရတာတွေက အလကားဖြစ်ခဲ့ပါတယ်။ ပြည်သူ့ပါတီက လက်ဝှေ့သမားလိုပဲ၊ တယောက်တည်း ထိုးနေတာ လို့လည်း ပြောပါတယ်။