မူးယစ်ဆေးထုတ်လုပ်မှုနဲ့ ဖမ်းဆီးမှုများလာ

ဒီနှစ်ပိုင်းတွေအတွင်း မူးယစ်ဆေး ဖမ်းဆီးမှုတွေ ပိုများလာသလို မူးယစ်ဆေး ထုတ်လုပ်မှုတွေလည်း ပိုများလာတယ်လို့ ဒုတိယရဲမှူးကြီးတစ်ဦးက ပြောပါတယ်။
ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့မှာ ဒုတိယရဲမှူးကြီး ကျော်ကျော်မင်းက ပြောပါတယ်။
ထုတ်လုပ်မှုအပိုင်းမှာ နှစ်ပိုင်းရှိပြီး စိုက်ပျိုးထုတ်လုပ်မှုအပိုင်းမှာ ပိုများသလို စိတ်ကြွဆေး ထုတ်လုပ်မှုလည်း ပိုများလာတယ်လို့ သူက ပြောပါတယ်။
ထုတ်လုပ်မှုများသလို အစိုးရဘက်ကလည်း ဖမ်းဆီးမှုတွေ ပိုလုပ်လာနိုင်တယ်လို့ ရဲမှူးကြီး ကျော်ကျော်မင်းက ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံမှာလည်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး တွေကို ဖျက်ဆီး မီးရှို့တာတွေ လုပ်ခဲ့ပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါး ဒေါ်လာ ၁၉ သန်းကျော်ဖိုးကိုတော့ လှိုင်သာယာအဝေးပြေးကွင်းမှာ ဖျက်ဆီးမီးရှို့ခဲ့ပါတယ်။
တစ်ဖက်မှာ ဖမ်းဆီးမှုတွေ များပေမယ့် ထိထိရောက်ရောက်နှိမ်နှင်းဖို့ဆိုရင် မြန်မာပြည်တွင်းမှာ တရားဥပဒေစိုးမိုးမှုနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ လိုတယ်လို့ ရှမ်းပြည်မူးယစ်ဆေးအခြေအနေကို စောင့်ကြည့်လေ့လာနေတဲ့ ရှမ်းသံတော်ဆင့်က အယ်ဒီတာ စိုင်းမိဏ်းက သုံးသပ်ပါတယ်။
နောက်ပြီး စိတ်ကြွဆေးတွေက ပြည်တွင်းမှာ စျေးနှုန်းချိုလာသလို အလွယ်တကူ ရနိုင်လာတာတွေကြောင့် ပိုမိုသုံးစွဲလာတဲ့ အန္တရာယ်ကလည်း ပိုဆိုးလာတယ်လို့ သူက ပြောပါတယ်။




