ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဏာရှင်ကို ကိုင်လှုပ်ခဲ့တဲ့ ၈၈ သီချင်း
- ရေးသားသူ, လပြည့်ကို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
" ငါတို့ သီချင်းသွားဆိုကြရမယ် ဆိုနေတုန်းလည်း မင်းတို့ သေချင်သေနိုင်တယ်မင်းတို့ သေရဲလား …. အဲဒီလို အမေးခံရတော့ ကျွန်တော် ဘာမှမတွေးနိုင်ဘူး၊ သေပါစေ ကျွန်တော်တို့ ဆိုမယ် မဖြစ်ဖြစ်အောင် ဆိုမယ်လို့ ချက်ချင်းပြန်ဖြေခဲ့တာ။ ကျွန်တော်အခု ပြန်ပြောရင် အဲ့နေ့ကလိုသွေးတွေပြန်ဆူလာတယ်" လို့ ကိုရန်နောင် က စိတ်လှုပ်ရှားစွာ ပြောပါတယ်။
" ဒီသီချင်း က ကျွန်တော်တို့အတွက် အရမ်းကို အရေးပါခဲ့တာဗျ ၊ ဆိုလိုက်တိုင်း စိတ်ဓာတ်တက်ကြွတယ် ၊ သွေးပွက်ပွက်ဆူလာစေတယ်၊ ဆိုတဲ့သူတွေတင်မကဘူး၊ နားထောင်သူတိုင်း သွေးပွက်ပွက်ဆူတယ်၊ မျက်ရည်ကျကြတယ်၊ ပြီးတော့ အဲ့အချိန်တုန်းက လူတိုင်းက ကြောက်နေကြတာ၊ ဒီသီချင်းက စိတ်အားငယ်နေကြတဲ့ ပြည်သူတွေအတွက် အားဆေးပဲဗျ" လို့ ဆိုပြီးတော့လည်း ဂုဏ်ယူတဲ့ လေသံနဲ့ သူက ဆက်ပြောပါတယ်။
ကိုရန်နောင် ရည်ညွှန်တဲ့ ဒီသီချင်း ဆိုတာက " ကမ္ဘာမကြေဘူး"ဆိုတဲ့သီချင်းဖြစ်ပါတယ်။
"ကမ္ဘာမကြေဘူး ……
ငါတို့တွေရဲ့ သွေးနဲ့ရေးတဲ့မော်ကွန်းတွေ
တော်လှန်ရေး......
ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော...."
၁၉၈၈ ခုနှစ် မှာ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီလို့ ခေါ်တဲ့ တစ်ပါတီ အာဏာရှင် စနစ်ကို တတိုင်းပြည်လုံးက ဆန့်ကျင်ကြဖို့ လမ်းပေါ်ထွက် ဆန္ဒပြတဲ့အချိန်။
ဆန္ဒပြမှုတွေကို စစ်တပ်က သေနတ်နဲ့ ပစ် ၊ ရိုက်နှက်ဖမ်းဆီးပြီး အပြင်းအထန်နှိမ်နှင်းနေချိန်မှာ ဒီ ကမ္ဘာမကြေဘူး သီချင်းဟာ ဆန္ဒပြ ပြည်သူတွေကြား ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။
လက်နက်မကိုင်စွဲထားဘဲ အစာငတ်ခံဆန္ဒပြနေတဲ့ ပြည်သူတွေ၊ကျောင်းသားတွေ၊ရဟန်းသံဃာတော်တွေ အတွက်တော့ ကမ္ဘာမကြေဘူး သီချင်းဟာ အဓိကကိုင်စွဲရာ စိတ်ဓာတ်လက်နက် ဖြစ်လာပါတယ်။
ဆန္ဒပြတဲ့နေရာတွေဖြစ်တဲ့ ဆူးလေမြို့တော်ခမ်းမ၊ ရန်ကုန်ဆေးရုံကြီးရှေ့ အပါအဝင် နေရာတော်တော်များများက ပြည်သူတွေရဲ့ ရင်ထဲ ဒီသီချင်းကို စတင် မိတ်ဆက်ပေးခဲ့သူတွေက မြောက်ဥက္ကလာက တေးရေးဆရာ နိုင်မြန်မာ နဲ့ ကျောင်းသားလူငယ် ၁၃ ယောက် တို့ ဖြစ်ပါတယ်။
အသက် ၂ဝ ဝန်းကျင် ယောက်ျားလေး ၉ ယောက်၊ မိန်းကလေး ၄ ယောက် ပါပြီး တေးရေးဆရာ နိုင်မြန်မာ ဦးဆောင်တဲ့အဖွဲ့က ၈၈၈၈ လှုပ်ရှားမှု အရှိန်အမြင့်ဆုံးရောက်နေချိန် ၊ စစ်တပ် အာဏာမသိမ်းမီနေ့ရက်တွေမှာ ဆက်တိုက်လှုပ်ရှားခဲ့ပါတယ်။
ညဘက် အမှောင်ထဲ စစ်ကားကြီးတွေ မြို့ထဲ ကင်းလှည့်နေချိန်၊ တချက်တချက် မီးရောင်အလက်မှာ မြင်ရတဲ့ ဘက်နက်အချွန်တွေနဲ့ ကျည်အပြည့်ထိုးထားတဲ့ သေနတ်ကိုင် စစ်သားတွေ လှုပ်ရှားနေချိန် ၊ လမ်းတွေပေါ်မှာ လူတယောက်မှ မရှိတော့ဘဲ တိတ်ဆိတ်ခြောက်ကပ်နေချိန်၊ အစာငတ်ခံဆန္ဒပြကြတဲ့ ပြည်သူတွေချည်း စိတ်ဓာတ်ကျ အားငယ်နေကြချိန်တွေမှာ ရောက်လာတတ်တဲ့ သီချင်းဆိုအဖွဲ့တွေထဲ နိုင်မြန်မာ တို့ အဖွဲ့လည်း ပါပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ စက်တင်ဘာလ ၁၈ ရက် မတိုင်မှီ ၃/၄ ရက်အလိုမှာ ကမ္ဘာမကြေဘူး သီချင်း ဟာ စတင်ခဲ့ပါတယ်။
"ဒီသီချင်းကို စဆိုတုန်းက သက်ရောက်မှုဟာ ဒီလောက်ကြီးလိမ့်မယ်၊အောင်မြင်လိမ့်မယ်လို့ မထင်ခဲ့မိဘူး " လို့ ပါဝင် သီဆိုသူတွေက ဝန်ခံခဲ့ကြပါတယ်။
"အဲ့အချိန်တုန်းက ဆန္ဒပြလှုပ်ရှားမှုထဲပါတဲ့ ကိုယ့်ကျောင်းက အကို အမတွေ လည်း သေကုန်ကြတယ်။ကျွန်မနေတဲ့ မြောက်ဥက္ကလာပ၊ဇ ရပ်ကွက်ထဲက အသိတွေလည်း အဖမ်းခံရ၊ကျောင်းသားတွေ သေနတ်နဲ့အပစ်ခံရကုန်ပြီ။
ကိုယ်က မိန်းကလေး ဆိုပေမယ့် အဲ့အချိန်မှာ စိတ်ထဲ တော်တော်ခံပြင်းနေပြီ။ဒီအချိန်မှာ ဘယ်နေရာကပဲ ဖြစ်ဖြစ် ငါ ဝင်ပါတော့မယ် လို့ စိတ်ထဲဆုံးဖြတ်ထားတဲ့အချိန်။
အဲ့အချိန်မှာ ကိုနိုင်မြန်မာ တို့က လာခေါ်တယ်။ သီချင်းတွေတိုက်မယ်၊အသံသွင်းမယ်၊ သီချင်းတွေ လိုက်ဆိုမယ် လို့ ပြောတယ်။ ဘယ်နေရာမှာလည်းလို့ မေးတော့ အစာငတ်ခံ ဆန္ဒပြနေတဲ့ ပြည်သူတွေ ၊ လမ်းပေါ်ထွက်လှုပ်ရှားနေကြတဲ့ ပြည်သူတွေကို စိတ်ဓာတ်ကျမသွားအောင် သီချင်းဆိုပြရမယ်။အားပေးရမယ် ပြောတယ်။
တခါတည်း ဆက်ပြောသေးတယ်။ စစ်တပ်က သေနတ်နဲ့ပစ်လို့ ၊ ဖမ်းလို့ သေချင်သေနိုင်တယ်တဲ့" မသင်းသင်းဝေပါ။
မသင်းသင်းဝေက ဒါတွေပြောပြတုန်း တကယ်ကို သူ့မျက်လုံးထဲ အဲ့အချိန်က မြင်ကွင်းတွေပြန်မြင်လာသလို ဖြစ်ပြီး သူ့ခံစားချက်တွေ ဆက်ပြောပါတယ်။
"ကျွန်မအိမ်က အရမ်းကြောက်တတ်တယ်။ နိုင်ငံရေးလုပ်တာ ကြောက်တယ်။ စိုးရိမ်တယ်။ မကြိုက်ဘူး။ ကျွန်မ ဒီလို သီချင်းဆိုဖို့ လိုက်မယ်လို့ အိမ်ကို ခွင့်တောင်းတယ်။ နင် အဲ့ဒါလုပ်ချင်ရင် အိမ်ပေါ်က ဆင်းသွား လို့ အိမ်က ပြောတယ်။ ချက်ချင်းပဲ ကျွန်မအိမ်ပေါ်က ဆင်းခဲ့တယ်။
ကျွန်မစိတ်ထဲ အဲ့အချိန်က သေချင်လည်း သေပါစေ။သေလည်း မထူးဘူး။ဘာဖြစ်လဲ ဆိုတဲ့ စိတ်နဲ့ ကျွန်မ သီချင်းဆိုဖို့ ဆုံးဖြတ်ခဲ့တယ်" လို့ သူက ဆိုပါတယ်။
ဒီလိုမျိုး စိတ်ဓာတ်ပြင်းထန်တဲ့ လူငယ်တွေကို စုစည်းခဲ့သူက တေးရေး နိုင်မြန်မာပါ။
သူက ၁၉၈ဝ တဝိုက်မှာ သီချင်းတွေရေးရင်း အောင်မြင်နေပြီ ဖြစ်ပါတယ်။အနုပညာရှင်တယောက်အနေနဲ့ သူဘာလုပ်နိုင်မလဲ ဆိုတာ တွေးမိပုံကို ပြောပြပါတယ်။
"လူထုအရေးအခင်းဖြစ်နေချိန် သပိတ်မှောက်နေတဲ့အချိန်မှာ နေ့ခင်းပိုင်းဆို လူတွေက အကုန်လမ်းပေါ်မှာ ဥဒဟို သွားလာနေကြတယ်။တရားဟောစင်မြင့်တွေလည်း အများကြီးပဲ။ဒါပေမယ့် ညဉ့်နက်လာလေ မိုးချုပ်လာလေ တဖြည်းဖြည်း လမ်းပေါ်လူမရှိတော့ဘူး၊အဲ့အချိန် ဘယ်သူတွေကျန်ခဲ့လဲဆို အစာငတ်ခံဆန္ဒပြတဲ့လူတွေ က ငုတ်တုတ်လေးတွေ ကျန်ခဲ့တာ၊၊
အဲ့မှာ ကျွန်တော် ဘာတွေးမိလဲဆိုတော့ ညဘက်က တိတ်ဆိတ်ပြီး သူတို့ကို အားပေးမယ့်သူ ဘယ်သူမှမရှိတော့ဘူး၊ သူတို့ပဲ ကျန်ခဲ့တယ်၊ အစာလည်း ဘာမှမစားထားကြဘူး၊ ဘာလုံခြုံရေးမှလည်း မရှိဘူး၊ အဲ့အချိန်မှာ သူတို့စိတ်အားငယ်မှာ စိတ်ဓာတ်ကျမှာ မဖြစ်ရအောင် ရဲဆေးတင်တဲ့အနေနဲ့ စိတ်ခွန်အားပေးတဲ့အနေနဲ့ ငါ သီချင်းတွေရေးပြီး လိုက်ဆိုမယ် ဆိုပြီး ဆုံးဖြတ်ခဲ့တာ" လို့ တေးရေးဆရာ နိုင်မြန်မာ က ပြောပါတယ်။
"ဆိုမယ့် ကလေးတွေကိုလည်း ပြောပြီးသား၊ သေနတ်နဲ့ပစ်လို့ ဘယ်သူ့ထိထိ လာမထူပေးဘူး၊ ငါ့ထိလည်း လာမထူကြနဲ့ လို့ မှာထားတာ။ ထိရင်ထိတဲ့နေရာ လဲရင်လဲတဲ့နေရာမှာ ဆက်ဆို၊ ကျန်တဲ့သူတွေကလည်း အရှိန်မပျက် ဆက်ဆို၊ လူကုန်ရင်ကုန်ပါစေ ၊ ပစ်ရဲရင် ပစ်ပစေ လို့ပဲ သဘောထားတယ် ။
ကျွန်တော်တို့က သီချင်းဆိုတာ၊ မှန်တာလုပ်တာ ၊ သူတို့က သေနတ်နဲ့ပစ်တာ၊ ရိုင်းစိုင်းကြတာ ၊ အဲ့မှာ ထိပ်တိုက်တွေ့တာပဲ။ ဘယ်တော့မှ ကျွန်တော်တို့ နောက်ဆုတ်ပေးခဲ့တာ မရှိဘူး။ နောက်ဆုံး သူတို့ မပစ်ဘဲ ပြန်ထွက်သွားခဲ့ကြတယ်" လို့ နိုင်မြန်မာက သက်ပြင်းချရင်း ဆိုပါတယ်။
ဒီအဖြစ်အပျက်တွေပြောနေရင်း သူ့အတွေးတွေက လွန်ခဲ့တဲ့ နှစ် ၃ဝ ဆီ ပြန်ရောက်သွားသလိုပါပဲ။
"လူ့ရဲ့ စိတ်ခံစားမှုက မတရားမှုတွေ ဖိနှိပ်မှုတွေ တွေ့တဲ့အခါ ရုန်းကြွလာတာပဲ။ အဲ့ဒီမြင်ကွင်းတွေ မျက်စိနဲ့ တပ်အပ် မြင်လာရတဲ့အခါ ၊ ကလေးတွေကအစ ဗိုလ်ချုပ်အောင်ဆန်းပုံတွေ ကိုင်ထားတာမြင်တော့ ၊ ဒါ အပ်တိုတချောင်းတောင် မကိုင်ထားတဲ့ လူထုရဲ့ သူတို့ဆန္ဒကို ထုတ်ဖော်တဲ့ပွဲပဲ။
ကျွန်တော်လည်း ခံစားချက်တွေကို ချရေးဖြစ်တော့တာပဲ။ဆန္ဒပြသူတွေ စိတ်ဓာတ်အညွန့်ကျိုးမသွားဖို့ ၊ မကြောက်ကြဖို့ ၊ နောက်မဆုတ်ကြဖို့ ရည်ရွယ်ပြီး နာမည်ကြီး အင်္ဂလိပ် သီချင်း Dust in the wind ရဲ့ သံစဉ်ကို ယူပြီး ဒီသီချင်းစာသားတွေကို ကျွန်တော် ရေးဖြစ်ခဲ့တယ်" လို့ တေးရေးနိုင်မြန်မာက ပြောပါတယ်။
၁၉၈၈ စက်တင်ဘာလ ရဲ့ တတိယအပတ်
လူထုလှုပ်ရှားမှု ဆန္ဒပြပွဲတွေ၊ စစ်တပ်ရဲ့ အပြင်းအထန် နှိမ်နှင်းမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး ရန်ကုန်တမြို့လုံးက တစပြင်လို ငြိမ်သက်နေတယ်။ မိုးကမလင်းတတ်သေး ဝေလီဝေလင်းအချိန်ပဲရှိတဲ့အချိန်မှာ မိုးလေးက တဖြောက်ဖြောက် ရွာကျနေတယ်။ မြို့တော်ခမ်းမရှေ့ မှာ အစာငတ်ခံဆန္ဒပြနေတဲ့ GTI ကျောင်းသားများ အဖွဲ့ နဲ့ ရဟန်းပျိုများသမဂ္ဂ အဖွဲ့တို့က မိုးရေထဲမှာပဲ ထိုင်နေကြတုန်းပဲ။
အဲ့အချိန်မှာ သူတို့ရှေ့က ပလက်ဖောင်းပေါ်ကို လူတစုတက်လာတာ မြင်လိုက်ကြတယ်။ လူတွေ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး စစ်သားတွေလား သေနတ်နဲ့ပစ်မယ့်သူတွေလားလို့ ထင်လိုက်ကြတယ်။
မိုးရေတွေကြားထဲ သူတို့ သေချာမြင်လိုက်ရတာက ဟော်လိုဂစ်တာလေးတွေ ကိုင်ထားတဲ့ လူငယ်လေးတွေ ။ ဒီကလေးတွေ ဘာလုပ်ကြမလို့လဲ တွေးမိသွားကြတယ်။ ရုတ်တရတ်ပဲ အဲ့ဒီကလေးတွေဆီက ဂီတာသံ ထွက်လာတယ်။
အစပိုင်းရဲ့ ဂီတာသံ ခပ်မြန်မြန်ထွက်လာအပြီးမှာ အားပါတဲ့ သံပြိုင်အသံ နဲ့
"ကမ္ဘာမကြေဘူး ……
ငါတို့တွေရဲ့ သွေးနဲ့ ရေးတဲ့မော်ကွန်းတွေ
တော်လှန်ရေး.......
ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော......."
ဒီလိုအစချီတဲ့ သီချင်းသံကို ကြားလိုက်ရတော့ခုနက စိတ်ဓာတ်ကျဆင်းနေတဲ့ ဆန္ဒပြလူအုပ်ကြီး ဝုန်းကနဲ ထရပ်လိုက်ကြတယ်။
ပြီးတော့ ဒီသီချင်းကို ထပ်ခါထပ်ခါကြော့ပြီး ဆိုနေတဲ့ သီချင်းစာသားတွေကို ပလက်ဖောင်းပေါ်က လူငယ်တွေနဲ့ တသားတည်း လိုက်ဆို နေကြတယ်။
အဲဒီအချိန်မှာ ပလက်ဖောင်းပေါ်မှာ ဆိုနေတဲ့ လူငယ်တွေထဲက မိန်းကလေးတွေ မျက်ရည်တွေ ကျလာသလို ဆန္ဒပြလူအုပ်ထဲက အမျိုးသမီးကြီးတွေလည်း သီချင်းလိုက်ဆိုရင်း ငိုနေကြတယ်။
" သီချင်းဆိုဖို့ မသွားခင်က ကြောက်သလိုပဲ။ ဒါပေမယ့် တကယ် အဲ့နေရာကိုရောက်တော့ သေမှာကို မကြောက်တော့ဘူး။ ဆန္ဒပြတဲ့သူတွေတောင် ပြနေကြတာပဲ၊ငါ သေလည်းသေပစေ ဆိုပြီး ဖြစ်လာတာ " လို့ မသင်းသင်းဝေ က ပြောပါတယ်။
" အဲ့အချိန်ကျရင် မရတော့ဘူး။သူ့အလိုလို သွေးတွေက ဆူလာသလိုပဲ " လို့ သူ့ခံစားချက်ကို ပြန်ပြောပါတယ်။
" ကမ္ဘာမကြေဘူး …… ကို စဆိုတုန်းက မြို့တော်ခမ်းမရှေ့မှာ ဆိုရတာ။ ရှေ့မှာက ဆန္ဒပြသူတွေ ၊နောက်ကျောမှာက ခမ်းမထဲ နေရာယူထားတဲ့ စစ်သားတွေ။ ကျွန်မတို့ကို လုံခြုံရေး ယူပေးတာက မြောက်ဥက္ကလာပ ကျောင်းသားသမဂ္ဂက။ အဲ့အချိန်မှာ ဖြစ်ချင်ရာဖြစ်ဆိုပြီး ဆန္ဒပြသူတွေကို ဆိုပြနေရင်းနဲ့ စိတ်ထဲမကောင်းလို့ ကိုယ်လည်းငို၊ သူတို့လည်းငိုကြနဲ့ ဖက်ငိုကြတာ။ ဒါပေမယ့် သီချင်းလည်း ဆိုပြီးသွားရော အစက အားငယ်နေတဲ့လူထုကြီးက တက်ကြွကုန်ကြတာ၊ ကျွန်မတို့လည်း တကယ်ပျော်ကြတယ် " လို့ မသင်းသင်းဝေက ပြုံးရင်းပြောပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ နိုင်မြန်မာတို့အဖွဲ့က ရန်ကုန်မြို့ရဲ့ မြို့တွင်း ဆန္ဒပြစခန်းတွေသာမက ဆင်ခြေဖုံးရပ်ကွက်ထဲတွေ ထိရောက်အောင်ပါ ကမ္ဘာမကြေဘူ သီချင်းနဲ့ စိတ်ဓာတ်မြှင့်တင်ရေး ဆက်တိုက်လုပ်ကြပါတော့တယ်။
" တကယ့် နဖူးစည်းနေရာတွေမှာ လိုက်ဆိုခဲ့တာ၊ စနိုက်ပါသေနတ်နဲ့ လှမ်းပစ်လည်း ကျွန်တော်တို့ သေမှာပဲ။ တကယ့် သေရေးရှင်ရေးတွေလည်း အများကြီးကြုံခဲ့ပါတယ်။ တဖွဲ့လုံးက ကံကောင်းလို့ ကျန်ခဲ့တာ။ အန္တရာယ် သိပ်များတယ်။ သီချင်းသွားဆိုရင် ကျွန်တော်တို့ကားနောက်ကို စစ်ကားတွေလိုက်လာတာတွေ ရှိတယ်။ကျွန်တော်တို့ကလည်း အဲ့လိုဖြစ်တဲ့ကြားက မရရအောင် ညတိုင်းလိုက်ဆိုတာ၊၊
ဆေးရုံကြီးရှေ့မှာ သွားဆိုတုန်းကဆို ဆေးရုံထဲက လူနာတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေပါ အကုန်ဆင်းလာကြပြီး ကျွန်တော်တို့ကို အားပေး၊ စားစရာတွေကျွေး၊ ဖက်လှဲတကင်း နှုတ်ဆက်ကြတာ။ မိုးတွေကလည်းရွာ၊ တချို့ ငိုတဲ့သူတွေလည်း ငိုနေကြတာပေါ့၊ အဲ့နေ့ကို ကျတော် လုံးဝမမေ့ဘူး ၊ စိတ်ထဲတော်တော်ကြေကွဲဖို့ကောင်းတယ်" လို့ နိုင်မြန်မာက သတိတရ ပြန်ပြောပါတယ်။
"ကျွန်တော်တို့ ဒီသီချင်းဆိုပြီဆို လူတွေက ငိုကြတယ်ဗျ၊ အမှန်က အားငယ်နေတဲ့အချိန်၊ ဒီမတရားမှုကို ကိုယ့်ရှိတဲ့အားလေးနဲ့ တွန်းလှန်နေတဲ့ လူတွေမှာ ဒီလိုသီချင်းမျိုး ကြားရတဲ့အချိန်မှာ ခံစားချက် တိုက်ဆိုင်တော့ လူတွေမှာ ကြေကွဲကြတယ်။
မခံချင်စိတ်တွေနဲ့ ကိုယ့်ဘဝတွေ ကိုယ် ပြန်တွေးမိရင်း ဝမ်းနည်းကြတယ်။ မှတ်မှတ်ရရ ဒေါ်အောင်ဆန်းစုကြည် တောင် ဒီသီချင်းကို အစာငတ်ခံနေတဲ့ကလေးတွေ ဆိုပြတာကိုကြားရပြီး မျက်ရည်တွေကျခဲ့တာမျိုးတွေ ရှိတယ်။ " လို့ နိုင်မြန်မာက ဆိုပါတယ်။
၁၉၉၈ စက်တင်ဘာ ၁၅/၁၆ ရက်နေ့က စတဲ့ ကမ္ဘာမကြေဘူး သီချင်းလည်း ဒီမိုကရေစီ ဆန္ဒပြလှုပ်ရှားမှုကြီးရဲ့ အမှတ်သင်္ကေတသီချင်း လို့ပြောရလောက်တဲ့ အထိ လူတိုင်းနီးပါး သိခဲ့ကြပါတယ်။
ဒီသီချင်းဟာ ၁၉၈၈ ခုနှစ်ကနေ အခု နှစ် ၃ဝ ပြည့်တဲ့အထိ မြန်မာပြည်ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတိုင်း ၊ ဖိနှိပ်မှု တော်လှန်ရေးတိုင်းမှာ ပါဝင်ခဲ့ပါတယ်။
" ဒီသီချင်းက ဖိနှိပ်ခံလူထုအတွက်၊ ကျောင်းသားတွေအတွက် တိုင်တည်စရာသီချင်းဖြစ်လာတာကို ဝမ်းသာတယ်။ ကျွန်မတို့မှ မဟုတ်ဘူး ၊ ဘယ်အဆိုတော် ဆိုဆို ဒီသီချင်းဆိုတာ ကြားရရင် အဲ့အချိန်က ခံစားချက်အတိုင်းပဲ ပြန်ဖြစ်လာတယ်၊ ကြက်သီးတွေထလာတယ်၊ မျက်စိထဲမှာ ပြန်ပေါ်လာတယ် " လို့ မသင်းသင်းဝေက ပြောပါတယ်။
" အခုနေ အခုအသက်အရွယ် အဲ့လိုလုပ်မလားလို့ မေးရင်တော့ အခြေအနေရပဲပေါ့၊ လုပ်တော့လုပ်ချင်တယ် ၊ ဟိုအရင် အသက် ၂ဝ တုန်းကလိုတော့ မပြတ်သားတော့ဘူး၊ သားတွေသမီးတွေ သံယောဇဉ်တွေ ရကုန်ပြီဆိုတော့ မလွယ်တော့ဘူး " လို့ သူက ရယ်ရင်းနဲ့ ပြောပြပါတယ်။
"ကျွန်တော်တို့မှာ ဒီဖက်ခေတ်ရောက်မှ ကမ္ဘာမကြေဘူး သီချင်းက ကျွန်တော်တို့ ဆိုခဲ့တာပါ လို့ ထုတ်ပြောရဲကြတာ။ အရင်ခေတ်ကသာ ထုတ်ပြောရင် ကျွန်တော်တို့ အဖမ်းခံရမှာ သေချာတယ်" လို့ ကိုရန်နောင် ကလည်း ရယ်ကျဲကျဲနဲ့ ဝင်ပြောပါတယ်။
" ကျွန်တော်တို့က မူရင်းဆိုပေမယ့် ဂုဏ်ယူချင်လို့ပြောတာမဟုတ်ပါဘူး။ တကယ့်မူပိုင်ကတော့ ပြည်သူတွေပါ "လို့လည်း သူက အလေးအနက်ပြောပါတယ်။ ဒီသီချင်းက မြန်မာပြည်ရဲ့နိုင်ငံရေးပွဲတိုင်းကို လွှမ်းမိုးနေဆဲပါ လို့လည်း ဆိုပါတယ်။
" ဒီသီချင်း စရေးထဲကလည်း ဖိနှိပ်ခံရသူတွေကို အားပေးဖို့ ရေးခဲ့တယ်။ ဆိုတဲ့အခါလည်း ပြည်သူလူထုထဲ ရောက်အောင် ဆိုခဲ့ကြတယ် " လို့ တေးရေး နိုင်မြန်မာက ပြောပါတယ်။
" ကျွန်တော့်အတွက်တော့ ကမ္ဘာမကြေဘူး သီချင်းက အမြဲတမ်း အသက်ရှိနေမှာပဲ၊ အမြဲတမ်း စစ်အာဏာရှင်နဲ့ မတရား ဖိနှိပ်အုပ်စိုးတဲ့သူတွေ အပေါ်မှာ ခြောက်လှန့်နေမှာပဲ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာဆို သရဲတစ္ဆေတွေပြေးတဲ့ ဂါထာတွေ ရှိတယ်။ ဒီသီချင်းကလည်း စစ်အာဏာရှင်တွေအတွက်တော့ ဂါထာတပုဒ်ပဲ ၊ အဲ့လိုပဲ ကျွန်တော် ပြောချင်တယ်။ " လို့ သူက ဆိုပါတယ်။