'တရုတ်-မြန်မာဆက်ဆံရေး' အများမသိတဲ့အချက်

(၁) မြန်မာနိုင်ငံဟာ ၁၉၄၈ ဇန်နဝါရီ (၄)ရက်မှာ လွတ်လပ်ရေးရပြီး တရုတ်ပြည်သစ်က ၁၉၄၉ အောက်တိုဘာ(၁)ရက်နေ့မှ ပေါ်ထွက်လာရာ ကြားကာလ တနှစ်ကျော် တရုတ်-မြန်မာ သံတမန် ဆက်ဆံရေးဟာ ကူမင်တန် အစိုးရနဲ့ပဲ ဖြစ်ခဲ့ပါတယ်။ ဖဆပလရဲ့ ပထမဆုံးသော တရုတ်ပြည်ဆိုင်ရာ မြန်မာသံအမတ်ကြီးဟာ ဦးမြင့်သိန်း ( နောင် တရားဝန်ကြီးချုပ်) ဖြစ်ပါတယ်။

ဦးမြင့်သိန်းဟာ လုပ်ကြံခံရတဲ့ အိုင်စီအက်ဦးတင်ထွတ် နဲ့ ဒေါက်တာထင်အောင်တို့ရဲ့ အစ်ကိုကြီး ဖြစ်ပါတယ်။ တရုတ်ပြည်သစ် ပေါ်လာတော့ ဦးမြင့်သိန်းကိုပဲ ဆက်လက်ခန့်ထားခဲ့ရာ ဦးမြင့်သိန်းဟာ ၁၉၅၁ ဇွန်လအထိ မြန်မာသံအမတ်ကြီး တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

(၂) တရုတ်ပြည်သစ်ကို ခရီးဦးကြိုပြုဖို့ အာဏာရ ဖဆပလ အဖွဲ့ကြီးအတွင်း ဆွေးနွေးကြရာမှာ အပြင်းအထန် ကန့်ကွက်ခဲ့သူက ဆိုရှယ်လစ် ဦးကျော်ငြိမ်း ဖြစ်ပါတယ်။

(၃) ၁၉၅၆ အောက်တိုဘာ-နိုဝင်ဘာ ခရီးစဉ်အတွင်း နယ်နိမိတ်ကိစ္စအတွက် နားချပြောဆိုရာမှာ ဖီမော်-ဂေါ်လန်-ကန်ဖန် ရွာသုံးရွာ မပေးနိုင်၊ ပေးရပါက သူကိုယ်တိုင် လက်နက်ကိုင်ပြီး ပြန်တိုက်မယ်လို့ ဦးနုကို ပြောခဲ့သူက အဲဒီတုန်းက ကချင်ပြည်နယ်ဥက္ကဋ္ဌ ဦးဇန်ထားဆင် ဖြစ်ပါတယ်။

ဒါပေမဲ့ ၁၉၆ဝ ဇန်နဝါရီ (၂၈)မှာ ဗိုလ်ချုပ်ကြီးနေဝင်းက အဲဒီရွာသုံးရွာပါ ပေးလိုက်ပြီး သဘောတူစာချုပ်ချုပ်တဲ့အခါမှာ ဦးဇန်ထားဆင်ထံက ဘာသံမှ ထွက်မလာတော့ပါ။

(၄) ၁၉၆ဝ အောက်တိုဘာ(၁)ရက်နေ့ တရုတ်-မြန်မာနယ်နိမိတ်စာချုပ် လက်မှတ်ရေးထိုးပွဲ ပီကင်းမှာ ကျင်းပရာ အိမ်ရှင်တရုတ်အစိုးရက မြန်မာအစိုးရ ကိုယ်စားလှယ်များ စီးရန်ကားတွေကို ရာထူးဝါစဉ်အရ စီစဉ်ထားရာ ဗိုလ်ချုပ်ကြီး နေဝင်းဟာ ဝန်ကြီးချုပ်ဦးနု အတွက် ထားတဲ့ ရှေ့ဆုံးက ကားကို ခပ်တည်တည် ဝင်စီးလိုက်တဲ့အတွက် အားလုံးအံ့အားသင့်သွားကြပါတယ်။

အရှက်တကွဲမဖြစ်ရအောင် အားလုံးက အလိုက်တသိ မှားမှားကြီးနဲ့ အိန္ဒြေမပျက် ဆက်ထွက်ခဲ့ကြရတယ်ဆိုပါတယ်။

(၅) ၁၉၆၁ ဇန်နဝါရီ(၄)ရက်နေ့မှာ မြန်မာအစိုးရကနေ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းကို ပေးခဲ့တဲ့ဘွဲ့ကတော့'အဂ္ဂမဟာမေတ္တာသီရိဓရ' ဘွဲ့ဖြစ်ပါတယ်။ မာရှယ်ချင်ယီကိုတော့ ' အဂ္ဂမဟာသရေစည်သူ' ဘွဲ့ချီးမြှင့်ခဲ့ပြီး တရုတ်အစိုးရဘက်က (၁၉)ဦးကို ဘွဲ့ထူး ဂုဏ်ထူးတွေ ချီးမြှင့်ခဲ့ပါတယ်။

(၆) တရုတ်-မြန်မာ နှစ်နိုင်ငံအကြား နယ်နိမိတ်ကျောက်တိုင်ပေါင်း (၄ဝ၂) တိုင် စိုက်ထူခဲ့ရာမှာ တောင်ကမ်းပါး ကျောက်နံရံပေါ်မှာ ရေးထိုးထွင်းထုပြီး ကျောက်တိုင်အဖြစ် စိုက်ထူ သတ်မှတ်ပေးခဲ့ ရတာ တခု အပါအဝင်ဖြစ်ပါတယ်။