ကမ္ဘောဒီးယား အတိုက်အခံ ပါတီ ပယ်ဖျက်ခံရ

ကမ္ဘောဒီးယား နိုင်ငံမှာ အစိုးရကို ပြုတ်ကျအောင် စီစဉ် ဆောင်ရွက်ခဲ့တဲ့ အတိုက်အခံ ကမ္ဘောဒီးယား အမျိုးသား ကယ်ဆယ်ရေး ပါတီကို တရားရုံးချုပ် ကနေ ပယ်ဖျက်လိုက်ပါတယ်။

ဒါကြောင့်လည်း ရွေးကောက်ခံ ဥပဒေပြု လွှတ်တော်အမတ်တွေ အပါအ၀င် ပါတီ၀င် ၁ဝဝ ကျော်ကိုလည်း နိုင်ငံရေး လုပ်ခွင့် ၅ နှစ် ပိတ်ပင်ခဲ့ပါတယ်။

ကမ္ဘောဒီးယား တရားသူကြီးချုပ်ဟာ ကမ္ဘောဒီယား ၀န်ကြီးချုပ် ဟွန်ဆန်နဲ့ နီးစပ်သူ တဦး ဖြစ်ပြီး တရားရုံး ဆုံးဖြတ်ချက်ဟာလည်း လာမယ့်နှစ်မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲ အတွက် ဖြစ်တယ်လို့ ပြောဆိုမှုတွေ ရှိပါတယ်။

ကမ္ဘောဒီယား ၀န်ကြီးချုပ် ဟွန်ဆန်ဟာ ခမာနီ တပ်မှူးဟောင်း တယောက် ဖြစ်ပြီး နိုင်ငံကို ၃၂ နှစ်ကြာ အုပ်ချုပ်နေသူ ဖြစ်ပါတယ်။

အတိုက်အခံတွေကို နှိပ်ကွပ်ဖို့ တရားရုံးနဲ့ လုံခြုံရေး အင်အားကို အသုံးချတယ် ဆိုပြီး သူ့ကို ဝေဖန်တာတွေ ရှိနေပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ ကို အတိုက်အခံပြုခွင့်ပေးခဲ့ပါတယ်။

တိုင်းပြည်တွင်း နေရာအနှံ ဖြစ်ပွားနေတဲ့ လာဘ်ပေးလာဘ်ယူမှု တွေကို လူထုက မကျေနပ်တာကြောင့် ဒီနှစ်အစောပိုင်းမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ CNRP ပါတီကို အများအပြား ထောက်ခံခဲ့ကြပါတယ်။

နောက်နှစ် ရွေးကောက်ပွဲမှာ အင်တိုက်အားတိုက် ဝင်ပြိုင်ဖို့ ပြင်ထားချိန်မှာ ခုလို ဖျက်သိမ်းခံရတာပါ။

ရွေးကောက်ပွဲကို ဆက်လုပ်မယ်လို့ ဟွန်ဆန်က ဆိုပါတယ်။

အစိုးရတိုင်ကြားချက် အရ တရားရုံးက စစ်ဆေးဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အမတ်နေရာ ၁၂၃ နေရာ ရှိတဲ့ ကမ္ဘောဒီးယား လွှတ်တော်က ၅၅ နေရာကိုလည်း အတိုက်အခံတွေ လက်လွှတ်ရမှာ ဖြစ်ပါတယ်။

ပါတီ ထိပ်တန်း ခေါင်းဆောင် Mu Sochua ကတော့ ပြည်ပကို တခြား အမတ်တွေနဲ့အတူ ထွက်ပြေး နေရပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဒါဟာ ကမ္ဘောဒီးယား ဒီမိုကရေစီရဲ့ နိဂုံးဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒီလို ပါတီဖျက်သိမ်းမှုအတွက် နိုင်ငံတကာက ကမ္ဘောဒီးယားကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ယူဂိုဆလားဗီးယား ၊ ဆားဘီးယားနဲ့ တူနီးရှားမှာလို အစိုးရကို ဖယ်ရှားပြီး အတိုက်အခံက အာဏာသိမ်းဖို့ ကြိုးစားခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရ ရှေ့နေက ရုံးမှာ လျှောက်လဲခဲ့ပါတယ်။

အမေရိကန် ထောက်ခံမှုနဲ့ အရောင် တော်လှန်ရေး ဆင်နွှဲဖို့ ကြံနေတယ် ဆိုပြီး အမေရိကန်နဲ့ ဆက်စပ်တဲ့ သတင်းဌာနတွေ၊ ကူညီရေး အဖွဲ့တွေနဲ့ CNRP ပါတီကို ကမ္ဘောဒီးယား အစိုးရက စွပ်စွဲနေတာ ကြာပြီ ဖြစ်ပါတယ်။

ဒီစွပ်စွဲချက်တွေကို အခြေအမြစ်မရှိဘူးလို့ အမေရိကန်ဘက်က ပယ်ချခဲ့ပါတယ်။

စက်တင်ဘာလက CNRP ခေါင်းဆောင် တယောက်ကို အမေရိကန် အကူနဲ့ အစိုးရကို ဖြုတ်ချဖို့ ကြံတယ် ဆိုပြီး သစ္စာဖောက်မှုနဲ့ စွဲဆိုခဲ့ပါတယ်။