အစားအသောက်လား၊ အဆိပ်အတောက်လား

    • ရေးသားသူ, ကိုသိမ်းမြတ်
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

ဟင်းသီးဟင်းရွက်တွေ ဘယ်လောက်စိတ်ချရသလဲ

"ဟင်းသီးဟင်းရွက်တွေနဲ့ ပတ်သက်ပြီး လုံးဝစိတ်မချဘူး။ အပင်စိုက်တဲ့သူတွေနဲ့လည်း ရင်းနှီးနေတော့ သူတို့က ပိုးသတ်ဆေးတွေ သုံးကြတာ မြင်နေရတယ်။ တချို့ပိုးသတ်ဆေးတွေက ဖျန်းပြီး ၇ ရက်လောက်အထိ အစွမ်းသတ္တိကျန်နေတယ်လေ။ အဲဒီတော့ သူတို့က ဖျန်းတယ်၊ ခူးတယ်၊ စျေးမှာသွားရောင်းတယ်။ ဆိုတော့ အဲဒီပိုးသတ်ဆေးတွေက ကျန်နေတယ်ဆိုတော့ စိတ်တော့မချဘူးလေ။"

ညောင်တုန်းက ကိုလတ်ရဲ့အမြင်ဖြစ်ပါတယ်။ ညောင်တုန်းဘက်က စိုက်ခင်းတွေကို သွားရောက်လေ့လာစဉ်မှာ ညောင်တုန်းဒေသခံ ကိုလတ်က ပြောခဲ့တာပါ။

"စားသုံးသူတွေတော်တော်များများက ဒီအစားအစာဟာ အန္တရာယ်ကင်းလား၊ မကင်းလားထက် စျေးပေါမပေါကို ကြည့်ကြတာများတယ်။ ခရမ်းချဉ်သီးဆိုပါတော့။ အနာမရှိ၊ ပိုးမရှိ၊ အသီးကထွား၊ အရောင်ကလှဆို စားတဲ့သူက ကြိုက်ကြတယ်။ အနာမရှိ ပိုးမရှိအောင် ရှေ့ပိုင်းမှာ ပိုးသတ်ဆေး သုံးထားတာကျ သူတို့မသိကြဘူးလေ။ ပိုးသတ်ဆေးတွေ လူ့ခန္ဓာကိုယ်ထဲ ရောက်ပါများတော့ ကင်ဆာဖြစ်ဖို့ အခွင့်အလမ်းက များလာတယ်။"

UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်ရဲ့ စားသောက်ကုန်ဘေးအန္တရာယ်ကင်းရေး ပရောဂျက်မှာ အလုပ်လုပ်ခဲ့ဖူးတဲ့ စိုက်ပျိုးရေးပညာရှင် ဦးကိုလွင်ရဲ့ မှတ်ချက်ဖြစ်ပါတယ်။

အဓိကအန္တရာယ် ၃ မျိုး

စားသောက်ကုန်တွေမှာ ဓာတုပစ္စည်းဆိုင်ရာ အန္တရာယ် (Chemical Hazard)၊ ပိုးမွှားအန္တရာယ် (Biological Hazard)၊ ရုပ်ပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ် (Physical Hazard) တွေရှိတတ်ပါတယ်။

ဓာတုပစ္စည်း အန္တရာယ်

ဓာတုပစ္စည်းဆိုင်ရာ အန္တရာယ်ဆိုတာက ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ငရုတ်သီး၊ သခွားသီး အစရှိတဲ့ သစ်သီးဝလံတွေမှာဆိုရင် ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ အန္တရာယ်မျိုးဖြစ်ပါတယ်။

တခါတရံမှာ ခရမ်းချဉ်သီး၊ သရက်သီး စတဲ့ အသီးတွေကို စျေးတက်ချိန်မှာ မြန်မြန်မှည့်အောင် ဓာတုပစ္စည်း အသုံးပြုတတ် ကြပါတယ်။ အဲသလို အမှည့်မြန်အောင် သုံးတဲ့ဆေး ဒါမှမဟုတ် ပိုးသတ်ဆေးတွေဟာ ဆေးအစွမ်းသတ္တိမကုန်ခင်မှာ စားသုံးသူတွေလက်ထဲရောက်သွားပြီး စားသုံးသူတွေရဲ့ ဗိုက်ထဲအထိ ရောက်သွားပါတယ်။ အသီးလှလှ၊ အရောင်လှလှလေးကို ကြိုက်တဲ့ စားသုံးသူဟာ ဓာတုပစ္စည်းကို ပိုက်ဆံပေးဝယ်စားရသလို ဖြစ်သွားပါတယ်။ ရောဂါကို၊ အန္တရာယ်ကို ပိုက်ဆံနဲ့ဝယ် စားသုံးရသလို ဖြစ်သွားပါတယ်။

ငါးခြောက်မှာသုံးတဲ့ ယင်မနားဆေး၊ ငါးခြောက်အပါအဝင် တခြားစားသောက်ကုန် အမျိုးမျိုးမှာသုံးတဲ့ စက်မှုလုပ်ငန်းနဲ့ ဓာတ်ခွဲခန်းသုံးဆိုးဆေးတွေဟာလည်း ဓာတုပစ္စည်း အန္တရာယ်ထဲမှာ ပါဝင်ပါတယ်။

ပိုးမွှားအန္တရာယ်

ပိုးမွှားအန္တရာယ်က အစားအသောက်မှာ ရောဂါပိုးမွှားပါတာကို ပြောတာပါ။ သြစတြေးလျမှာ အမျိုးသမီးတယောက်ဟာ သလဲသီးစားပြီး အသားဝါ အေပိုး ကူးစက် သေဆုံးသွားခဲ့ဖူးပါတယ်။ အီဂျစ်က တင်သွင်းတဲ့ သလဲသီးမှာ ပိုးပါလာတာဖြစ်ပြီး လူတော်တော်များများကို ကူးစက်ခဲ့ပါတယ်။

ဗြိတိန်ကအမဲသားမှာ နွားရူးရောဂါပိုး ပါခဲ့ဖူးပါတယ်။ ကြက်ဥမှာ ဆယ်မိုနယ်လာ ပိုးတွေ့ခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံက အစားအသောက်တွေမှာ အန္တရာယ်ကြီးတဲ့ ပိုးမွှားပါလာတာမျိုးကို တွေ့ရတယ်လို့ မကြားမိပါဘူး။ ဒါပေမယ့် မစစ်ဆေးနိုင်လို့ မတွေ့တာလည်း ဖြစ်နိုင်ပါတယ်။

ရုပ်ပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်

ရုပ်ပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်ဆိုတာက အစားအသောက်နဲ့ ထိစပ်တဲ့ ရုပ်ပတ်ဝန်းကျင်ကို ဆိုလိုပါတယ်။ အစားအသောက် စိုက်ပျိုးရာနေရာ၊ စားသောက်ကုန် ထုတ်လုပ်ရာနေရာ၊ စားသောက်ကုန် ထုပ်ပိုးတဲ့ပစ္စည်း၊ စားသောက်ကုန် သယ်ယူပို့ဆောင်တဲ့ ယာဉ်ရထား၊ စားသောက်ကုန်ရောင်းချတည်ခင်းရာ နေရာတို့နဲ့ သက်ဆိုင်ပါတယ်။

တချို့စားသောက်ကုန်တွေ ထုတ်လုပ်ရာနေရာတွေမှာ နံရံနဲ့ ကြမ်းခင်းကို ကြွေပြားကပ်ထားရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးရှိပါတယ်။

စျေးကြီးတွေမှာ ပုပ်သိုးဟင်းသီးဟင်းရွက်အပါအဝင် အမှိုက်ပုံရာနေရာတွေနဲ့ သစ်သီးဝလံ သားငါး ကုန်တင်ကုန်ချ လုပ်ရာနေရာတို့ နီးစပ်နေတာဟာ ရုပ်ပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်ရော ပိုးမွှားအန္တရာယ်နဲ့ပါ သက်ဆိုင်တယ်လို့ ဆိုနိုင်ပါတယ်။ အမှိုက်ပုံထဲက ပိုးမွှားဟာ ဟင်းသီးဟင်းရွက်နဲ့ အသားငါးတွေဆီ ကူးစက်ရောက်ရှိနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ငပိနဲ့ လက်ဖက်တွေကို ခြေနဲ့နင်းသိပ်တဲ့ အလေ့အထဟာ အခုထိ ရှိပါသေးတယ်။ ဒါဟာ ရုပ်ပတ်ဝန်းကျင်မသန့်ရှင်းမှု ပြဿနာ ဖြစ်ပါတယ်။

လမ်းဘေး စားသောက်ဆိုင်တချို့ဟာ တည်ခင်းရောင်းချတဲ့နေရာက သိပ်နိမ့်ပါတယ်။ လမ်းနဲ့လည်း သိပ်နီးပါတယ်။ လမ်းသွားလမ်းလာတွေရဲ့ ဖိနပ်က ဖုန်သို့မဟုတ် ရွှံ့တွေဟာ ရောင်းသူ၊စားသူ မသိလိုက်ဘဲ အစားအသောက်ထဲကို ဝင်သွားနိုင်ပါတယ်။ အနီးနားပတ်ဝန်းကျင်က မသန့်ရှင်းရင် ပိုးမွှားကူးစက်ဝင်ရောက်နိုင်ပါတယ်။

ရန်ကုန်မြို့မှာ ခုံးကျော်တံတားအောက် မုန့်ဟင်းခါးရောင်းတဲ့ အထမ်းစျေးသည်ရဲ့ မုန့်ဟင်းခါးအိုးထဲကို ခုံးကျော်တံတားပေါ်က ထွေးလိုက်တဲ့တံတွေးစက် ဝင်သွားတာကို မြင်ခဲ့ဖူးပါတယ်။

အစားအသောက်အပေါ်မှာသံသယသံသရာ

မြင်မြင်သမျှ အစားအသောက်တွေကို သံသယဝင်နေရတာဟာ သံသရာ မဆုံးနိုင်လောက်အောင် ဖြစ်လာနေပါတယ်။

ကြည်ကြည်လင်လင်၊ ရေကိုမြင်လျက်

ရေတွင်ဆိပ်ခိုး၊ ပါလေနိုးနှင့်

စိုးရွံ့မသောက်သာပြီတကား။

ရွမ်းမှည့်ရွှင်ရွှင်၊ သစ်သီးမြင်လျက်

သူ့တွင်ဆိပ်ခိုး၊ ပါလေနိုးနှင့်

စိုးရွံ့မစားသာပြီတကား။

ကေသီလှိုင်ရဲ့ သံသယဆိုတဲ့ ကဗျာထဲမှာ အဲသလို ရေးစပ်ခဲ့ဖူးပါတယ်။ အခုလည်း မြန်မာနိုင်ငံက အစားအသောက်တွေမှာ သံသယပွားစရာတွေချည်းလိုလို ဖြစ်နေပါတယ်။

မှော်ဘီမြို့က ပင်စင်စားကြီးတယောက်က ဟင်းသီးဟင်းရွက်တွေကို စျေးကဝယ်စားရတာ စိတ်မချလို့ အိမ်မှာ ကိုယ်တိုင်စိုက်ပျိုးစားသောက်တယ်လို့ ဆိုပါတယ်။

တချိန်တုံးက ရွှမ်းစိုရွမ်းမှည့်ထွားကျိုင်းတဲ့ သစ်သီးမျိုးကို ရွေးစားတတ်ကြတဲ့ စားသုံးသူတချို့ဟာ အခုအခါမှာတော့ ပိုးပါတဲ့သစ်သီးက ပိုပြီးအန္တရာယ်ကင်းတယ်လို့ ယူဆလာကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပိုးကိုက်တဲ့ သစ်သီးဟာ ပိုးသတ်ဆေးမပါလို့ ဖြစ်ပါတယ်။

ဘယ်လိုစီမံကွပ်ကွဲမလဲ

အခုလည်း အစားအသောက်တွေကို စားသောက်ကုန်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ကွပ်ကဲထိန်းချုပ်နေတာပဲ မဟုတ်လား။ အဲသလိုနည်းနဲ့ မဖြေရှင်းနိုင်ဘူးလားလို့ မေးစရာရှိပါတယ်။

FDA ရုံးခွဲတွေကို အခုလောလောဆယ်နှစ်တွေအတွင်းမှာ တိုင်းနဲ့ ပြည်နယ် အနှံ့အပြားတိုးချဲ့ ဖွင့်လှစ်လာတဲ့အတွက် ရှေးကထက်ပိုပြီး တိုးတက်လာပါတယ်။

ဒါပေမယ့် FDA အမှန်တကယ် တာဝန်ရှိတဲ့ နယ်ပယ်ဟာ မွမ်းမံစီစဉ်ထုတ်လုပ်ထားတဲ့ အစားအစာတွေနဲ့သာ ပတ်သက်ပါတယ်။

လမ်းဘေး အစားအသောက်တွေ၊ ဆိုင်ဖွင့်ရောင်းချတဲ့ အစားအသောက်တွေ၊ စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းနေရာတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးစံချိန်စံညွှန်းနဲ့ ကိုက်ညီမှု ရှိမရှိ စစ်ဆေးထိန်းချုပ်ရမယ့် တာဝန်က စည်ပင်သာယာ ကျန်းမာရေးဌာနရဲ့ တာဝန်ဖြစ်ပါတယ်။

ဒါပေမယ့် စည်ပင်သာယာ ကျန်းမာရေးဌာနမှာ တခြား လုပ်ငန်းတာဝန်တွေလည်းရှိနေပြီး ရှိတဲ့လူအင်အားနဲ့ ဆိုင်တိုင်းကို စစ်ဆေးဖို့ရာ လုံလောက်တဲ့ အင်အား မရှိပါဘူး။

ကျန်းမာရေးစံချိန်စံညွှန်းနဲ့ ကိုက်ညီမှုရှိမရှိ စည်ပင်သာယာ ကျန်းမာရေးဌာနက ပုံမှန် စစ်ဆေးနိုင်တဲ့ ဆိုင်အရေအတွက်ဟာ အလွန်အမင်း နည်းပါးပါတယ်။ တိုင်ကြားမှုရှိလို့ သွားရောက်စစ်ဆေးတာမျိုးသာ များပါတယ်။

အသားမျိုးစုံကို စစ်ဆေးရမယ့် တာဝန်ကတော့ စည်ပင်သာယာအောက်က တိရစ္ဆာန် မွေးမြူရေးနဲ့ ကုသရေးဌာနရဲ့ အောက်မှာရှိပါတယ်။ ငါး၊ ငပိ၊ ငါးခြောက်တွေကို စစ်ဆေးရမယ့်တာဝန်က ငါးလုပ်ငန်း ဦးစီးဌာနရဲ့ အောက်မှာရှိပါတယ်။

အစားအသောက်နဲ့ပတ်သက်ပြီး စီမံကွပ်ကဲတဲ့ဌာနတွေဟာ မျိုးစုံဖြစ်နေပြီး တခုနဲ့ တခု စနစ်တကျ ချိတ်ဆက်ထားတာ၊ သတင်းအချက်အလက် ဖလှယ်တာ၊ ပူးပေါင်းဆောင်ရွက်တာမျိုးကလည်း မရှိသလောက်နည်းပါး အားနည်းပါတယ်။

စားသောက်ကုန်အားလုံးကို တခုတည်းသော စားသောက်ကုန်ကွပ်ကဲရေး ဗဟိုဌာန တခုအောက်မှာ ထားပြီး ဝန်ထမ်းဦးရေ၊ ဘတ်ဂျက် စတဲ့လိုအပ်ချက်တွေကိုလည်း အများအပြားဖြည့်တင်းပြီး စားသောက်ကုန် ထုတ်လုပ်ရောင်းချတဲ့ နေရာတိုင်းကို ကြီးကြပ်စောင့်ကြည့်နိုင်မှသာ နိုင်ငံတကာက ကြီးကြပ်ကွပ်ကဲတဲ့ စံချိန်မျိုးကို မီနိုင်ပါမယ်။ ဒါမှသာ အများပြည်သူရဲ့ ကျန်းမာရေးအတွက် တော်တော်များများ စိတ်ချ ယုံကြည်နိုင်တဲ့ စားသောက်ကုန်တွေကို စျေးတွေမှာ တွေ့မြင်လာရမှာ ဖြစ်ပါတယ်။