ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၀၁၈ ဖီဖာ ကမ္ဘာ့ဖလား - ကမ္ဘာ့ဖလား ကျိန်စာ သင့် ချန်ပီယံ တွေ
၂၀၁၄ ကမ္ဘာ့ဖလား ချန်ပီယံ ဂျာမနီတို့ ၂၀၁၈ ခုနှစ်မှာတော့ အုပ်စု အဆင့် ကနေပဲ လှည့်ပြန် ခဲ့ရပါပြီ။
ဂျာမနီ တို့က အုပ်စု အက်ဖ် မှာဆွီဒင် နဲ့ပွဲ တပွဲပဲ နိုင်ပြီး အဲဒီ နိုင်ပွဲ ကလည်း ကစားချိန် ၉၆ မိနစ်ကျမှ ဂိုးသွင်းနိုင်ခဲ့တာပါ။ အုပ်စု နောက်ဆုံး ပွဲစဉ်မှာလည်း နောက်တဆင့် တက်ဖို့ မျှော်လင့်ချက် မရှိတော့တဲ့ တောင်ကိုရီးယား ကို ၂ ဂိုး ဂိုး မရှိနဲ့ မရှုမလှ အရှက်တကွဲ ရှုံးနိမ့် ခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိချန်ပီယံတွေ ရှုံးလေ့ ရှုံးထ ရှိပြီး အုပ်စု အဆင့် ကနေ လှည့်ပြန် ခဲ့ရတာ အခုတကြိမ်တည်းတော့ မဟုတ်ပါဘူး။ အုပ်စု အဆင့် ကနေ ချန်ပီယံတို့ လှည့်ပြန် ရပြီဆိုရင် ကမ္ဘာ့ဖလား ကျိန်စာ လို့တောင် လူတွေက တင်စား ခေါ် ဆိုလေ့ ရှိပါတယ်။
၁၉၅၀ ကမ္ဘာ့ဖလား တုန်း ကလည်း အီတလီတို့ အုပ်စု အဆင့် က လှည့်ပြန် ခဲ့ရဖူးပြီး ၁၉၆၆ ခုနှစ် မှာတော့ ဘရာဇီး တို့ ဟာလည်း အုပ်စု အဆင့် ကနေပဲ လှည့်ပြန် ခဲ့ရတာပါ။
၂၀၀၂ ခုနှစ် တောင်ကိုရီးယား နဲ့ ဂျပန် တို့ ပူး တွဲ ကျင်းပတဲ့ ကမ္ဘာ့ဖလားတုန်းကျတော့ လက်ရှိ ချန်ပီယံ ပြင်သစ် တို့ ဟာ အုပ်စု အဆင့်မှာ ဆီနီဂေါကို နိုင်ရင် နောက်တဆင့် တက်လှမ်း တိုင်မှာ ဖြစ်ပေမယ့် ရှုံးနိမ့် ခဲ့လို့ အုပ်စု အဆင့် ကနေပဲ လှည့်ပြန် ခဲ့ရပါတယ်။ အဲဒီ အုပ်စုထဲမှာ ဥရုဂွေးနဲ့ ဒိန်းမတ် တို့ ပါဝင်ပါတယ်။
၁၉၉၈ ခုနှစ် ကမ္ဘာ့ ဖလား မှာ ဖိုင်နယ် တုန်း က ဘရာဇီးတို့ကို သုံးဂိုးပြတ် နဲ့ နိုင်ခဲ့တဲ့ ပြင်သစ် ကို မျှော်လင့် ချက် တွေ ကြီးမား ခဲ့ပေမယ့် ဒါတွေက သဲထဲ ရေသွန် ဖြစ်ခဲ့ရပါတယ်။
၂၀၁၀ ကမ္ဘာ့ဖလား ကျိန်စာ ကို သင့်သူ ကတော့ အီတလီ အသင်းပါပဲ။ ၂၀၀၆ မှာ ချန်ပီယံ ဖြစ်ခဲ့သူတို့ဟာ ၂၀၁၀ မှာတော့ အုပ်စု အက်ဖ် မှာ ပါရာဂွေး၊ နယူးဇီလန်၊ ဆလိုဗက်ကီးယား တို့ နဲ့ တအုပ်စု ထဲ ကျရောက်ခဲ့ပြီး ရမှတ် ၂ မှတ်ပဲ ရလို့ အုပ်စု ကနေ လှည့်ပြန် ခဲ့ရပါတယ်။
စပိန် တို့ဟာ အဲဒီ နှစ်မှာ ဗိုလ်စွဲ ခဲ့ပြီး ၂၀၁၄ ကျတော့ သူလည်း ကမ္ဘာ့ဖလား ကျိန်စာ သင့်ပါတယ်။ အုပ်စု ဘီမှာ နယ်သာလန်၊ ချီလီ၊ သြစတြေးလျ တို့နဲ့ တအုပ်စုထဲ ကျရောက်ပြီး ရမှတ် ၃ မှတ်ပဲ ရပြီး အုပ်စု ကနေ လှည့်ပြန် ခဲ့ရပြန်ပါတယ်။ နယ်သာလန် အသင်းကိုလည်း ၅ ဂိုး တစ်ဂိုး နဲ့ အုပ်စုတွင်း ပြိုင်ပွဲမှာ မရှုမလှ အရေးနိမ့်ခဲ့ရတာပါ။ ပြီးတော့ ချီလီကိုလည်း ၂ ဂိုး ဂိုး မရှိ နဲ့ ရှုံးလို့ ဖြစ်ပါတယ်။
အခု ၂၀၁၈ ကမ္ဘာ့ ဖလား မှာလည်း ဒီကျိန်စာ ဆိုးကြီး က ဂျာမနီ အသင်း ပေါ် ကို ကျရောက် ခဲ့ပါတယ်။ အုပ်စု အဖွင့် ပွဲစဉ်မှာ မက္ကဆီကို အသင်း ကို တစ်ဂိုး ဂိုး မရှိနဲ့ အရေးနိမ့်၊ ဆွီဒင် နဲ့ နောက်တစ်ပွဲ မှာ နိုင်ပေမယ့် တောင်ကိုရီးယား ကိုတော့ မိနစ် ကိုးဆယ်ကျော်မှာ ပေးလိုက်ရတဲ့ ၂ ဂိုး နဲ့ အရှုံး ပေး ခဲ့ရတာပါ။
ဂျာမနီ တို့ဟာ ဒီပွဲ ကို အနိုင် ကစားခဲ့ရင် အုပ်စု အဆင့် ကို ကျော်လွန် ဖြတ်သန်း ဖို့ မျှော်လင့်ချက် ရှိခဲ့ပေမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကစားပွဲပေါင်း ရှစ်ပွဲ ဆက်တိုက် ရှုံးနိမ့် ခဲ့တဲ့ တောင်ကိုရီးယား တို့ ကို အရှုံး ပေး ခဲ့ရတာ ဖြစ်ပါတယ်။
ဒီပွဲ မတိုင်ခင် ခန့်မှန်းချက်တွေထဲမှာ တောင်ကိုရီးယား တို့ အနေ့နဲ့ နိုင်ခြေ ၁ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ဘောလုံး ကျွမ်းကျင်သူတွေက သုံးသပ် ခဲ့ပါတယ်။ ဒီ ၁ ရာခိုင်နှုန်း ကိုပဲ တောင်ကိုးရီးယား တို့ က အမိအရ ဖမ်းဆုပ်ပြီး ဂုဏ်သိက္ခာ ကို မြှင့်တင် သွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
ကမ္ဘာ့ဖလား ချန်ပီယံ သရဖူ ကိုကာကွယ် နိုင်သူ ဆိုလို့ ၁၉၃၄ နဲ့ ၁၉၃၈ မှာ ဗိုလ်စွဲ ခဲ့ဖူးတဲ့ အီတလီ၊ ၁၉၅၈ နဲ့ ၁၉၆၂ ခုနှစ် တွေမှာ ဗိုလ်စွဲ ခဲ့ဖူးတဲ့ ဘရာဇီး နှစ်သင်း ပဲ ဖြစ်ပါတယ်။