အမေရိကန် လူကုန်ကူးမှု အစီရင်ခံစာကို မြန်မာ တုံ့ပြန်

အမေရိကန်နိုင်ငံခြားရေး ဌာနက ထုတ်ပြန်လိုက်တဲ့ ၂၀၁၆ခုနှစ် လူကုန်ကူးမှု ဆိုင်ရာ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို လူကုန်ကူးမှု မတိုက်ဖျက်နိုင်တဲ့ အဆိုးဝါးဆုံး စောင့်ကြည့်စာရင်း အဆင့်၂ကနေ စောင့်ကြည့်စာရင်း အဆင့် ၃ကို လျှော့ချလိုက်ပါတယ်။
အခုလို စောင့်ကြည့်စာရင်း အဆင့်၃ကို အလျှော့ခံခဲ့ရတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက တုန့်ပြန် ကြေညာချက် ထုတ်ပြန်လိုက်ပြီး ဒီမိုကရေစီ အစိုးရသစ်အနေနဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ၊ လူကုန်ကူး ခံရသူတွေနဲ့ အဓမ္မ စေခိုင်းခံရသူတွေကို ကာကွယ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေချိန်မျိုးမှာ အခုလို အဆင့်လျှော့ချ ခံခဲ့ရတဲ့အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ အနေနဲ့ အဆင့်(၂) စောင့်ကြည့် စာရင်း နဲ့ ပြည့်မီ ပေမယ့် လွန်ခဲ့တဲ့ လေးနှစ်ဆက်တိုက် အဆင့်(၂)မှာပဲ ဆက်လက် ရှိနေခဲ့တဲ့ အတွက် အဆင့်(၃) ကို အမေရိကန်က ပြောင်းလဲ သတ်မှတ် လိုက်တာလို့ နားလည်ကြောင်းနဲ့ အဆင့်(၃) စာရင်းဝင် နိုင်ငံတွေ အပေါ် ကန့်သတ်ချက်တွေကြောင့် မြန်မာနဲ့ အမေရိကန် အကြား ပူးပေါင်း ဆောင်ရွက်ချက်တွေကို မထိခိုက် စေဖို့ မျှော်လင့်ကြောင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဌာနက ထုတ်ပြန်တဲ့ အဲဒီ အစီရင်ခံစာထဲမှာ ထိုင်းနိုင်ငံကိုတော့ အဆိုးဝါးဆုံး စောင့်ကြည့်စာရင်း အဆင့်၃ကနေ အဆင့်၂ကို တိုးမြှင့် ဖေါ်ပြခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ ပင်လယ်စာ ကုန်ထုတ်လုပ်ငန်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပျံ့နှံ့ ဖြစ်ပွားနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ပေါ်ထွက်နေတဲ့ ကြားက အခုလို အဆင့် တိုးမြှင့် ဖေါ်ပြခဲ့တာပါ။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry ကတော့ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရေးနဲ့ ဆက်နွယ် ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။
အမေရိကန် အစိုးရ ထုတ်ပြန်လိုက်တဲ့ လူကုန်ကူးမှု မတိုက်ဖျက်နိုင်တဲ့ အဆိုးဝါးဆုံး နိုင်ငံတွေ စာရင်းထဲမှာ ဥဇဘက်ခစ္စတန်၊ ဂျီဘုတီ၊ ဟေတီ၊ ပါပွာ နယူးဂီနီ၊ ဆူဒန်၊ ဆူရီနမ်း နဲ့ တူခ်မန်နစ္စတန် စတဲ့ နိုင်ငံတွေလည်း ပါဝင်ပါတယ်။
အမေရိကန် က ထုတ်ပြန်တဲ့ လူကုန်ကူးမှု အစီရင်ခံစာ မှာ ပါရှိတဲ့ အကြံပြုချက် တွေကို အလေးအနက်ထား စဉ်းစားပြီး လူကုန်ကူးမှု ကိစ္စရပ်တွေကို နိုင်ငံတကာ နဲ့ ပူးပေါင်းပြီး အားသွန်ခွန်စိုက် ဖြေရှင်း သွားမယ်လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပါရှိပါတယ်။








