ရှမ်း အမျိုးသားနေ့

လူစည်ကားရာ နေရာက ရှမ်းသံစုံတီးဝိုင်း
ဓာတ်ပုံ ပုံစာ, ရှမ်းအိုးစည်နဲ့ ရှမ်းမောင်း သံစုံဝိုင်း

ဖေဖေါ်ဝါရီ ရရက်နေ့ဟာ မြန်မာနိုင်ငံ အတွက် သမိုင်းဝင် နေ့ထူးနေ့မြတ် တစ်ရက် ဖြစ်ပြီး ရှမ်းအမျိုးသားနေ့ဟု မူလက သတ်မှတ်ခဲ့ပြီး နောင်မှာ ရှမ်းပြည်နယ်နေ့လို့ ပြန်လည် ခေါ်ဝေါ် သမုတ်ခဲ့ပါတယ် ။

ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းက ရှမ်းကုန်းပြင်မြင့်သည် ရေမြေတောတောင် သာယာပြီး ရာသီဥတု ကောင်းမွန်တာကြောင့် တစ်ခါတစ်ခေါက် ရောက်ဖူးသူများ မေ့မပေျာက် နိုင်လောက်အောင် သဘာဝ အလှများနဲ့ ပြည့်စုံကြွယ်ဝတဲ့ ပြည်နယ် ဒေသ ဖြစ်ပါတယ် ။

ရှမ်းလူမျိုး တွေအပြင် ကချင် ၊ ကရင် ၊ ကယား ၊ ပအိုဝ်း ၊ လားဟူ ၊ အခါ ၊ ပလောင် ၊ ဓနု ၊ အင်းသား အစရှိတဲ့ အခြား လူမျိုးစု တိုင်းရင်းသားများ အတူတကွ ပူးပေါင်းနေထိုင်တဲ့ ဝိသေသ လက္ခဏာ ထူးခြားတဲ့ ပြည်နယ် တခုဖြစ်ပါတယ် ။

ရှမ်းအမျိုးသားနေ့ ဒါမှမဟုတ် ရှမ်းပြည်နယ်နေ့သည် နောင် မြန်မာပြည် လွတ်လပ်ရေးနဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ရရှိစေရန် ပြည်ထောင်စုနေ့လို့ ပေါက်ဖွားလာဖို့ သန္ဓေတည် ပေးခဲ့တဲ့ ၁၉၄ရ ခုနှစ် သမိုင်းဝင် ပင်လုံ ညီလာခံ အတွင်း ပေါ်ပေါက်ခဲ့တဲ့ နေ့တနေ့ ဖြစ်ပါတယ် ။

၁၉၄ရ ခုနှစ် ဖေဖော်ဝါရီ ၆ရက် ကနေ ၁၂ရက် အတွင်း ကျင်းပတဲ့ ပင်လုံညီလာခံမှာ ရှမ်းအမျိုးသား သီချင်းနဲ့ ဝါ စိမ်း နီ ရှမ်း အမျိုးသား အလံတော်ကို အသိအမှတ် ပြုခဲ့ပြီး ဖေဖော်ဝါရီ ရရက်နေ့ကို ရှမ်းအမျိုးသားနေ့ ၊ ဖေဖော်ဝါရီ ၁၂ ရက်ကို ပြည်ထောင်စုနေ့ အဖြစ် ပြဌာန်း သတ်မှတ်ခဲ့ပါတယ် ။

ပင်လုံညီလာခံကနေ မြန်မာတွေနဲ့ တိုင်းရင်းသား လူမျိုးစုတွေကြား ပထမဆုံးသော နိုင်ငံရေး ယုံကြည်မှု တည်ဆောက် နိုင်ခဲ့တာကြောင့် အင်္ဂလိပ် အစိုးရ ထံက တစ်နှစ်အတွင်း လွတ်လပ်ရေး ရရှိခဲ့ခြင်း ဖြစ်ပါတယ် ။

၁၉၄ရ ခုနှစ် ပင်လုံညီလာခံ မကျင်းပမီ ပထမ ပင်လုံညီလာခံကို ၁၉၄၆ ခုနှစ် မတ်လ ၂၆ ရက်မှာ ကျင်းပခဲ့ပြီး ရှမ်း ၊ ကချင် လူငယ်မောင်မယ် တွေက ဦးဆောင်ပြီး ရှမ်းပြည်နယ်နေ့ ပွဲတော်ရက် အတွင်း ပျော်ပွဲရွှင်ပွဲများ ကျင်းပ၍ ရှမ်းပြည်နယ်နေ့ကို ဂုဏ်ပြုကြပါတယ် ။

အခမ်းအနား တွေမှာ ရှမ်းအမျိုးသား သီချင်းကို သံပြိုင် သီဆိုပြီး ဝါစိမ်းနီ အလံတော်ကို အလေးပြု ကြပါတယ် ။

ဖေဖော်ဝါရီလ ရ ရက်နေ့ကို အရင်က ရှမ်းအမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့ကြ ပေမယ့် နောက်ပိုင်းမှာ ရှမ်းပြည်နယ်နေ့လို့ ခေါ်ဝေါ် သတ်မှတ်တာကို ပညာတတ် လူငယ် တွေကြား ဝိဝါဒ ကွဲပြားခဲ့ကြပါတယ် ။

၁၉၇၁ ခုနှစ်လောက်က ရန်ကုန်တက္ကသိုလ် ရှမ်းတိုင်းရင်းသား ကျောင်းသားများ အခမ်းအနားမှာ ရှမ်းပြည်နယ်နေ့လို့ ကျင်းပပြီး တခြား ပြင်ပ ရန်ကုန်မြို့ တနေရာတွင် ရှမ်းအမျိုးသားနေ့ဟု ကျင်းပကြပါသည် ။

ကိုယ်အယူအဆနဲ့ ကိုယ်ခိုင်လုံသော အကြောင်းပြချက်များ ရှိကြပါသည် ။

ဘယ်လိုဘဲ ဖြစ်ဖြစ် အမျိုးသားရေး စိတ်ဓါတ်နဲ့ ပြည်နယ်ချစ်သော စိတ်ဓါတ်များ အထူး နိုးကြား ကိန်းအောင်း နေကြောင်း သိသာ ထင်ရှားလှပါတယ် ။

အဲဒီ တိုင်းရင်းသား ကျောင်းသားတွေဟာ အခမ်းအနားကို နှစ်နေရာခွဲ၍ ကျင်းပပေမယ့် အခမ်းအနား ပြီးဆုံးတဲ့ အခါ စိတ်ဝမ်းကွဲပြားမှု မရှိဘဲ အတူတကွ ပြန်လည် လက်တွဲမဖြုတ် ကြတာဟာ မေ့မရနိုင်တဲ့ စည်းလုံးညီညွတ်သော ပင်လုံစိတ်ဓါတ်လို့ မှတ်ယူရပါလိမ့်မယ် ။

ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်း နေထိုင်သူ တိုင်းရင်းသားများ အားလုံး ချစ်ခင် စည်းလုံးဖို့ ဆိုသည်မှာ တစ်ဦးနဲ့ တစ်ဦး တန်ဖိုးထား လေးစားရန် ၊ အချင်းချင်း ပိုမို သိနားလည်ရန် ၊ တန်းတူ အခွင့်အရေးများ ရရှိရန် ဆိုတဲ့ အခြေခံ လွတ်လပ်ခွင့်တွေ အပေါ် မူတည်ပါတယ် ။

ဒါကြောင့် ၁၉၄ရ ခုနှစ် ရှမ်းပြည်နယ်နေ့ အဖြစ် စတင် ကတည်းက ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များ မျှော်မှန်း ချမှတ်ခဲ့သော အခြေခံ လွတ်လပ်ခွင့် သဘောတရားများကို တန်ဖိုးထားပြီး လေးစား လိုက်နာသင့် ပါသည် ။

ဒါမှသာ ပြည်ထောင်စုကြီး အဓွန့်ရှည်ပြီး ကမ္ဘာ့အလည်တွင် မြန်မာနိုင်ငံ ထည်ဝါဝင့်ကြွားစွာ ရပ်တည် နိုင်ပါလိမ့်မယ် ။