ကားလ်မာ့က်စ်ရဲ့ ကျေးဇူးတရား ၅ ခု

ဓာတ်ပုံ ရင်းမြစ်, Getty Images
သီတင်းပတ် အကုန်မှာ အားလပ်ရက် ရတာ ကြိုက်သလား။
အများပြည်သူပိုင် လမ်းပေါ်မှာ ကားမောင်းရတာ၊ ပြည်သူ့ စာကြည့်တိုက်တွေထဲ ဝင်ရတာတွေကိုကော ကြိုက်သလား။
မတရားမှု၊ မမျှတမှုနဲ့ အမြတ်ထုတ်တာတွေကို အဆုံးသတ်တာ မြင်ချင်သူတွေထဲမှာ ပါသလား။
ဒါဆိုရင် မေလ ၅ ရက်မှာ ကျတဲ့ ကားလ်မာ့က်စ် နှစ် ၂ဝဝ ပြည့်ကို သတိရမိမှာ အမှန်ပါ။ ဘာကြောင့်ဆိုတော့ သူက ဒီကိစ္စတွေမှာ ချန်ပီယံ တဆူ ဖြစ်ခဲ့တာကိုး။
၂ဝ ရာစု သမိုင်းကို ဖြတ်သန်းခဲ့သူတွေကတော့ မာ့က်စ် အဘိဓမ္မာ နိုင်ငံရေးရဲ့ ကြမ်းတမ်းတဲ့ အတိတ်ကို သတိရနေကြပါလိမ့်မယ်။
လူမှု ပြုပြင်ပြောင်းလဲရေးမှာ သူ့အတွေးအခေါ်တွေက လွှမ်းမိုးခဲ့ပေမယ့်လည်း အလျင်အမြန် ပြောင်းလဲမှု လိုချင်တဲ့ ဆန္ဒကြောင့် ပရမ်းပတာ ရလဒ်တွေ ရခဲ့ပါတယ်။
သူ့ရဲ့ သဘောတရားတွေကို အာဏာရှင် စနစ်၊ ဖိနှိပ် သတ်ဖြတ်မှုတွေနဲ့ စရနယ်လိုက်တဲ့အခါ မာ့က်စ်ရဲ့ ပုံရိပ်က အငြင်းပွားစရာ ဖြစ်နေပါတယ်။
ဒါပေမဲ့ မာ့က်စ်ရဲ့ လူသားဆန်တဲ့ စာမျက်နှာမှာတော့ ကမ္ဘာလောကကြီး ပိုမို နေပျော်ဖွယ် ဖြစ်အောင် သူ့အတွေးအခေါ်တွေက အကျိုးပြုခဲ့တာကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တကမ္ဘာလုံးရဲ့ စီးပွားရေး ကို အလွန်ချမ်းသာတဲ့ လူလက်တဆုပ်က ကြိုးကိုင်မှာ၊ အရင်းရှင်စနစ်ရဲ့ မတည်မြဲ ပြိုကွဲလွယ်တဲ့ သဘာဝကြောင့် စီးပွားရေး အကျပ်ဆိုက်ပြီး လူတွေကို ဒုက္ခပေးတာ၊ စက်မှုတော်လှန်ရေးကြောင့် လူလူချင်း ဆက်ဆံရေးတွေ ပြောင်းကုန်တာတွေဟာ မာ့က်စ်မှန်းထားတဲ့ အချက်တွေထဲက ၂၁ ရာစုမှာ မှန်ကန်လာတဲ့ အချက်တွေပါပဲ။
ခုရော သူပြောတဲ့အထဲက ဘာတွေ သက်ရောက်တာတွေ ရှိနေသေးသလဲ။
၁။ကလေးတွေကို အလုပ်မသွားခိုင်းဘဲ ကျောင်းသွားစေချင်သူ
မာ့က်စ်တို့ ခေတ် ၁၈၄၈ ကွန်မြူနစ် ကြေညာစာတမ်း ရေးတဲ့အချိန် မှာ ကလေးအလုပ်သမား ဆိုတာ မထူးဆန်းပါဘူး။
ခုချိန်ထိ ကမ္ဘာမှာ ကလေး ၁ဝ ယောက်မှာ တယောက် အလုပ်လုပ်နေရတယ်လို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမဲ့ ကလေးအများစု စက်ရုံတွေကနေ ကျောင်းကို ရောက်လာတာမှာ မာ့က်စ်ရဲ့ အရေးအသားက အများကြီး ကျေးဇူးပြုပါတယ်။
မာ့က်စ်နဲ့ အိန်ဂျယ်တို့ရဲ့ ကွန်မြူနစ် ကြေညာ စာတမ်းမှာ ပါတဲ့ အချက် ၁ဝ ချက်မှာ တချက်က ကလေးတိုင်းအတွက် ကျောင်းတွေမှာ အခမဲ့ ပညာရေး ရဖို့၊ ကလေး လုပ်သား ပပျောက်ဖို့ ဖြစ်တယ်လို့ ကနေ့ခေတ် အတွေးအခေါ်ကို လွှမ်းမိုးတဲ့ စီးပွားရေး ပညာရှင်ကြီးများ စာအုပ်ကို ရေးတဲ့ လင်ဒါယူးက ပြောပါတယ်။
ကလေးအခွင့်အရေး ကိစ္စမှာ မာ့က်စ်နဲ့ အိန်ဂျယ်က ပထမတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မာ့က်စ်ဝါဒကြောင့် မသင်မနေရ ကလေးပညာရေး ၊ ကလေးလုပ်သားတွေကို စက်ရုံတွေမှာ ခွင့်မပြုတာတွေ ၁၉ ရာစုနှောင်းမှာ ဖြစ်လာတယ်လို့လည်း သူက ဆိုပါတယ်။
၂။ လူတိုင်း အချိန်ပို ရစေလိုသူ
အခုခေတ်က တရက်ကို ၂၄ နာရီ၊ တပတ်ကို ၇ ရက် လုပ်ရတဲ့ ခေတ် မဟုတ်တော့ပါဘူး။ နေ့လယ်စာ စားချိန်လည်း ရလာပြီ။ အသက်ကြီးရင်လည်း အငြိမ်းစား လစာ ခံစားခွင့် ရှိပါတယ်။
ဒါတွေကို သတိထားမိရင် မာ့က်စ်ကို ကျေးဇူးတင်နိုင်ပြီပေါ့။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အလုပ်မှာ နာရီအကြာကြီး လုပ်ရရင် ကိုယ့်အချိန် ကိုယ်မပိုင်ဘဲ ကျွန်တော်တို့ ကိုယ်ပိုင်ဘဝ အတွက် တာဝန်ယူနိုင်တော့မှာ မဟုတ်ပါဘူးလို့ လန်ဒန် တက္ကသိုလ်က ပါမောက္ခ မိုက် ဆဗချ်က ပြောပါတယ်။
အရင်းရှင် လူ့အဖွဲ့အစည်းမှာ ရှင်သန်ဖို့အတွက် လူတွေ လုပ်အားကို ငွေနဲ့လဲရတဲ့အကြောင်း မာ့က်စ်က ရေးခဲ့ပါတယ်။
ဒါပေမဲ့ ညီမျှတဲ့ လဲလှယ်မှု မဟုတ်ဘဲ အမြတ်ထုတ် သွေးစုပ်တာတွေ ဖြစ်လာတယ်၊ လူတွေလည်း လူ့သဘာဝ ပျောက်တဲ့အထိ ဖြစ်ကုန်တယ်လို့ မာ့က်စ်က ရေးခဲ့ပါတယ်။
မာ့က်စ်က သူနဲ့ ရောင်းရင်း အလုပ်သမားတွေကို လွတ်လပ်ပြီး ဖန်တီးနိုင်စွမ်းရှိတဲ့ ကိုယ့်အချိန် ကိုယ်ပိုင်ဆိုင်တဲ့ သူတွေ ဖြစ်စေချင်ပါတယ်။
အလုပ်က မကြီးစိုးတဲ့ ဘဝမျိုး နေနိုင်သင့်တယ်လို့ မာ့က်စ်က ပြောခဲ့တယ်လို့ ပါမောက္ခ ဆဗချ် က ပြောပါတယ်။ ကိုယ့်ဘဝကို ကိုယ့်စိတ်ကြိုက် ပုံဖော် နိုင်သင့်တယ် ဆိုတဲ့ မာ့က်စ်ရဲ့ စကားက လူအများစုကြီးရဲ့ စံနှုန်း ဖြစ်လာပါပြီလို့လည်း ဆိုပါတယ်။
မနက်ခင်း အမဲလိုက်၊ နေ့လယ် ငါးမျှား၊ ညနေ နွားကျောင်းပြီး ညစာစားပြီးချိန်မှာ လေကန် နိုင်ရမယ် လို့ မာ့က်စ်က ပြောခဲ့ဖူးပါတယ်။
မာ့က်စ်ဟာ လွတ်လပ်မှု ကို ပြင်းပြင်းပြပြ ယုံကြည်သူ ဖြစ်တယ်လို့လည်း ဆဗချ်က ဆိုပါတယ်။
၃။ အလုပ်ခွင် ပျော်ရွှင်မှု ရစေလိုသူ
အလုပ်မှာ ဖန်တီးနိုင်စွမ်းရှိမှ ၊ ကိုယ့်အစွမ်းအစတွေကို ထုတ်ပြနိုင်မှ အလုပ်မှာ လူတွေပျော်လာမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမဲ့ အလုပ်မှာ မပျော်ဘူးဆိုရင်၊ အလုပ်က စိတ်ကြိုက်မဟုတ်ရင် စိတ်ဓာတ်ကျလာမှာပါ။
ဒီစကားတွေကို ပြောခဲ့တာက ဆီလီကွန်တောင်ကြားက ခေတ်ပေါ် စိတ်ခွန်အားဖြည့် ကျမ်းဆရာ မဟုတ်ပါဘူး။ ၁၉ ရာစုက လူတယောက် ပြောခဲ့တာ ဖြစ်ပါတယ်။
၁၈၄၄ က ထုတ်တဲ့ စီးပွားရေးနဲ့ အတွေးအခေါ် စာတမ်းများ စာအုပ်ကို ကြည့်ရင် မာ့က်စ်ဟာ အလုပ်ခွင် ပျော်ရွှင်မှုနဲ့ စိတ်ချမ်းသာမှုကို အစောဆုံး စစဉ်းစားခဲ့တာကို တွေ့ရမှာပါ။
အလုပ်မှာ အချိန်အကြာကြီး နေရရင် အဲဒီက ပျော်ရွှင်မှု ရသင့်တယ်လို့ သူက စဉ်းစားခဲ့ပါတယ်။
ကိုယ့်ဖန်တီးမှုက အလှကို မြင်နိုင်ရင်၊ ကိုယ့်အလုပ်ကို ကိုယ်ဂုဏ်ယူရင် အလုပ်မှာ ပျော်လာပြီး စိတ်ချမ်းသာမှုရမှာ ဖြစ်ပါတယ်။
အရင်းရှင်စနစ်ရဲ့ တရကြမ်း အတိုးအမြတ် ရှာမှု၊ အစုအပြုံလိုက် ထုတ်လုပ်မှုကြောင့် အလုပ်တွေ ခွဲဖြာ ပေါ်လာတာကို မာ့က်စ်က တွေ့ရှိခဲ့ပါတယ်။
နေ့တိုင်း ဂွတွေပဲ အကြိမ်များစွာ ထိုင်ကျပ်နေရရင် အလုပ်မှာ ပျော်မှာ မဟုတ်ပါဘူး။
၄။ လူထုကို အပြောင်းအလဲ ဖော်ဆောင်သူ ဖြစ်စေချင်
ကိုယ့် လူမှု အဖွဲ့အစည်းမှာ မှားနေတာ၊ မတရားတာ၊ မမျှတတာတွေ တွေ့ရင် လူတွေဟာ ကိုယ်တိုင် ဆော်သြ ဆန္ဒပြတာ၊ အပြောင်းအလဲအတွက် ကြိုးစားတာတွေ လုပ်တတ်ကြပါတယ်။
၁၉ ရာစု ဗြိတိန်မှာတော့ အရင်းရှင် စနစ်ကို အလုပ်သမားတွေက ဖြိုလဲလို့ မရဘူးလို့ ယူဆခဲ့ကြပါတယ်။
ဒါပေမဲ့ အပြောင်းအလဲကို ယုံတဲ့ မာ့က်စ်က လူတွေကို ကိုယ်တိုင် ကြိုးစားကြဖို့ အားပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စုဝေး ဆန္ဒ ပြတာတွေကြောင့် နိုင်ငံအများအပြားမှာ လူမျိုးရေး ခွဲခြားတာ၊ လိင်တူချစ်သူတွေကို နှိမ့်ချတာ၊ လူတန်းစား ခွဲခြားတာတွေကို တားမြစ်တဲ့ ဥပဒေတွေ ပေါ်လာပါတယ်။
လူ့အသိုင်းအဝိုင်းကို ပြောင်းပစ်ဖို့ တော်လှန်ရေး လိုတယ်လို့ လန်ဒန် မာ့က်စ်ဝါဒီ ပွဲတော် စီစဉ်သူ လီးဝစ် နီးလ်ဆန်က ဆိုပါတယ်။ လူမှု တိုးတက်ဖို့ ဆန္ဒပြရတယ်၊ ဒါနဲ့ သာမန်လူတွေ ကျန်းမာရေး စောင့်ရှောက်မှု ရလာပြီး တရက် ၈ နာရီ အလုပ်ချိန် ဖြစ်လာတာ လို့လည်း ဆိုပါတယ်။
မာ့က်စ်ကို အတွေးအခေါ်ရှင်လို့ ခေါ်ကြပေမယ့် သူက သဘောမကျပါဘူး။ မာ့က်စ်ဘဝမှာ နိုင်ငံတကာ အလုပ်သမား အသင်းကို ဖွဲ့ခဲ့တာ၊ အလုပ်သမား ဘဝ တိုးတက်အောင် တိုက်ပွဲဝင်ခဲ့တာတွေ ရှိတယ်လို့ သူက ဆိုပါတယ်။
တကမ္ဘာလုံးက အလုပ်သမားတွေ သွေးစည်းကြ ဆိုတဲ့ သူ့ရဲ့ စကားက တကယ့် တိုက်ပွဲ ခေါ်သံ ဖြစ်လာပြီး တိုးတက်ဖို့ တိုက်ပွဲဝင် ဆိုတဲ့ အစဉ်အလာ ပေါ်ထွန်းလာတယ်။ ဒါဟာ မာ့က်စ် သဘောတရားမှာ မြစ်ဖျားခံ တယ်လို့ သူက ဆက်ပြောပါတယ်။
အမျိုးသမီးတွေ မဲပေးခွင့် ရလာတာကလည်း အမျိုးသားတွေက သူတို့ကို သနားလို့ မဟုတ်ဘဲ သူတို့ကိုယ်တိုင် ဆန္ဒပြ တိုက်ပွဲဝင်လာလို့ပါ။ ကျွန်တော်တို့ တပတ် နှစ်ရက် အနားရတာလည်း အလုပ်သမား သမဂ္ဂတွေ တိုက်ပွဲဝင် လာလို့ပါလို့ နီးလ်ဆန်က ပြောပါတယ်။
ဒါကြောင့် ပြုပြင်ရေး မလုပ်ရင် တော်လှန်ရေး လာလိမ့်မယ်လို့ ဗြိတိသျှ ကွန်ဆာဗေးတစ် နိုင်ငံရေးသမား ကွင်တင် ဟော့ဂ် ပြောခဲ့ပါတယ်။
၅။ အစိုးရနဲ့ လုပ်ငန်းကြီးတွေ ရင်းနှီးမှုကို နားလည်စေလိုသူ
အစိုးရတွေနဲ့ ကော်ပိုရေးရှင်းကြီးတွေကြား ရင်းနှီးမှုကို ဘယ်လို သဘောရသလဲ။
ဂူဂယ်က တရုတ်ပြည် အစိုးရကို နောက်က ကူညီနေတာကို မသက်မသာ ခံစားမိသလား။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဖေ့စ်ဘွတ်က အချက်အလက်တွေကို မဲဆန္ဒရှင်တွေရဲ့ အချက်အလက် ရောင်းစားမယ့် အဖွဲ့ကို ပေးတာမျိုး ဆို ရင်ကော။
ဒီလို ကိစ္စတွေကို မာ့က်စ်နဲ့ အိန်ဂျယ်က ၁၉ ရာစု ကတည်းက ပြောခဲ့ပါတယ်။
အဲဒီအချိန်က လူမှု ကွန်ရက်တွေ မပေါ်သေးပေမယ့် သူတို့ဟာ ဒီ အန္တရာယ်တွေကို စပြီး လေ့လာ စူးစမ်းသူတွေ ဖြစ်တယ်လို့ ဗျူနိုအေးရီးစ် တက္ကသိုလ်က ရာဇဝတ်မှုခင်း ပညာ ပါမောက္ခ Valeria Vegh Weis က ဆိုပါတယ်။
ကော်ပိုရေးရှင်း ကွန်ရက် အနေနဲ့ အစိုးရတွေ၊ ဘဏ်တွေ၊ စီးပွားရေးတွေကြား ကိုလိုနီ ကျွန်ပြုရာမှာ ဘယ်လို ချယ်လှယ်တယ် ဆိုတာ သူတို့ သေချာ လေ့လာခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီလိုလုပ်လာတာကို ၁၅ ရာစုထိ ပြန်လှန်ကြည့်တာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုလိုနီ ရှာဖွေမှုမှာ အကျိုးရှိမယ် ဆိုရင် ကျွန်စနစ်ကိုလည်း ဥပဒေနဲ့ ခွင့်ပြုဖို့ အစိုးရတွေက အားပေးတယ် ဆိုတာကို မာ့က်စ်တို့ တွေ့ရတယ်လို့ Vegh Weis က ပြောပါတယ်။
မီဒီယာရဲ့ စွမ်းအားကို မာ့က်စ်ရဲ့ စူးရှတဲ့ အမြင်ဟာ ၂၁ ရာစုမှာလည်း လာပြီး မှန်နေပါတယ်။
လူထု အမြင်ကို လွှမ်းမိုးရာမှာ စာပေရဲ့ တန်ခိုးကြီးမှုကို မာ့က်စ်က နားလည်တယ်၊ အခုပြောနေတဲ့ သတင်းတု၊ မီဒီယာ သွေးလန့်တာ တွေကို မာ့က်စ်က တွေ့ခဲ့ပြီးသားလို့လည်း Vegh Weis က ထောက်ပြပါတယ်။
လူဆင်းရဲတွေ ကျူးလွန်တဲ့ ပြစ်မှု သတင်းတွေကို ပုံကြီးချဲ့ရေးတာ၊ လူချမ်းသာတွေ အမှု နဲ့ နိုင်ငံရေး အရှုပ်တော်ပုံတွေကို လျှော့ပေါ့ရေးတာတွေကို သူတွေ့ခဲ့တယ်လို့လည်း ဆိုပါတယ်။
စာနယ်ဇင်းဟာ လူ့အဖွဲ့အစည်းကို ထက်ခြမ်းခွဲဖို့လည်း အသုံးကျပါတယ်။
အိုင်းရစ်လူမျိုးတွေက အင်္ဂလိပ်တွေဆီက အလုပ်တွေ လုနေတယ်၊ အဖြူအမည်း ၊ ယောက်ျား မိန်းမ၊ နယ်ခံနဲ့ နောက်မှရောက်လာသူတွေကို ခွဲခြားရေးတာ တွေနဲ့ လူ့အဖွဲ့အစည်းရဲ့ ဆင်းရဲတဲ့ အပိုင်းမှာ ရန်ပွဲတွေနဲ့ ဆူညံနေပြီး အာဏာရှိတဲ့ ထိပ်ပိုင်းကတော့ ဆက်ပြီး ပန်းပန်နေတယ် လို့လည်း Vegh Weis က ဆိုပါတယ်။
တကယ်က မာ့က်စ်ဝါဒဟ အရင်းရှင်စနစ် အရင် ပေါ်တာပါ။
ကမ္ဘာက အရင်းရှင် စနစ်ကို သတိပြုမိချိန်မှာ မာ့က်စ်ဝါဒအကြောင်းကို လူတွေ ဖတ်ဖူးပြီးကြပါပြီ။
ဘောဂဗေဒရဲ့ ဖခင် အဒမ်စမစ်က စျေးကွက်စီးပွားရေးရဲ့ ကိုယ်ပျောက်လက် ဆိုပြီး ရေးခဲ့ပေမယ့် အရင်းရှင် စနစ်အကြောင်း စတွေ့တာက ၁၈၅၄ က ထုတ်တဲ့ စာရေးဆရာ ဝီလျံ သက္ကရေးရဲ့ ဗင်နီတီဖဲ ဝတ္ထုမှာ ဖြစ်တယ်လို့ လင်ဒါယူးက ဆိုပါတယ်။
အရင်းကို ပိုင်တဲ့သူ အဖြစ် အရင်းရှင် ဆိုတဲ့ စကားလုံးကို သက္ကရေးက စသုံးတာလို့ ယူးက ဆိုပါတယ်။
စီးပွားရေး အမြင်နဲ့ အရင်းရှင်စနစ် ဆိုတဲ့ စကားကို ၁၈၆၇ က ထုတ်တဲ့ အရင်းကျမ်းမှာ စသုံးတာဟာ မာ့က်စ်ပါ။ အဲဒီနောက် မာ့က်စ်ဝါဒနဲ့ ဆန့်ကျင်ဘက် စကား အဖြစ် အဲဒီစကားကို သုံးလာကြပြီး မာ့က်စ် အတွေးအခေါ် တွေက အရင်းရှင် စနစ် အရင်ပေါ်တယ် ပြောလို့ရပါတယ် လို့ ယူးက ဆိုပါတယ်။







