ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စောင့်နေတဲ့ စော်ဘွားတွေ ငိုကြတယ်၊ မြင်ကွန်းမင်းမြေးတော်နဲ့ တွေ့ဆုံခြင်း
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မင်းတုန်းမင်း နတ်ရွာစံတာ အနှစ် ၁၄ဝ ပြည့် မန္တလေးမှာ အောက်တိုဘာ ၁၅ မှာ ကျင်းပပါတယ်။
မင်းတုန်းမင်း အသက် ၇ဝ မှာ နတ်ရွာစံတာမို့ ရှိသေးရင် အသက် ၂၁ဝ ပါ။
ရောဘတ်ကြွယ်ခေါ် ထိပ်တင်မြင့်က သူ့ရဲ့ မြစ်တော်တွေထဲမှာ အငယ်ဆုံး တယောက် ဖြစ်ပါတယ်။
၁၉၄ဝ ကျော်ကမှ မွေးတဲ့ ထိပ်တင်မြင့်ဟာ နာမည်ကြီးတဲ့ မြင်ကွန်းမင်းသားကြီးရဲ့ မြေးတော်လည်း ဖြစ်ပါတယ်။
ဒါပေမဲ့ သူ့ဘိုးတော်အရင်း ကိုယ်တိုင်က သူမမွေးခင် အနှစ် ၂ဝ လောက်က ကံကုန်သွားလို့ သူ့အဘိုးကိုလည်း သူမမီခဲ့ပါဘူး။
သူ့မယ်တော် ရီနီမြင်ကွန်းခေါ် မြင်ကွန်းထိပ်ခေါင်တင်မလေးကတော့ အသက်ရှည်ရှည်နေသွားပြီး ၁၉၈၄ ကမှ အနိစ္စ ရောက်ပါတယ်။
သူ့မယ်တော် ပြောပြခဲ့တဲ့ အကြောင်းအရာတွေထဲက မြန်မာ့သမိုင်းမှာ အသိနည်းတဲ့ အကြောင်းတွေလည်း ပါပါတယ်။
ဥပမာ မြင်ကွန်းမင်းနဲ့ ယောက္ခမ ကနောင်မင်းသားတို့ ဆက်ဆံရေးဟာ အစမှာ နွေးနွေးထွေးထွေး ရှိခဲ့ပြီးမှ နောက်လိုက်လူတွေကြား နေရာလုတာတွေကြောင့် ကွဲပြဲမှုတွေ စတာလို့ ဆိုပါတယ်။
အရင်က ကနောင်မင်းသားအိမ်တော်ကို မြင်ကွန်းမင်းသား သွားလည်ရင် ယောက္ခမက သူ့ကွမ်းအစ်ကို ထိုးပေးတဲ့အထိ ရင်းနှီးကြတယ်လို့ ဆိုပါတယ်။
မင်းသားဟာ ဆောင်ရမိဘုရားကြီးက မွေးသူဖြစ်လို့ သူ့ထက် အသက်ကြီးပေမယ့် အဆင့်နိမ့်တဲ့ မင်းသားတွေက သူ့ကို မရှိခိုးရင် စိတ်ဆိုးပြီး ရိုက်နှက်တာတွေ လုပ်တတ်တယ်လို့ သိရပါတယ်။
ပြုံးရယ်ခဲလို့ သူ့ကို သီလဝလို့ ခေါ်ကြပါတယ်။ တဘက်မှာတော့ သူများတွေကို ကြင်နာသနားတတ်တယ်၊ သူ့ဆီက တောင်းတဲ့သူကို ပုဆိုးပါ ချွတ်ပေးတတ်သူလို့လည်း ဆိုပါတယ်။
တခြားမင်းဆက်တွေလိုပဲ ကုန်းဘောင်မင်းဆက်မှာ နန်းလုပွဲတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ပြီး မြင်ကွန်း ခမည်းတော် မင်းတုန်းမင်းကိုယ်တိုင် သူ့နောင်တော်ကို နန်းချပြီး တက်လာသူဖြစ်ပါတယ်။
မြင်ကွန်းရဲ့ဘိုးတော် သာယာဝတီမင်းကလည်း နောင်တော် ဘကြီးတော်လက်က နန်းလုခဲ့ပါတယ်။
ဒီမြင်ကွန်းအရေးမှာ ဗြိတိသျှလက်ချက်ပါတယ်လို့ စွပ်စွဲကြပေမယ့် ပုဇွန်တောင်ချောင်းထဲမှာ မြင်ကွန်းမင်းသား သင်္ဘောပေါ်က လူတွေနဲ့ ဗြိတိသျှတွေ တိုက်ကြတယ်လို့လည်း ပြောပါတယ်။
ဒီမှာ ရေမကူးတတ်တဲ့ စစ်ကဲကြီးကို မင်းသားက ပုခုံးပေါ်ထမ်းတင်ပြီး ရေကူးပြီး ကုန်းပေါ်တက်တယ်လို့ ဆိုပါတယ်။
မြန်မာနယ်စပ်ကို ကရင်နီဘက်ကနေ လာတိုက်နေတဲ့ ဒီမင်းသားတွေကို ဗြိတိသျှက နောက်တော့ အိန္ဒိယကို ပို့လိုက်ပါတယ်။
ဗြိတိသျှကို သူ့ကို ကပ္ပလီကျွန်းကို အကျယ်ချုပ်နဲ့ ပို့ရာမှာ ဘုရားဆင်းတုကိုးကွယ်ဖို့ တောင်းဆိုပါတယ်။
ဒါကို လာပို့တဲ့ အင်္ဂလိပ် အရာရှိလက်ကနေ ဘုရားကို လက်ခံရာမှာတော့ မင်းသားက ဦးချရှိခိုးပြီးမှ ယူလို့ အရာရှိက သူ့ကို ကန်တော့တယ်လို့ ထင်သွားပါတယ်။
နောက်တခါ ပြန်တွေ့တော့ သူ့ကို မကန်တော့ဘူးလားမေးတဲ့ ဒီအရာရှိကို မင်းသားက ထထိုးတယ်လို့လည်း ဆိုပါတယ်။
မင်းသားရဲ့ ဦးခေါင်းထက်မှာ ဘုရားဆင်းတုကို အမြဲထားပြီး ပူဇော်တတ်လို့ အနောက်တိုင်းဝတ်စုံနဲ့ ပုံတွေမှာ ခေါင်းပေါင်းပါတာလို့လည်း ပြောပါတယ်။
မြင်ကွန်းမင်းသား အိန္ဒိယမှာ ဗြိတိသျှလက်ကနေ ပြင်သစ်ဘက် ကူးပြေးတော့ ပုန်းပြီးလိုက်သွားတဲ့ လေပေါက်ပါတဲ့ သစ်သားသေတ္တာကြီးဟာ မြန်မာပြည်ထိ ယူလာပြီး ဗဟန်း ၃ လမ်းထဲက ဘုန်းကြီးကျောင်း မီးလောင်ရာမှာ ပါသွားတယ်လို့လည်း သိရပါတယ်။
အိန္ဒိယမှာပဲ မဟာရာဇာတယောက် ဖမ်းရခက်တဲ့ မြင်းကို မင်းသားက ဖမ်းပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
ပြင်သစ် သူဌေးသမီးတယောက်နဲ့ မြင်ကွန်းမင်း လက်ထပ်ခဲ့တယ်လို့လည်း စာအုပ်တွေမှာ ပါပါတယ်။
အိန္ဒိယမှာ သူ့လိုပဲ ဗြိတိသျှ အမျိုးသမီးနဲ့ ယူသူကတော့ လှိုင်မင်းသားရဲ့ သားတော် ဂျွန်ဝီလျံ မောင်လတ် ဖြစ်ပါတယ်။
အိန္ဒိယ ရောက် မြင်ကွန်းမင်းသားနဲ့ ညောင်ရမ်းမင်းသား စတဲ့ ပြည်ပြေး မင်းသားတွေကို မြန်မာပြည်က ကင်းဝန်မင်းကြီးနဲ့ ဆင်ဖြူမရှင်တို့လို သီပေါမင်းနဲ့ မပြေလည်တဲ့ နိုင်ငံရေး အုပ်စုတွေက ဆက်သွယ်လှုပ်ရှားနေကြပါတယ်။
သူတို့ နန်းလုမှာ စိုးလို့ သီပေါမင်းရဲ့ အင်္ဂလန် လေ့လာရေး ခရီးလည်း ပျက်ခဲ့ပါတယ်။
တဘက်မှာလည်း ပြင်သစ်က သီပေါမင်းနဲ့ ချစ်ကြည်ရေး စာချုပ်ချုပ်ပြီးလို့ မြင်ကွန်းမင်းသားကို နောက်ကွယ်ပို့ချင်ပါတယ်။
ဒါကြောင့် ဆိုင်ဂုံခေါ် ဟိုချီမင်းစီးတီးလို့ အခုသိကြတဲ့ ဗီယက်နမ်က မြို့ကို မင်းသားကို ပို့တော့လည်း မြန်မာပြည်က နောက်လိုက် ရှမ်းမြန်မာတွေ လိုက်လာပြီး ခစားကြပါတယ်။
အဲဒီမှာ လာသူတွေကို မြင်ကွန်းမင်းက ဒေါင်းရုပ်ပါတဲ့ကတ်ပြား ပေးလိုက်ရင် ပြင်သစ်က လွတ်လပ်စွာ သွားခွင့်ပြုပါတယ်။
ပြင်သစ် စစ်ဗိုလ်ကြီးတွေနဲ့ ဘုရင်ခံလည်း မင်းသားဆီ လာတွေ့ကြတယ်လို့ သိရပါတယ်။
မင်းသားကို အရေးပိုင်ပါဝါပေးထားပြီး နွေအခါ ရှေးဗီယက်နမ်မင်းတွေ စံမြန်းတဲ့ ဟနွိုင်းနဲ့ ဆောင်းအခါ စနုမြို့တွေကို ပို့ပေးတယ်လို့လည်း သူ့ကြင်ယာ ခင်လေးဘုရားနဲ့ မြန်မာ သတင်းစာတစောင် တွေ့ဆုံခန်းမှာ ပါရှိပါတယ်။
ဆိုင်ဂုံမှာ လက်နက်ဓားရေးတွေ လေ့ကျင့်ပြီး မြန်မာပြည်ထဲ ပြန်ဝင်တိုက်ခိုက်ဖို့ လုပ်ပေမယ့် ပြင်သစ်က အင်္ဂလိပ်နဲ့ မပြေလည်မှာကို စိုးလို့ ပြန်ခေါ်တဲ့အတွက် တပ်ခေါက်ပြန်ရပါတယ်။
အဲဒီမှာ စောင့်နေကြတဲ့ ရှမ်းစော်ဘွားတချို့ အားပျက်ပြီး ငိုကြတယ်လို့လည်း သိရပါတယ်။
သီပေါမင်း ပါတော်မူပြီးနောက် ရှမ်းပြည်မှာ ဖရိုဖရဲဖြစ်ပြီး အာဏာချုပ်ကိုင်မှု ကောင်းကောင်းမရှိချိန်မှာ နိုင်ငံကို ထိန်းသိမ်းဖို့ မြင်ကွန်း၊ လင်းပင် စတဲ့ မင်းသားတွေကို စော်ဘွားတွေက မျှော်ကြတာ ဖြစ်ပါတယ်။
ရှမ်းပြည်မှာ ဘုရင်ခံ မင်းသား ဆိုပြီး မြင်ကွန်းရဲ့ ညီဝမ်းကွဲဆိုသူက ပုန်ကန်တာလည်း ရှိခဲ့ပါတယ်။
မြင်ကွန်းကိုယ်တိုင် မန္တလေးနဲ့ လားရှိုးဘက်ကို ပြင်သစ်နယ်မြေထဲက ကူးလာပြီး အခြေအနေကို အကဲခတ်ခဲ့ပါတယ်။
ဒီအကြောင်းတွေကို အခြေခံပြီး ရေးတဲ့ ရွှေဥဒေါင်းရဲ့ လက်ထက်တော်ကြီးနဲ့ တနိုင်ငံမြိုင်ယံခြား ဝတ္ထုတွေလည်း ရှိပါတယ်။ မူရင်းတွေကတော့ အာသာကိုနင်ဒွိုင်းရဲ့ ပြင်သစ်နောက်ခံ ရာဇဝင်စွန့်စားခန်းဝတ္ထုတွေပါ။
မြင်ကွန်းမင်း အနိစ္စရောက်ပြီးနောက် ကျန်ရစ်တဲ့ ကြင်ယာတော်နဲ့ သမီးတော် မြေးတော်တွေ အိန္ဒိယကို ထွက်သွားကြပါတယ်။
အဲဒီမှာ ဟောင်ကောင်ကနေ ပြောင်းလာပြီး စာသင်တဲ့ ဦးစိုးကြွယ်နဲ့ မြင်ကွန်းထိပ်ခေါင်တင်မလေးတို့ ဖူးစာဆုံပါတယ်။
ဦးစိုးကြွယ်ဟာ မန္တလေးက ဝတ်လုံတော်ရ ဦးသာကြွယ်ရဲ့သားဖြစ်ပြီး ပျော်ပျော်နေတတ်၊ အကအခုန် ဝါသနာပါပြီး ဟောင်ကောင် တက္ကသိုလ် စာစောင်မှာ အင်္ဂလိပ်ပိုင်းက အယ်ဒီတာ လုပ်တယ် လို့လည်း သားဖြစ်သူက ဆိုပါတယ်။
နောက် သူတို့ကို မြန်မာပြည် ပြန်ခွင့်ရလို့ ပြန်တဲ့အခါ သထုံမှာ နေခွင့်ရပါတယ်။
နောက်ပိုင်း ရန်ကုန်မှာ နေကြပါတယ်။
လွတ်လပ်ရေးရပြီးနောက်ပိုင်းလည်း မြင်ကွန်းမိသားစုကို အစိုးရက အရေးပေး ဆက်ဆံတာ ရှိတယ်လို့ ဆိုပါတယ်။
ဗိုလ်ရှုခံလို လွတ်လပ်ရေးနေ့ အခမ်းအနားတွေမှာ သူတို့တက်ဖို့ ဖိတ်ကြားခံရပါတယ်။
တိုင်းပြည်အတွက် မျိုးချစ်စိတ်နဲ့ ဆောင်ရွက်တဲ့သူတွေကို သူ့မိဘများက အားပေးထောက်ခံတယ်၊ အထူးသဖြင့် သူ့မယ်တော်ဟာ ဗိုလ်ချုပ်အောင်ဆန်းကို ထောက်ခံတယ်လို့လည်း ထိပ်တင်မြင့်က ပြောပြပါတယ်။
သူတို့ကို အင်္ဂလိပ်ကျောင်းမှာ အကောင်းဆုံးပညာသင်ခွင့်ပေးပေမယ့် တခြား ယဉ်ကျေးမှုနဲ့ ဘာသာရေးကို လက်မခံဘူးလို့လည်း ဆိုပါတယ်။
အိမ်မှာ အစ်မတွေကို ဘုရားတပ်ခေါ်ရပြီး အစ်ကိုတွေကိုတော့ နာမည်အဖျားဆွတ်ပြီး ကိုလွင်၊ ကိုသွင် စသဖြင့် ခေါ်ရတယ်လို့လည်း ပြောပါတယ်။
မယ်တော်ဟာ ဗီယက်နမ်ဟင်းချက်ရာမှာ ကျွမ်းကျင်ပြီး မယ်တော်ချက်တဲ့ ငါးဟင်းက နာမည်ကြီးတယ်လို့လည်း ဆိုပါတယ်။
ပြင်သစ်လိုလည်း ကျွမ်းကျင်သူမို့ သူအလုပ်လုပ်ရာ လန်ဒန်ကို ၁၉၇၅ လောက်က လိုက်လာတော့ ဥရောပကို ဖြတ်ပြီး တယောက်တည်း လာခဲ့တယ်လို့လည်း သိရပါတယ်။
ဘိုးတော် အုတ်ဂူတွေ ရှိတဲ့ ဆိုင်ဂုံကို ၁၉၅၄ မှာ ဆရာတော်တွေနဲ့အတူ ပြန်သွားကြပြီး မိသားစုက သရဏဂုံတင်ကြပါတယ်။
နတ်ရွာစံချိန်က ဗုဒ္ဓဘာသာထုံးတမ်းအရ သေချာမဆောင်ရွက်ခဲ့ရလို့ ညောင်ရမ်း ဆရာတော်၊ မဟာစည်ဆရာတော် စတဲ့ ဆရာတော်ကြီးတွေ လိုက်ပါ ဆောင်ရွက်ပေးကြပါတယ်။
အဲဒီတုန်းက တွေ့ခဲ့တဲ့ ပြင်သစ်သင်္ချိုင်းထဲက မြင်ကွန်းမင်းသားကြီးဂူနဲ့ သူ့မယ်တော် တောင်ရွှေရေးမိဘုရားကြီးတို့ဂူတွေဟာ ကွန်မြူနစ်လက်ထက်မှာ အဖျက်ခံရတယ်လို့လည်း သိရပါတယ်။
အရိုးတွေကို ခုထိ ဗီယက်နမ်အစိုးရက သီးသန့်ထိန်းသိမ်းထားတယ်လို့ သွားရောက်လေ့လာတဲ့ ပညာရှင်က ပြန်ပြောကြောင်းလည်း သုတေသီ ဆရာဝန် တင်မောင်ကြည်က ရေးပါတယ်။
မြင်ကွန်းမိသားစုကို ဗီယက်နမ်မှာ လာတွေ့ကြသူတွေထဲမှာ ပရုပ်ဆီလုပ်ငန်းနဲ့ ချမ်းသာနေတဲ့ ဒေါ်ဖြူလည်း ပါပါတယ်။
သူ့ကိုယ်သူ မြင်ကွန်းဆက်လို့ ပြောပေမယ့် တကယ်တော့ အမျိုးမတော်ဘူးလို့လည်း သိရပါတယ်။
ဗမာပြည်ကို သတိရတဲ့ ဒေါ်ဖြူဟာ ဗမာစကားသံကြားရင် လိုက်ရှာပြီး တွေ့တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် ဗမာပြည်က သွားကြတဲ့ ဂါးဒီးယန်း ဦးစိန်ဝင်း၊ ဒေါက်တာမောင်မောင်စတဲ့ သတင်းစာဆရာတွေနဲ့ ဒေါ်ဖြူ တွေ့ခဲ့တာ ဖြစ်ပါတယ်။
၁၈၆၆ က လုပ်ကြံခံရတဲ့ ကနောင်မင်းရဲ့ အဆက်အနွယ်တွေနဲ့လည်း သူတို့ပြန်ပြီး အဆက်အဆံရှိကြတယ်လို့လည်း ထိပ်တင်မြင့်က ပြောပါတယ်။
အိမ်ရှေ့ဆက်ထဲက မဟာမြိုင်ဆရာတော်ကြီးက သူတို့ကို ခေါ်ပြီး ဂရုတစိုက် စောင့်ရှောက်တယ်လို့လည်း ပြောပါတယ်။
ဖြစ်ခဲ့တာတွေ ပြီးခဲ့ပြီ၊ အမျိုးတွေပဲလို့ ဆရာတော်က မိန့်ကြောင်း သိရပါတယ်။
မန္တလေး ရောက်တဲ့အခါမှာလည်း ကနောင်မင်းကို မြှုပ်ခဲ့တဲ့ စန္ဒာမုနိဘုရားကို သွားခဲ့တယ်လို့ ထိပ်တင်မြင့်က ပြောပါတယ်။
အများပြည်သူကြားမှာတော့ မြင်ကွန်းမင်းသားကို လူဆိုးအဖြစ် ပုံဖော်တဲ့ စာအုပ်တွေနဲ့ ရုပ်ရှင်တွေ လူကြိုက်များခဲ့ပါတယ်။
တချို့ကလည်း မင်းသားဘက်က ရေးကြတာ ရှိပါတယ်။
သူ့ကို ဆိုင်ဂုံမှာ သွားတွေ့ခဲ့သူတွေထဲမှာ ထင်ရှားသူတွေကတော့ ဝံသာနု လှုပ်ရှားမှုတွေကို အသက်သွင်းခဲ့တဲ့ ဦးဥတ္တမနဲ့ မြန်မာ့အလင်း အယ်ဒီတာ ဦးရွှေကြူးတို့ ဖြစ်ပါတယ်။
ဦးရွှေကြူးဟာ မင်းသားကြီးဆီကနေ လွှဲစာချွန်တော်ကို ယူပြီး ပထမကမ္ဘာစစ်မှာ မြန်မာတွေ ဗြိတိသျှကိုကူရင် နိုင်ငံကို ကုန်းဘောင်မင်းဆက်ဘက်ပြန်အပ်ဖို့ တောင်းဆိုတဲ့စာကို ဂျပန်က ဗြိတိသျှ သံအမတ်ဆီ ပို့ခဲ့ပါတယ်။
ဒီအတွက်ကြောင့်ပဲ ဦးရွှေကြူးကို အပြန်မှာ မြန်မာပြည် မပြန်ရဘဲ စင်္ကာပူမှာ ၆ နှစ်ထားခဲ့ပါတယ်။
မြင်ကွန်းမင်းဟာ မြန်မာပြည်ကို ပြန်အရယူဖို့ သားတော်တွေကို စင်္ကာပူကို လေယာဉ်နဲ့ လွှတ် ပြင်ဆင်ခိုင်းပြီးမှ သားတော်တွေ ဆုံးပါးကုန်တဲ့အတွက် စိတ်ထိခိုက် ကံကုန်ရတယ်လို့ ရေးကြပါတယ်။
အသက် ၈ဝ နီးတဲ့အထိ လွတ်လပ်ရေး ကိစ္စကို ကြိုးစားသွားတဲ့ ဘိုးတော်နဲ့ ဆွေတော်မျိုးတော်တွေကို တခါမှ မတွေ့ခဲ့ဖူးပေမယ့် သတိရပြီး ကျေးဇူးတင်မိကြောင်းလည်း မြေးတော်သူ ထိပ်တင်မြင့်က ပြောပါတယ်။
မြင်ကွန်း မြင်းခုံတိုင် ပုန်ကန်မှု အပြီးနောက် ကနောင်မင်းသား သားတော် ပတိမ်းမင်းသား ပုန်ကန်မှု ဖြစ်သလို ၁၈၇၈ မှာ မင်းတုန်းမင်း နတ်ရွာစံပြီးနောက် သားတော် သမီးတော် အများအပြား သတ်ဖြတ်ခံခဲ့ရပါတယ်။
ဒီနန်းလုပွဲတွေကြောင့် မြန်မာနိုင်ငံဟာ ဖရိုဖရဲဖြစ်ပြီး လွတ်လပ်ရေး ဆုံးရှုံးမှုဘက်ကို ဦးတည်သွားခဲ့ပါတယ်။