ကချင်လူထုဖိုရမ်ကနေ ကိုယ်စားလှယ် ၃ ဦးရွေး

ဓာတ်ပုံ ရင်းမြစ်, AFP Getty
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံညီလာခံမှာ ကချင်လူထုရဲ့ အသံကို တင်ပြနိုင်ဖို့ဆိုပြီး 'ကချင်တိုင်းရင်းသားများဆိုင်ရာ လူထုဖိုရမ်'ကို မြစ်ကြီးနားမြို့မှာ ဇူလိုင် ၈ ရက်ကစလို့ ၂ ရက်ကြာ ကျင်းပခဲ့ပါတယ်။
အဲဒီဖိုရမ်ကနေ ၂၁ရာစု ပင်လုံညီလာခံကို တက်ရောက်ဖို့ အတွက် ကချင်မျိုးနွယ်စု ကိုယ်စားလှယ်တွေကိုလည်း ရွေးချယ်ခဲ့ပါတယ်။
ကချင်မျိုးနွယ်စုကြီး ၆ စုဖြစ်တဲ့ ဂျိန်းဖော၊ ရဝမ်၊ လီဆူ၊ လော်ဝေါ်၊ လချိတ်၊ ဇိုင်ဝါးရဲ့ ကချင်စာပေနဲ့ ရိုးရာယဉ်ကျေးမှု ကော်မတီတွေက တဆင့် မျိုးနွယ်စု တစုကို ကိုယ်စားလှယ် ၆ဝ ဖိတ်ကြားပြီး အဲဒီထဲကမှ ကိုယ်စားလှယ်၂ ဦးစီကို ပြန်ရွေးချယ်တယ်လို့ ဂျိန်းဖော ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရတဲ့ ဒေါက်တာ M ကောန်လက ပြောပါတယ်။
မျိုးနွယ်စုတွေရဲ့ ကိုယ်စားလှယ် ၁၂ ဦးထဲကနေ ၃ ဦးကို ထပ်ရွေးချယ်ပြီး အဲဒီ ၃ ဦးက ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ဖို့ လုပ်သွားမယ်လို့ ဒေါက်တာ M ကောန်လက ပြောပါတယ်။
အဲဒီ အရွေးခံရတဲ့ ၃ ဦးကတော့ လီဆူ၊ ရဝမ် နဲ့ ဂျိန်းဖော မျိုးနွယ်စုတွေက ဖြစ်ပါတယ်။
ကိုယ်စားလှယ်တွေဟာ ငြိမ်းချမ်းရေးညီလာခံမှာ ဖက်ဒရယ်ပြည်ထောင်စုကိစ္စအပါအဝင် ကချင်လူထုရဲ့ ဆန္ဒတွေကို တင်သွင်းသွားမယ်လို့ ဒေါက်တာ M ကောန်လက ပြောပါတယ်။




